၂၁ ရာစုပင်လုံညီလာခံတက်ရောက်ရန် KIO မဆုံးဖြတ်ရသေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
ဖေဖေါ်ဝါရီလ ၉ ရက်နေ့။ ၂၀၁၇ ခုနှစ်။

ဒုတိယအကြိမ် ကျင်းပမည့် ၂၁ ရာစုပင်လုံ ညီလာခံ တက်ရောက်ရန် ကျင်းပရေး ကော်မတီ မှ အထူး ဖိတ်ကြားသူ အနေဖြင့် ဖိတ်ကြားပါက မိမိတို့အနေဖြင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင် ဖြစ်သည့် အတွက် UNFC ၏ လမ်းကြောင်းအတိုင်း သွားမည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ ပြောသည်။

ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး မိမိတို့ အား တစ်စုံတစ်ရာ ဖိတ်ကြားခြင်းမရှိသေးဟု ကချင်လွတ်လပ်ရေးအဖွဲ့၏ သတင်း နှင့် ပြန်ကြားရေး တာဝန်ခံ ဒု-ဗိုလ်မှူးကြီးနော်ဘူ မှ ပြောသည်။

“အခုထက်ထိတော့ မရှိသေးပါဘူး။ အဲဒါကိစ္စကတော့ အခုလောလောဆယ်ကတော့ ကျနော်တို့ KIO အနေနဲ့က ဘာမှဆုံးဖြတ် ထားတာမရှိဘူး။ ကျနော်တို့ ဆုံးဖြတ်ထားတာကတော့ UNFC အဖွဲ့ဝင်တွေ ဖြစ်တဲ့အတွက် UNFC ရဲ့ လမ်းကြောင်းအတိုင်းပဲ ကျနော်တို့ သွားဖို့ ဖြစ်ပါတယ် အဲဒါပဲရှိပါတယ်။” ဟု ဒု-ဗိုလ်မှူးကြီးနော်ဘူ မှပြောသည်။

ဒုတိယအကြိမ် ကျင်းပမည့် ၂၁ရာစုပင်လုံ ညီလာခံသို့ လေ့လာသူအနေဖြင့် ဖိတ်ကြားလာမည် ဆိုပါက UNFC အနေဖြင့် တက်ရောက်မည် မဟုတ်ကြောင်း UNFC ၏ ဒု-ဥက္ကဌ နိုင်ဟံသာမှ ဇန်နဝါရီလ ၂၄ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်ကျင်းပသည့် UNFC ၏ အရေးအပေါ် အစည်းအဝေးအပြီးတွင် သတင်းထောက်များအား ပြောသည်။

ပထမအကြိမ်ကျင်းပသည့် ၂၁ ရာစုပင်လုံညီလာခံကဲ့သို့ ယခုတစ်ကြိမ်တွင်လည်း တိုင်းရင်းသား လက် နက် အဖွဲ့အစည်းများအား ခွဲခြား၍ ဖိတ်ကြားမည်ဆိုပါက စစ်မှန်သည့် ငြိမ်းချမ်းရေး ရရှိနိုင်မည် မဟုတ်ဟု ဒု-ဗိုလ်မှူးကြီး နော်ဘူမှ ဆက်ပြောသည်။

“စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဆိုတာကတော့ ဘယ်လိုပြောမလဲ မသက်ရောက်ဘူးလို့ ကျနော် အဲလိုပဲ မြင်ပါတယ်။ သဘောကတော့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ပြည့်စုံတဲ့ ငြိမ်းချမ်းရေးတော့ မထ မြောက်ဘူးလို့ ပြောလိုတာပါ ဒါကတော့။” ဟု ဒု-ဗိုလ်မှူးကြီး နော်ဘူမှ ပြောသည်။

ယခုကျင်းပမည့် ဒုတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံတွင် ပထမအကြိမ် ညီလာခံကျင်းပစဉ် က တက်ရောက်ထားသည့် NCA လက်မှတ် မရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ အား အထူးဖိတ်ကြားသူများအဖြင့် ဖိတ်ကြားမည်ဟုသိရသည်။

