စစ်တပ်က အာဏာ ချုပ်ကိုင်ထားဆဲဖြစ်ကြောင်း ALP ကြေညာချက်ထုတ်ပြန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
ဧပြီလ ၁၀ ရက်၊ ၂၀၁၇ ခုနှစ်။

လက်ရှိ အခြေအနေသည် နိုင်ငံတော်၏ အဓိက အာဏာများမှာ စစ်တပ်လက်ထဲတွင် ရှိနေဆဲဖြစ်သည်ဟု  ရခိုင်ပြည် လွတ်မြောက် ရေးပါတီ ALP အဖွဲ့က နှစ် ၅၀ ပြည့် ရွှေရတု နေ့တွင် ထုတ်ပြန် လိုက်သည်။

၂၀၀၈ ဖွဲ့စည်းပုံအရ ပြည်ထဲရေးဌာန၊ ကာကွယ်ရေးဌာနနှင့် နယ်စပ်ရေးရာ ဌာနတို့ကို တပ်မတော် အနေဖြင့် ယူထားခြင်းဖြင့် နိုင်ငံတော်အာဏာများကို ချုပ်ကိုင်ထားခြင်းဖြစ်သည်ဟု (ALP) ပါတီ ဒု-ဥက္ကဌ ( ၂ ) ခိုင်စိုးနိုင်အောင် က ပြောသည်။

“၂၀၀၈ ဖွဲ့စည်းပုံက ပြည်သူ့ဆန္ဒနဲ့ ရွေးကောက် အတည်ပြုထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်တယ်၊ မှား သည်ဖြစ်စေ မှန်သည်ဖြစ်စေ၊ အဲ့ဒီ အပေါ်မှာအခြေခံပြီးတော့ တဖက်ကလည်း အဲ့ဒါ တပ်မတော်နဲ့ လုပ်ဆောင် နေတာ ဖြစ်တယ်။ အဲ့ဒါလည်း ဒီမိုကရေစီ ပြောလို့ရတယ် စစ်မှန်သည် ဖြစ်စေ မစစ်မှန်သည်ဖြစ်စေ။ စစ်မှန် တယ်ဆိုတာကို ကျနော် မဆိုလိုဘူး။ အဲ့ဒီအပေါ်မှာ ဒီမိုကရေစီအရ အာဏာသိမ်းထားတယ်လို့ ပြောတာဖြစ် တယ်။” ဟု ခိုင်စိုးနိုင်အောင် က ပြောသည်။ “စစ်တပ်ဆိုတာက တကယ်ပြောမယ်ဆိုလို့ရှိရင် ဒီမိုကရေစီ လက်ခံတာ မဟုတ်ဘူး၊ ဒါပေမယ့်လို့ NLD အစိုးရက ဒီမိုကရေစီကို ကျင့်သုံးတဲ့အပေါ်မှာ အဲ့ဒီ အပေါ်မှာ လိုက်လျှောပြီးတော့ NLD အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်နေတာ ရှိတယ်။ အဲ့ဒါကို အာဏာသိမ်းထားတယ်လို့ ဆိုတာ။” ဟု သူက ဆက်ပြောသည်။

ရခိုင်ပြည်သူလူထုအနေဖြင့် အမျိုးသားရေး တော်လှန်ရေး တိုက်ပွဲကြီးကို သတိကြီးစွာဖြင့် အဆက်အစပ်ရှိရှိ ကြိုးဖမ်းဖို့လိုသည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ယင်းမှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လမ်းကြောင်းအတိုင်း ပူးပေါင်း ဆောင်ရွက်ရန် ဆိုလိုခြင်းဖြစ်သည်ဟု ခိုင်စိုးနိုင်အောင် က ပြောသည်။

“အဲ့ဒီ NCA လမ်းကြောင်းပါအတိုင်း အစိုးရနဲ့ တပ်မတော်နဲ့ အဲ့ဒီလမ်းကြောင်းအတိုင်း ပူးပေါင်း ဆောင်ရွက်ဖို့လိုတယ် အဲ့ဒီအပေါ်မှာ နိုင်ငံတကာဖိအား နဲ့ ပြည်သူ့ဖိအားကို ပေါင်းစပ်ပြီးတော့ လုပ်ခြင်းအားဖြင့် ကျနော်တို့ လိုချင်တဲ့အရာ နီးစပ်မှု ရှိလာနိုင်တယ်။ အဲ့ဒါ ကို ဆိုလိုခြင်းဖြစ်တယ်”

ALP အနေဖြင့် အဖိနှိပ်ခံ တော်လှန်ရေး အင်အားစုများနှင့် ဆက်လက် လက်တွဲသွားမှာဖြစ်ပြီး ရခိုင်အမျိုးသား ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြသည့် ပါတီခေါင်းဆောင်များ၊ အရာရှိ အရာခံ အကြပ် တပ်သားများကို အလေး အနက် ဂုဏ်ပြုကြောင်း ဧပြီလ (၉) ရက်နေ့တွင် ထုတ်ပြန်သည့် ALP နှစ် (၅၀) ပြည့် ထုတ်ပြန်ကြေညာချက်ထဲ တွင် ဖော်ပြ ထားသည်။

အဆိုပါ ALP ၏ နှစ် (၅၀) ပြည့် အခမ်းအနားများကို ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် မြန်မာနိုင်ငံ၊ မြောက်ဦးမြို့ ဟောင်းတို့တွင် အသီးသီး အခမ်းအနား ကျင်းပခဲ့ကြသည်။

ရခိုင် ပြည် လွတ်မြောက်ရေး ပါတီ (ALP) က ရွှေရတု ကျင်းပနေချိန်တွင် ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်တွင် အခြေစိုက်ထားသော ရခိုင့်တပ်မတော် (AA) ကလည်း ၈ နှစ်မြောက် တပ်မတော်နေ့ကို ဧပြီ (၁၀) ရက်နေ့တွင် ကျင်းပလျက်ရှိသည်။

ALP ပါတီက NCA စာချုပ်ကို လက်မှတ်ရေးထိုးထားပြီး ရခိုင် အမျိုးသား ကောင်စီ (ANC) နှင့် ရခိုင့်တပ်မတော် (AA) အဖွဲ့များမှာ NCA လက်မှတ်ရေးထိုးထားခြင်း မရှိသေးပေ။ မြန်မာ့တပ်မတော်က AA အဖွဲ့ကို MNDAA ကိုးကန့် အဖွဲ့ နှင့် တအားဝ် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ကဲ့သို့ပင် လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်မှ NCA လက်မှတ်ရေးထိုးရေး ဆွေးနွေးမည်ဟု ပြောဆိုထားသည်။