ပလောင်ဒေသ တိုက်ပွဲများကြောင့် ဝမ်းစာရှာဖွေလုပ်ကိုင်ရေး အခက်ကြုံနေရ

သတင်းနှင့်မီဒီယာကွန်ရက်။
နိုဝင်ဘာလ ၀၈ ရက်နေ့၊ ၂၀၁၆ ခုနှစ်။

မြန်မာ့တပ်မတော်နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော်တို့ကြား တိုက်ပွဲများကြောင့် ဒေသခံပြည်သူများ သွားလာလုပ်ကိုင် စားသောက်ရန် အခက်အခဲများဖြင့် ကြုံတွေ့နေရသည် ဟုသိရသည်။

တိုက်ပွဲများကြောင့် ဒေသခံပြည်သူများအနေဖြင့် မိမိတို့ စိုက်ပျိုးထားသည့် စိုက်ခင်းများသို့ သွားလာရန် ခက်ခဲလာခြင်း၊ ရိက္ခာအတွက် မြို့တက်ဈေးဝယ်သွားရန် ခက်လာခြင်း၊ စပါးရိတ် သိမ်းရန် အချိန်ကျရောက်လာပြီ ဖြစ်သော်လည်း စပါးရိတ်သိမ်းရန် အတွက် မသွားရဲ မလာရဲ သည့် အခြေအနေများနှင့် ကြုံနေရသည် ဟု သိရသည်။

“နမ့်စန်မှာ အဓိကကတော့ဗျား လက်ဖက်စိုက်ခင်းပေါ့ဗျား လက်ဖက်စိုက်ခင်းမှာကျတော့ ရာသီတော့ ကုန်ခါနီးဖြစ်ပေမဲ့ ခြံရှင်းတဲ့ အပိုင်းလေးတွေ ထင်းတွေစုတဲ့ အပိုင်းလေးတွေ ခြံ ပေါက်တဲ့အပိုင်းလေးတွေ အဲဒါဟာကတော့ အခုဆိုရင် တော်တော်လေးကိုတော့ မထွက်ရဲ ဘူးဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ တိုက်ပွဲက ကြိုကြားကြိုကြား ဖြစ်နေတဲ့ အခါကျ တော့ ရွာထဲအနားတစ်ဝိုက်မှာပဲရှိနေတယ်။ ဒေသခံ မိဘပြည်သူတွေ အတွက်တော့ နည်း နည်းတော့ အခက်အခဲရှိပါတယ်။ နည်းနည်းတော့ ထိတ်လန့်တဲ့အပိုင်းတော့ ရှိတာပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ ဒေသ မအေးချမ်းတာ။ အခုတော့ စားဝတ်နေရေးတော့ ဒီ နမ့်စန်မှာ တော့ နည်းနည်းတော့ အခက်အခဲတော့ ရှိပါတယ်။” ဟု ရှမ်းပြည်နယ် မြောက်ပိုင်း မန်တုံ မြို့နယ် မဲဆန္ဒနယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော် မှဆိုသည်။

ပထမအကြိမ် ကျင်းပသော ၂၁ ရာစု ပင်လုံညီလာခံပြီး နောက်ပိုင်း မြန်မာ့တပ်မတော်နှင့် တ အာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) တို့ကြား တိုက်ပွဲများ ဆက် တိုက်ဆိုသလို ပြင်းထန်စွာ ဖြစ်ပွားလာခဲ့ပြီး အောက်တိုဘာလ၂၉ ရက်မှ ယခုအချိန်ထိ တိုက်ပွဲ အကြိမ်ရေ ၂၀ ကျော်ဖြစ်ပွားခဲ့သည်ဟုသိရသည်။

အောက်တိုဘာလကုန်ပိုင်း မှ စတင်ကာ ယနေ့အချိန်အထိ မြန်မာ့တပ်မတော်မှ အများပြည်သူ သွားလာရာလမ်းများ၊ ကျေးရွာနဲ့ ကျေးရွာပတ်ဝန်းကျင်များသို့ လက်နက်ကြီးများဖြင့် ပစ်ခတ် မှုများရှိပြီး၊ ဒေသခံပြည်သူများ အနေဖြင့် ၎င်းတို့ စိုက်ပျိုးထားသည့် စိုက်ခင်းများသို့ မသွားရဲပဲ ရှိနေသည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော် မှဆိုသည်။

တိုက်ပွဲဖြစ်ပွားရသည့်အကြောင်းအရင်းနဲ့ပတ်သက်ပြီး “အဓိက က ထိုးစစ်ပေါ့ ထိုးစစ်တွေ မရှိ လို့ရှိရင်တော့ တိုက်ပွဲတွေ ဖြစ်စရာအကြောင်းတော့မရှိဘူး ကျနော်တို့က သူတို့ ရှိတဲ့ နေရာ သွားပစ်တာမဟုတ်ဘူး ကျနော်တို့ လှုပ်ရှားတဲ့နေရာကို သူတို့လာပြီးတော့ တိုက်ပွဲ ဖြစ်တာပဲ” ဗိုလ်မှူးမိုင်းအိုက်ကျော်မှ ပြောသည်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) သည် ယခုလအတွင်း မြန်မာ့ တပ်မတော်အပြင် ရှမ်းပြည်တပ်မတော် တောင်ပိုင်း ( RCSS/SSA)အဖွဲ့ နှင့်လည်း တိုက်ပွဲများ ဖြစ်ပွားနေသည်။

ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF အဖွဲ့သည် လွန်ခဲ့သည့် ၂၀၁၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့တွင် ပြည်တောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒု ဥက္ကဌ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့်အဖွဲ့နှင့် PSLF အဖွဲ့မှ ဒု ဗိုလ်မှူးကြီး တာ့ဘုန်းကျော် ခေါင်းဆောင်သည့် အဖွဲ့တို့ ပထမဆုံးအကြိမ် မူဆယ်မြို့မှာ တွေ့ဆုံခဲ့ပြီးနောက်ပိုင်း ငြိမ်းချမ်းရေးအတွက် ထပ်မံတွေ့ဆုံ ဆွေးနွေးနိုင်ခြင်းမရှိပဲ ဖြစ်နေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ ဖြစ်သည်။

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF အဖွဲ့ကို ၁၉၉၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA ကို ၂၀၀၉ တွင်ပြန်လည်ဖွဲ့စည်းခဲ့သည်။ ထို့နောက် ပလောင်ဒေသပြန်လည်စိုးမိုးရေးနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ဖြစ်သည်။