ပင်လုံစာချုပ် အသိအမှတ်မပြုက ပြည်ထောင်စု မရှိနိုင်ကြောင်း ကချင် အတိုင်ပင်ခံပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
ဧပြီလ ၄ ရက်နေ့၊ ၂၀၁၇ ခုနှစ်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပင်လုံစာချုပ်အား ပစ်ပယ်မည် ဆိုပါက မြန်မာနိုင်ငံအား ပင်လုံ စာချုပ် မချုပ်ဆိုမီ အနေအထားသို့ တွန်းပို့စေမည်ဟု ကချင်အမျိုးသားများ အတိုင်ပင်ခံအဖွဲ့ မှ ပြောဆိုလိုက်သည်။
“၁၉၄၇ ပင်လုံစာချုပ်က အဓိကက ကျနော်တို့ မြန်မာနိုင်ငံ ပြည်ထောင်စု ဖြစ်လာတာက အဲဒါကြောင့် ဖြစ်လာတာ။ ဒါကို ကျနော်တို့ သမိုင်းကို မေ့ပျောက်မယ် မျက်ကွယ်ပြုမယ်ဆိုရင်တော့ ဒါက ပင်လုံ စာချုပ် မချုပ်မီ အခြေအနေကို ကျနော်တို့ကို တွန်းပို့စေတယ်လို့ ကျနော်တို့ အဲလိုခံယူတယ်လေ။ အဲ ဖက် ကို ဦးတည်စေတယ်လို့ ကျနော်တို့ ခံယူတယ်။ ဟု ကချင် အမျိုးသားများ အတိုင်ပင်ခံအဖွဲ့၏ အတွင်းရေးမှူး ဦးလဘန်ဂမ်အောင် မှ ပြောသည်။ သူကပဲ ဆက်ပြီး “ဘာဖြစ်လို့လဲဆိုတော့ အကုန်လုံးက ဗိုလ်ချုပ်အောင် ဆန်းရယ် တိုင်းရင်းသား ခေါင်းဆောင်တွေ ရှမ်းခေါင်းဆောင်တွေ၊ ချင်းခေါင်းဆောင်တွေ၊ ကချင်ခေါင်း ဆောင်တွေက ဆိုးတူကောင်းတူ ကျနော်တို့က ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး ဖြစ် ပေါ်လာတယ် ဆိုတဲ့ သမိုင်းကို ကျနော်တို့ ဘာပဲဖြစ်ဖြစ် ဖျောက်ဖျက်လို့တော့ မရဘူး။”
ပြီးခဲ့သည့် မတ်လ (၂၈) ရက်နေ့က ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ Palm Spring Hotel တွင် နိုင်ငံ တော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကချင်လူထုကိုယ်စားပြု ခေါင်းဆောင်များ တွေ့ ဆုံရာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပဂ္ဂိုလ်မှ ပင်လုံစာချုပ် ချုပ်ဆိုရာတွင် တိုင်းရင်းသား အားလုံး မပါ ဝင်သည့်အတွက် ပင်လုံစာချုပ်အား ပုံသေကိုင်စွဲ၍ မရဟု ပြောဆိုခဲ့သည်။
မတ်လ (၃) ရက်နေ့ ယမန်နေ့ကလည်း ကချင်အမျိုးသားများ အတိုင်ပင်ခံအဖွဲ့ မှ နိုင်ငံတော်၏ အတိုင် ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည့်အပေါ် သဘောထား ထုတ်ပြန်ရာတွင် ထုတ်ပြန်ချက် ထဲ၌ ပြည်ထောင်စု မြန်မာနိုင်ငံသည် ၁၉၄၇ ခုနှစ်တွင် ပင်လုံစာချုပ်ကြောင့် ဖြစ်ပေါ်လာရသည့် အ တွက်ကြောင့် ပင်လုံစာချုပ်ကို အခြေခံသည့် ဖက်ဒရယ် ပြည်ထောင်စု နှင့် ပတ်သက်သော ဆွေးနွေးမှုသည် တိုင်းရင်းသား လူမျိုးများ အားလုံးအတွက် အကျုံးဝင်သည်ဟု ထည့်သွင်း ဖော်ပြထားသည်။
အလားတူ ပင်လုံစာချုပ်တွင် တိုင်းရင်းသားလူမျိုးများ အားလုံးမပါဝင်ဟု ပြောဆိုမှု အပေါ် ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီ အဖွဲ့ချုပ် တွဲဖက် အထွေထွေ အတွင်းရေးမှူး(၂) စိုင်းကျော်ညွှန့် က ယခုလိုပြော သည်။
