စစ်ဘေးဒုက္ခသည်များအား ဆက်လက်ကူညီသွားမည်ဟု ပြော

သတင်းနှင့်မီဒီယာ ကွန်ရက်။
ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့၊ ၂၀၁၇ ခုနှစ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ဖေဖော်ဝါရီလ (၉) ရက်နေ့တွင် ရောက်ရှိနေသည့် ဗြိတိန် သံအမတ် Andrew Parick နှင့် အမေရိကန် သံအမတ် Scot Maciel နှင့် အဖွဲ့ဝင်တို့သည် မြစ်ကြီးးနားမြို့ရှိ အရပ်ဖက်လူမှုအဖွဲ့ အစည်းများ၊ ဘာသာရေးအဖွဲ့အစည်းများ၊ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့များနှင့် တွေ့ဆုံကာ ငြိမ်းချမ်းရေး၊ ဒုက္ခသည်အရေးများကို ဆွေးနွေးခဲ့သည် ဟု သိရသည်။

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ထွက်ပြေးတိန်းရှောင်နေရသည့် စစ်ရှောင် ဒုက္ခသည်များ၏ လိုအပ်ချက်များကို ဆက်လက်ကူညီသွားမည်ဖြစ်ကြောင်း ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် (KBC) နှင့် တွေ့ဆုံစဉ်ပြောဆိုခဲ့သည်ဟု (KBC) မှ အထွေထွေ အတွင်းရေးမှူး သိက္ခာတော် ရ ဆရာတော် ဒေါက်တာခါလမ်ဆမ်ဆွန် က ပြောသည်။

“သူတို့က ဒီ ဒုက္ခသည်တွေရဲ့ လိုအပ်မှုကိုတော့ အမြဲတမ်းကူညီမယ်လို့တော့ သူတို့ ပြောသွားပါတယ်။ ကူညီတဲ့ အစီအစဉ်ကို ဆက်လက်ပြီးတော့မှ လုပ်ဆောင်သွားမယ်လို့ ပြောတယ်အဲဒါ။ သူတို့ကတော့ ဒီလို ဒုက္ခတွေ ရှိနေစဲကြောင့်မို့လို့ မြန်မာပြည်ကြီး အမြန် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင် စုစနစ်ကို အမြန် ဆောင်ရွက်ရမယ်လို့ သူတို့ အဲလိုတော့ပြောပါတယ်။” ဒေါက်တာခါလမ်ဆမ်ဆွန် က ပြောသည်။

သို့သော် လက်ရှိ အနေအထားတွင် ကချင်စစ်ရှောင် ဒုက္ခသည်များ ရိက္ခာဖြတ်တောက်ခံနေရသည့် အနေအထားနှင့် ကြုံတွေ့နေရကြောင်း၊ စစ်ဘေးရှောင်စခန်းများသို့ ရိက္ခာသွားရောက်ပံ့ပိုးစဉ် အစိုးရ အာဏာပိုင်များဘက်မှ လုံခြုံရေးအကြောင်းပြပြီး ပိတ်ပင်သည့်ကိစ္စများကြုံနေရကြောင်း ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်မှ တင်ပြဆွေးနွေးခဲ့သည်ဟု ဒေါက်တာခါလမ်ဆမ်ဆွန် က ပြောသည်။

အလားတူ ဗြိတိန် သံအမတ် Andrew Parick နှင့် အမေရိကန် သံအမတ် Scot Maciel နှင့် အဖွဲ့ဝင်တို့ သည် ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) နှင့် တွေ့ဆုံစဉ် ကချင်ပြည်နယ်အတွင်း ဖြစ်ပွား နေသည့် တိုက်ပွဲများနှင့် ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို တင်ပြ အကြံပေးသွားမည်ဖြစ် ကြောင်း ပြောဆိုခဲ့သည်ဟု PCG မှ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးဆမ်အောင် က ပြောသည်။

