တစ်နိုင်ငံလုံးစစ်ပွဲရပ်တန့်ရေး ဘာသာပေါင်းစုံပါဝင် ဆုတောင်း

သတင်းနှင့်မီဒီယာကွန်ရက်။
အောက်တိုဘာလ ၂၂ ရက်နေ့၊ ၂၀၁၆ ခုနှစ်။

မြန်မာနိုင်ငံတဝှမ်းလုံးတွင် ဖြစ်ပွားနေသည့် ပြည်တွင်းစစ်ပွဲများရပ်တန့်ရေးနှင့် ငြိမ်းချမ်းရေး အတွက် ကချင်ပြည် နယ်အတွင်း နေထိုင်ကြသည့် လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ စုပေါင်းပြီး ယနေ့ နံနက်တွင် မြစ်ကြီးနားမြို့၌ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် လမ်းလျှောက်ဆုတောင်းသည့် အစီအစဉ် တစ်ရပ် ပြုလုပ်ခဲ့သည်။

အောက်တိုဘာလ ၂၂ ရက်နေ့တွင် ပြုလုပ်သည့် ငြိမ်းချမ်းစွာ စီတန်းလှည့် ဆုတောင်းခြင်း အစီအစဉ် တွင် ယခင် ပြုလုပ်ခဲ့သည့် အစီအစဉ်များနှင့် မတူဘဲ ကချင်ပြည်နယ် အတွင်း မှီတင်း နေထိုင်ကြသည့် ကချင် ၆ မျိုး၊ ရှမ်းမျိုးနွယ်စုများ၊ ဂေါ်ရခါး၊ တရုတ်၊ ဗမာလူမျိုးများ နှင့် အစ္စလာမ် ဘာသာဝင်များ ပါဝင်ပြီး ယခင်က ထက် ပိုပြီးကျယ်ပြန့်လာတဲ့ အခြေအနေရှိတယ်လို့ ပွဲဖြစ်မြောက်ရေးကော်မတီ ဦးဂျော်ဆန်းနော် မှ ပြောသည်။

“အရင်တုန်းကအနေအထားကတော့ ကျနော်တို့ ဘာပဲဖြစ်ဖြစ် ကချင်ဒေသမှာ ဖြစ်တဲ့အခါ ကျတော့ ကချင်တွေ ကပဲကမကထလုပ်ပြီးတော့ စည်းလုံးပြီးမှ ဒါ ဦးဆောင်တဲ့ အနေအထားပေါ့နောဒီတစ်ခါမှာတော့ အားလုံးက ဦး ဆောင်ပြီးတော့မှ အားလုံးက ပါဝင်ပြီးတော့မှ အားလုံးကပဲနည်းလမ်းသစ်တွေ ရှာပြီးတော့မှ အားလုံးတွန်းပြီးမှ ဒါ သွားနိုင်တဲ့ အနေအထားမှာအားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှုတော့ ဒီတစ်ခါတော့ ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ရရှိတဲ့ အနေအထားဖြစ်ပါတယ်။” ဟု ဦးဂျော်ဆန်းနော် က ပြောသည်။

ကချင်ပြည်နယ်တွင်း တိုက်ပွဲများ တကျော့ပြန် ဖြစ်ပွားခဲ့သည်မှာ အချိန်ကြာမြင့်လာသည်နှင့် အမျှ ကျန်းမာရေး၊ ပညာရေး၊ စားဝတ်နေရေး စသည့် အခန်းကဏ္ဍများတွင် နိမ့်ကျလာပြီး စစ်ပွဲများကြောင့် စစ်ရှောင်ဒုက္ခသည် လူဦးရေ တစ်နှစ်ထက်တစ်နှစ် တိုးပွားလာသောကြောင့် ကချင်ပြည်နယ်အတွင်း သာမက မြန်မာနိုင်ငံတဝှမ်းလုံး တွင် တည်ငြိမ်၊ ငြိမ်းချမ်းစေချင်သည့်အတွက်ကြောင့် ယခုအစီအစဉ်တွင် ပါဝင်ရခြင်းဖြစ်တယ်လို့ ဂေါ်ရခါး အမျိုးသမီး တစ်ဦးမှ ပြောသည်။

