ဖက်ဒရယ် အခြေခံမူများအပါအဝင် ကဏ္ဍကြီး သုံးရပ်အား
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များသို့ တင်ပြအတည်ပြုချက်ရယူမည်။

သတင်းနှင့် မီဒီယာ ကွန်ရက်။
ဧပြီလ ၂ ရက်နေ့၊ ၂၀၁၇ ခုနှစ်။

တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ ယခင်နှစ် မိုင်ဂျာယန် အစည်းအဝေးမှာ တာဝန်ပေးခဲ့သော ကဏ္ဍကြီး သုံးရပ်ဖြစ်သည့် ပင်လုံလက်စွဲစာအုပ်၊ ဖက်ဒရယ် အခြေခံမှုများနဲ့ လုံခြုံရေးဆိုင်ရာ စာတမ်း ကိစ္စတွေအပေါ် နောက်ဆုံး ပြင်ဆင်ထားချက်တွေကို မကြာခင်မှာ လက်နက်ကိုင် အဖွဲ့အစည်း ၁၅ ဖွဲ့ကို တင်ပြအတည်ပြုချက် ရယူနိုင်ဖို့ ဒီကနေ့မှာ နိုင်ငံရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN က လုပ်ငန်းညှိုနှိုင်း အစည်း အဝေး ကျင်းပခဲ့တယ်လို့ အဖွဲ့ ခေါင်းဆောင် ခူးဦးရယ် မှ ပြောသည်။

ဒီ ပင်လုံလက်စွဲ ၊ နောက်တခုကတော့ ဖက်ဒရယ်အခြေခံမူများ၊ နောက် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များစာတမ်း ဒါတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ အတူတကွ ထိုင် သုံးသပ်မယ်၊ အတည်ပြုမယ်၊ ဘာကြောင့်လည်းဆိုရင် အမှန်ကတော့ အရင်က မိုင်ဂျာယန် လိုမျိုး စုံညီ အစည်းအဝေး တခုမှာ ကျနော်တို့ ပြန်လုပ်ဖို့ ဖြစ်တယ် ဒါပေမယ့် လောလောဆယ် အခြေအနေမှာ အဲ့လိုပြန်လုပ်နိုင်ဖို့ အခြေအနေ မရှိသေးဘူး၊ အဲ့ဒါကြောင့်မိုလို့ ကျနော်တို့ ထိပ်သီးခေါင်းဆောင်တွေလောက်ပဲ အရင်စုပြီးတော့ ကျနော်တို့သဘောထား တခုခု ချမှတ်နိုင်ဖို့အတွက် ရည်ရွယ်ပြီး လုပ်မှာ ဖြစ်ပါတယ်။

အခုပြင်ဆင်ထားချက်တွေကို ဧပြီလ လယ်ပိုင်းမှာ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ၁၅ ဖွဲ့မှ ထိပ်သီးခေါင်းဆောင်များတွေ့ဆုံပြီး အတည်ပြုဖို့ ရှိသည်ဟုလည်း ခူးဦးရယ်က ဒီကနေ့ ချင်းမိုင်မှာ ကျင်းပသည့် DPN အစည်းအဝေး အပြီးမှာ သတင်းနှင့် မီဒီယာ ကွန်ရက်ကို ပြောသည်။

တချိန်တည်းမှာပင် ငြိမ်းချမ်းရေး ကော်မရှင်နှင့် တွေ့ဆုံဆွေးနွေးပြီး မူအားဖြင့်သဘောတူညီမှု ရလာသည့် အဆိုပြုချက် ၉ ချက်ကို ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင် တစ်ဖွဲ့ချင်းစီ ၏ သဘောထားတုန့်ပြန်ချက်တွေကို UNFC ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကို တင်ပြဖို့လည်း ပြင်ဆင်မှုတွေ လုပ်ခဲ့သည်ဟု ခူးဦးရယ် မှ ပြောသည်။

မနက်ဖြန် ဧပြီလ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာကျင်းပမည့် UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ ဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးမှာတော့ အဲဒီ အချက်တွေကို တင်ပြသွားမည် ဖြစ်ပါသည်။

နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့ DPN အဖွဲ့သည် အစိုးရနှင့် တစ်နိုင်ငံ လုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချူပ် NCA လက်မှတ်မရေးထိုးကြရသေးသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်များနှင့် ငြိမ်းချမ်း ရေးနှင့် နိုင်ငံရေး ဆွေးနွေးမှု ဖြစ်ပေါ်ရန်အတွက် ဖွဲ့စည်းထားသည့် အဖွဲ့တစ်ဖွဲ့ ဖြစ်သည်။

နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့တွင် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့KIO၊ ရှမ်းပြည်တိုးတက်ရေးပါတီSSPP၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP၊ မွန်ပြည်သစ်ပါတီ NMSP၊ ရခိုင်ပြည် အမျိုးသားကောင်စီ ANC ၊ လားဟူဒီမိုကရက် တစ် အစည်းအရုံး LDU ၊ ၀ အမျိုးသားအဖွဲ့ချူပ် WNO အဖွဲ့ဝင် ခေါင်းဆောင်များ ပါဝင်သည်။