“လူမျိုးမစုံဘူးလို့ ပြောရအောင်လည်း ဒါက ဒီ ဗမာပြည်မမှာက မွန်၊ ကရင်၊ ရခိုင်ရယ်ပေါ့လေ၊ ဒါက ဗမာ ပြည်မထဲမှာ နဂိုကတည်းက ပါဝင်ပြီးသားဖြစ်တယ်။ ဘာဖြစ်လို့ လဲဆိုတော့ မွန်၊ ကရင်၊ ရခိုင် အဲဒီအချိန်မှာ ဗမာကို စစ်ရူံးထားတယ်။ အမှန်အတိုင်းပြောရရင် သူတို့က ဗမာပြည်မရဲ့ ကိုလိုနီနယ်တွေ ဖြစ်နေတယ်။ ဒီ အန္တလန်တိတ်ချာတာ အရဆိုရင် သူတို့လည်း သူတို့ ကိုလိုနီနယ်တွေကို စွှန့်လွှတ်ရမှာ ရခိုင်ကိုလည်း လွှတ်ပေးလိုက် မွန်ကိုလည်း သီးသန့်လွှတ်ပေးလိုက် ကရင်ကိုလည်း သီးသန့်လွှတ်ပေး လိုက်ရမယ်။ အဲဒီအဆင့်တောင် မလုပ်ခဲ့ပါဘူး။ လွတ်လပ်ရေးပေးလိုက်လေ ၁၉၄၇ ကတည်းက အဲဒါတွေတော့ ပြောစရာရှိတယ်ပေါ့လေ။ ပြောမယ်ဆိုရင်တော့ အဲတော့ ဗမာပြည်မကို ကိုယ်စားပြုတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အစိုးရအဖွဲ့တွေရဲ့ အခြားခေါင်းဆောင်များဆို တာကိုက ခုနက ပြောတဲ့ ဒီ ဗမာပြည်မ အောက်မှာပေါက်နေတဲ့ တိုင်းရင်းသားတွေ အားလုံးပါဝင် ပြီးသားဖြစ်တယ်” ဟု စိုင်းကျော်ညွှန့်က ပြောသည်။
ထို့ကြောင့် မွန်၊ ကရင်နှင့် ရခိုင်မပါဘူးဟု ပြောနေသူများမှာ စာမဖတ်သည့် ပင်လုံစာချုပ်ကို သေချာနား မလည်သည့်၊ သမိုင်းကို နားမလည်သည့် သူများသာ ဖြစ်သည်ဟု စိုင်းကျော်ညွှန့် က ပြောသည်။
၁၉၄၇ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ် ကို ပစ်ပယ်မည်ဆိုပါက ပင်လုံစာချုပ် ချုပ်ဆိုခဲ့စဉ်က ပါဝင်ခဲ့သည့် တိုင်းရင်းသားများနှင့် ကချင်တိုင်း ရင်းသားများမှာ စိတ်ချမ်းသာမည် မဟုတ်သည့်အပြင် သမိုင်းဝင် ပင်လုံစာချုပ်ကို တန်ဖိုးမထားရာ ရောက်သည်ဟု ကချင် အမျိုးသားများ အတိုင်ပင်ခံအဖွဲ့ မှ ပြောသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ယခုကဲ့သို့ ပြောဆိုခဲ့သည့်အပေါ် ဦးလ ဘန်ဂမ်အောင်က သူ့အမြင်ကို ယခုလိုပြောသည်။
“ကျနော်တို့အမြင်ပေါ့ ဒီဟာကတော့ တခြား ကရင်တွေ၊ မွန်တွေ၊ ရခိုင်တွေ၊ တစ်ခြားတိုင်းရင်းသား တွေ မပါဘူးလို့ ဆိုလိုတာလို့ ကျနော်တို့က မြင်တယ်လေ။ ဘာပဲဖြစ်ဖြစ် ကျနော်တို့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်သွားလို့ရှိရင် ဒီပင်လုံစာချုပ်က အားလုံးအတွက် အကျုံးဝင်တယ်လို့ ကျနော်တို့ မြင်တယ် လေ။ ဘာဖြစ်လို့လဲဆိုတော့ ပြည်ထောင်စု မြန်မာနိုင်ငံ ဖက်ဒရယ် ပြည်ထောင်စုဆိုတာ ပင်လုံစာချုပ်မှာ လည်း ပါခဲ့ပြီလေ။” ဟု ဦးလဘန်ဂမ်အောင် မှ ပြောသည်။
၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့ ရှမ်းပြည်နယ် ပင်လုံမြို့တွင် ဗိုလ်ချုပ် အောင်ဆန်းနှင့် တိုင်း ရင်းသား ခေါင်းဆောင်များ လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်ပါ ကတိကဝတ် များအား နိုင်ငံတော် အစိုးရ အဆက်ဆက်မှ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း မရှိသည့်အတွက် တိုင်းရင်း သားများ အနေဖြင့် မိမိတို့၏ လွတ်လပ်မှု၊ တန်းတူညီမျှမှု အတွက် လက်နက်စွဲကိုင် တော်လှန်ခဲ့သည်မှာ ယနေ့ အချိန်ထိပင်ဖြစ်သည်။