သို့သော် မြန်မာပြည် မြောက်ပိုင်း မဟာမိတ်အဖွဲ့အား ဖိတ်ကြားရန် မပါလောက်ဘူးဟု ချင်း အမျိုးသား တပ်ဦး၏ အဓိပတိကောင်စီဝင် ဒေါက်တာဆလိုင်းလျန်းမှုန်းဆာခေါင်းမှ မဇ္ဈိမသတင်းဌာနသို့ ဖြေကြား ထားသည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံ ဒုတိယအကျော့တွင် တိုင်းရင်း သား တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်း အားလုံး မပါဝင်နိုင်သည့်အတွက် မြန်မာနိုင်ငံ၏ အဓိ က ပြဿနာဖြစ်သည့် ပြည်တွင်းစစ် ပြဿနာ၊ ပြည်တွင်းငြိမ်းချမ်းရေး အတွက် တိကျသည့် အဖြေ တစ်စုံတစ်ရာ မရနိုင်ကြောင်း တအာင်း(ပလောင်) အမျိုးသား လွတ် မြောက်ရေး တပ်မတော် PSLF/ TNLA အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော် က ပြောသည်။

“အဲမှာ ၂၁ ရာစုပင်လုံမှာ တက်မယ့် အဖွဲ့ (၈) ဖွဲ့ရယ် ကျန်တဲ့ လူတွေရယ် သူတို့ တကယ် လက် တွေ့ကျကျ ကိုယ်စားပြုပြီး ဆုံးဖြတ်နိုင်မလဲ သူတို့ ဘာတွေ လုပ်နိုင်မလဲ ကျနော်တို့ မေးစရာရှိပါ တယ်။ သူတို့ ဆုံးဖြတ်တဲ့ဟာရော တကယ် ဘယ်အတိုင်းအထိ ဘယ်လောက်ထိ လိုက်နာနိုင်မလဲ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေက အခုလက်မှတ်ထိုးထားတဲ့ (၈) ဖွဲ့ နဲ့ ကျနော်တို့ အခု တိုက် ပွဲ ဖြစ်နေတဲ့ အဖွဲ့တွေနဲ့ ပြန်ယှဉ်ကြည့်လိုက်ပါ။ ဆိုတော့ ပြသာနာ တကယ် ဖြေရှင်းနိုင်မဲ့ အင်အားစု အကုန်လုံးပါရဲ့လား။ ဒါကြောင့်မို့လို့ ကျနော်တို့ ပြောနေတာ က ဒေါ်အောင်ဆန်းစုကြည် အခုဆောင် ရွက်နေတဲ့ဟာ လက်တွေ့မကျဘူး။ အားလုံး ပါဝင်ခွင့် ရှိ မှသာလျှင် တကယ် ဒီကိစ္စကို ဆောင်ရွက်မှ သာလျှင် ဒါက ပြသာနာကို ဖြေရှင်းနိုင်မယ်လို့ ကျနော် ပြောတာဖြစ်ပါတယ်။”

ပထမအကြိမ် ၂၁ ရာစုပင်လုံညီလာခံကို ၂၀၁၆ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့မှ စက်တင်ဘာ လ ၄ ရက်နေ့အထိ ၅ ရက်တာ ကျင်းပခဲ့ပြီး ထိုညီလာခံတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချူပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် (၈)ဖွဲ့နှင့် လက်မှတ်မရေးထိုးရသေးသည့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ၊ မွန်ပြည်သစ်ပါတီ၊ ရှမ်းပြည်တိုး တက်ရေးပါတီ၊ ကချင်လွတ်မြောက်ရေးအဖွဲ့၊ “ဝ”ပြည် သွေး စည်းညီ ညွှတ်ရေးပါတီ တို့ တက်ရောက် ခဲ့ကြသည်။