“ကျနော်တို့ တိုင်းရင်းသူတိုင်းရင်းသား အားလုံး လူသားတွေက စစ်ဖြစ်တဲ့ဟာကို တည်ငြိမ် ငြိမ်းချမ်းစေချင်လို့ ပေါ့ နော။ အားလုံးက စစ်ဖြစ်နေတဲ့ဟာကို အားလုံး ငြိမ်းငြိမ်းချမ်းချမ်း နေချင်လို့ သာသာယာယာ အားလုံးက လူသား ဖြစ်တဲ့ဟာကို ဘယ်သူမှလည်း ဒုက္ခမရောက်စေချင်ဘူး။ လူမျိုးမရွေးဘာသာမရွေး အားလုံး အေးအေးချမ်းချမ်း နေချင်လို့ပါ ” ဟု ဂေါ်ရခါး အမျိုးသမီး တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံအတွင်း အစိုးရတပ်မတော်မှ တိုင်းရင်းသားဒေသများသို့ နယ်မြေရှင်းလင်းရေး ခေါင်းစဉ်များဖြင့် နယ် မြေချဲ့လာသောကြောင့် အစိုးရတပ်မတော် နှင့် တိုင်းရင်းသား လက်နက်ကိုင်များကြား စစ်ပွဲများ ပြင်းထန်လာရ ခြင်း ဖြစ်ကြောင်း (ကချင်ဒီမိုကရက်တစ်ပါတီ) KDP ပါတီ ဥက္ကဌ ဦးကွမ်ဂေါင်အောင်ခမ်း က သူ့အမြင်ကို ယခု လိုပြောသည်။

“ကျနော်အနေနဲ့မြင်တာကတော့ စစ်တပ်ကတော့ မဟာဗမာလူမျိုးကြီးဝါဒကို သူကတော့ ဆက်လက်ကိုင်စွဲဖို့ နံပါတစ်အချက်အနေနဲ့ သူကတော့ လုပ်ဖို့ပဲလက်ရှိနံပါနှစ်ကတော့ ဒီနယ်မြေစိုးမိုးဖို့ပေါ့ နယ်မြေစိုးမိုးဖို့ကိုသူက လိုချင်တယ် ဘာလို့လည်းဆိုတော့ နယ်မြေစိုးမိုးမှု လိုချင်တဲ့နေရာမှာ သူကအပေါ်စီးကနေ ငြိမ်းချမ်းရေးကို ဆွေး နွေးချင်တဲ့အပိုင်းဖြစ်တယ်။ ပြီးမှ စစ်တိုက်မှလည်းစစ်တပ်ကအလုပ်ရှိတယ်ဆိုတဲ့ပုံစံမျိုးသူတို့ စစ်တပ် အထဲမှာ အမြင်သွင်းပုံပေါ်ချင်တယ်။ ဒါပြီးမှ အကျိုးအမြတ်ကိစ္စတွေလည်းရှိမှာအဲဒါကြောင့်ဖြစ်တယ်” ဟု ဦးကွမ်ဂေါင် အောင်ခမ်း က ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ခေါ် ၂၁ ရာစု ပင်လုံညီလာခံ ပထမအကျော့ပြီးနောက် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် နှင့် ကရင်ပြည်နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး နယ်မြေ မငြိမ်မသက် အနေအထား ဖြစ်နေ သည်။

အဆိုပါ တိုက်ပွဲများ ရပ်တန့်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးတို့ အတွက် မြန်မာနိုင်ငံအနှံ့ ဆန္ဒထုတ်ဖော်မှုများ ဆက် တိုက် ပြုလုပ်လျှက် ရှိသည်။

အလားတူ အောက်တိုဘာလ အတွင်း ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် ပြည် တွင်း တိုက်ပွဲများ ရပ်တန့်ရေး၊ ထိုးစစ်များ လျော့ချရေးတို့အတွက် မြန်မာနိုင်ငံ အတွင်းရှိ ပြည်သူများ နှင့် ပြည် ပရောက် မြန်မာ တိုင်းရင်းသားများ အားလုံး ဆန္ဒထုတ်ဖော် ခဲ့ကြသည်။