“တိုက်ပွဲတွေနဲ့ သူတို့က တင်ပြပေးမယ်ပေါ့။ တိုက်ပွဲတွေက အခုက တိုက်ပွဲကြောင့်ပဲ ငြိမ်းချမ်းရေး ဖြစ် စဉ်က ယုံကြည်မှုက ပျက်ပြားသွားတာက ဒီတိုက်ပွဲကြောင့်ပဲဖြစ်တာ တိုက်ပွဲက ဆက်ရှိနေတယ် ဆိုရင် တော့ ဒါ ငြိမ်းချမ်းရေး ဆက်တိုးနိုင်စရာ အကြောင်းမရှိဘူးဆိုတာကို လူထုက တင်ပြကြတာပေါ့။ သူတို့ ကလည်း အဲဒါ စစ်ပွဲတွေ မဖြစ်အောင် သူတို့ကလည်း ပြောပေးမယ် အကြံပေးပေးမယ် ဆိုတာလောက် တော့ ပြောဖြစ်ပါတယ်။ သူတို့က ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အမြဲတမ်း ထောက်ခံနေမယ် အကြောင်း၊ လို အပ်တဲ့ အကူအညီပေး မယ်ဆိုတာပဲ သူတို့က ပြောပါတယ်။” ဟု ဦးဆမ်အောင် က ပြောသည်။

လက်ရှိသွားနေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ ကချင်လူထုအနေဖြင့် ပင်လုံကို အခြေ ခံသည့် ငြိမ်းချမ်းရေးကိုသာ လိုလားပြီး တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို အခြေခံသည့် ငြိမ်းချမ်းရေးကို မလိုလားကြောင်း ဆွေးနွေးခဲ့သည်ဟု သိရသည်။

ထို့အပြင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ မကြာမှီအချိန်တွင် ကချင်ပြည်နယ်သို့လာရောက်မည့် ခရီး စဉ်အား ပံ့ပိုးကူညီပေးကြရန်လည်း ပြောဆိုခဲ့သည်ဟု ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) မှ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ ခါလမ်ဆမ်ဆွန် က ပြောသည်။

အမေရိကန်နှင့် ဗြိတိန်နိုင်ငံတို့ အနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ် အပေါ် အမြဲတမ်း ရပ်တည် ပြီး ထောက်ခံသွားမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။

သံအမတ်များနှင့် တွေ့ဆုံစဉ် အချိန်အကန့်အသတ်ရှိနေသည့်အတွက် ကချင်အရပ်ဘက် လူမှုအဖွဲ့ အစည်းများ အနေဖြင့် ကချင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် တိုက်ပွဲများ၊ ငြိမ်းချမ်းရေးကိစ္စများ၊ လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများနှင့် ပတ်သက်၍ ထိထိရောက်ရောက် မတင်ပြနိုင်ခဲ့ဘူးဟုလည်း တွေ့ဆုံဆွေးနွေးပွဲ တက်ရောက်သူများက ပြောသည်။

ယခုခရီးစဉ်အတွင်း ဗြိတိန် သံအမတ် Andrew Parick နှင့် အမေရိကန် သံအမတ် Scot Maciel နှင့် အဖွဲ့ဝင်တို့သည် မြောက်ပိုင်းတိုင်း တိုင်းမှူးနှင့်လည်း ဖေဖော်ဝါရီလ (၁၀) ရက်နေ့ နံနက်ပိုင်းက တွေ့ဆုံခဲ့သည် ဟု သိရသည်။

ဗြိတိန် သံအမတ် Andrew Parick နှင့် အမေရိကန် သံအမတ် Scot Maciel နဲ့ အဖွဲ့ဝင်တို့သည် ဖေဖော်ဝါရီလ (၉) ရက်နေ့နှင့် (၁၀) ရက်နေ့တို့တွင် မြစ်ကြီးနားမြို့ရှိ ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေသည့် UN အဖွဲ့ဝင်များ၊ အရပ်ဖက်လူမှုအဖွဲ့ အစည်း CSO အဖွဲ့များ၊ ဘာသာရေးအဖွဲအစည်းများ၊ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖွဲ့များအား တွေ့ဆုံခဲ့ခြင်းဖြစ်သည်။