မုံးကိုးမြို့တွင် သတင်းထောက်များအား ကူညီခဲ့သူ နှစ်ဦး ပျောက်ဆုံး
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၁၆ ခုနှစ်။ ဒီဇင်ဘာလ ၂၆ ရက်။
သတင်းထောက်များအား လိုက်လံကူညီပေးခဲ့သည့် ရှမ်းပြည်နယ် မြောက်ပိုင်း မုံးကိုးမြို့ရှိ နှစ်ခြင်း ခရစ် ယာန်ဓမ္မဆရာတစ်ဦးနှင့် သင်းထောက် ဓမ္မအမှုတော်ဆောင် တစ်ဦးအား မည့်သည့်အဖွဲ့မှ ခေါ်ဆောင် သွားသည်ကို မသိရှိရပဲ ပျောက်ဆုံးနေသည်ဟု သိရသည်။
မုံးကိုး ဗျူဟာကုန်းအနီးတွင် ပျောက်ဆုံးနေသည့် နှစ်ခြင်း ခရစ်ယာန်ဓမ္မဆရာနှင့် သင်းထောက် နှစ်ဦးမှာ ဦးလန်းဂျော်ဂမ်ဆိုင်းနှင့် ဦးဒွမ်ဒေါ့နောင်လတ် ဖြစ်ပြီး ၎င်းတို့ နှစ်ဦးသည် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၇ ရက် နေ့တွင် မုံးကိုးဒေသသို့ ရောက်ရှိလာသည့် သတင်းထောက်များအား လမ်းပြပို့ဆောင် ကူညီပေးခဲ့သူ ဖြစ်သည်ဟု သိရသည်။
ဒီဇင်ဘာလ ၂၄ ရက်နေ့ စနေနေ့ ညနေပိုင်း အချိန်တွင် မုံးကိုး ဗျူဟာကုန်း တပ်စခန်းသို့ သွားမည်ဟု အဆိုပါ ဓမ္မအမှုတော်ဆောင်ဆရာနှင့် သင်းထောက်တို့မှ ဗျူဟာကုန်းအသွား လမ်းတွင် ၎င်းတို့၏ မိတ်ဆွေများအား ပြောဆိုခဲ့ပြီးနောက် ပျောက်ဆုံးနေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
“ဘယ်သူခေါ်သွားတာလဲ အတိအကျမသိသေးဘူး။ စနေနေ့ညနေ ၄ နာရီခွဲနဲ့ ညနေ ၅ နာရီ ကြား လောက်မှာ ရွာကိုဖြတ်သွားတာ သူ့မိတ်ဆွေတွေ လမ်းမှာတွေ့လိုက်တော့ ဘယ်သွားကြမလဲ။အခုမိုး ချုပ်ခါနီးပြီဆို မေးလိုက်တော့ သူတို့ နှစ်ယောက် ဗျူဟာမှာ လူဖမ်းထားတာ သွားရွေးတာ သွားကယ် တာပဲလို့ပဲ ပြောတယ်တဲ့ ဗျူဟာကို သွားတယ်လို့ပဲ ပြောတယ်တဲ့ သူတို့နှစ်ယောက်လည်း ခပ်မြန်မြန်နဲ့ သွားကြတယ်တဲ့” ဟု မုံးကိုး ဒေသခံတစ်ဦးက ပြောသည်။
ပျောက်ဆုံးနေသည့် နှစ်ခြင်းခရစ်ယာန်ဓမ္မဆရာနှင့် သင်းထောက်ဆရာ နှစ်ဦးမှာ မုံးကိုးမြို့ရှိ ကချင်နှစ် ခြင်းခရစ်ယာန်အသင်းတော်မှ အမှုတော်ဆောင်များဖြစ်ပြီး မုံးကိုး ကချင်နှစ်ခြင်းခရစ်ယာန် အသင်း တော်သည် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ၏ လက်အောက်ရှိ အသင်းတော် တစ်ပါးဖြစ် သည်။
သို့သော် ယခုအချိန်အထိ နှစ်ခြင်းခရစ်ယာန် ဓမ္မဆရာနှင့် သင်းထောက်ဆရာ နှစ်ဦးတို့သည် မည့်သည့် နေရာသို့ ရောက်ရှိနေသည်ကို မိမိတို့ အနေဖြင့် မသိရှိရကြောင်း၊ မုံးကိုးဗျူဟာကုန်းအား မေးမြန်း စုံစမ်းမှုများ ပြုလုပ်သော်လည်း ဗျူဟာကုန်းမှ ပျောက်ဆုံးနေသည့် နှစ်ခြင်းခရစ်ယာန် ဓမ္မဆရာနှင့် သင်းထောက်ဆရာတို့ ရောက်ရှိလာခြင်းမရှိကြောင်း၊ မသိရှိရကြောင်းသာ ပြန်လည်ပြောကြားခဲ့သည် ဟု ၎င်းမုံးကိုး ဒေသခံမှ ဆက်ပြောပြသည်။
“အခုအခြေအနေက စုံစမ်းနေတုန်းပဲ အခုဆက်ပြီးတော့ ဗျူဟာကို ပြန်မေးပေးဖို့ ဖောင်းဆိုင် ပြည်သူ့ စစ် ခေါင်းဆောင်ကိုလည်း ပြောထားတယ်။ မုံးကိုးပြည်သူစစ် ခေါင်းဆောင်းကိုလည်း ပြောထားတယ်။ ဒါပေမဲ့ ဖောင်းဆိုင်ပြည်သူ့စစ် ဆမ်ဆီကို မေးမြန်းကြည့်တော့ သူမေးကြည့်တော့ မလာဘူး။ ကျနော် တို့မသိဘူး။ အဲလိုပဲ ပြောတယ်တဲ့” ဟု မုံးကိုးဒေသခံမှ ပြောသည်။
မိမိတို့အနေဖြင့် ပျောက်ဆုံးနေသူများအား မည်ကဲ့သို့ စုံစမ်းရမည်ကိုမသိတော့ကြောင်း၊ ယခုကဲ့သို့ စုံစမ်းမရသည်ကို အံ့သြမိကြောင်း ပျောက်ဆုံးနေသာ အဆိုပါ ခရစ်ယာန်အမှုတော်ဆောင် နှစ်ဦးအတွက် လွန်စွာ စိတ်ပူနေမိကြောင်း ဒေသခံများကဆိုသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း မုံးကိုးမြို့သည် ပြီးခဲ့သည် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် မြောက်ပိုင်းမဟာ မိတ်အဖွဲ့ဝင်များ ဖြစ်သော ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရက္ခိုင့်တပ်မတော် (AA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်(MNDAA)နဲ့ မြန်မာ့တပ်မတော်တို့ ကြားတိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည့် ဒေသဖြစ်သည်။