ပင်လုံလက်စွဲစာတမ်းသည် ကိုးကားရမည့် စာတမ်းတစ်ခု

သတင်းနှင့် မီဒီယာ ကွန်ရက်။
ဧပြီလ ၁၁ ရက်၊ ၂၀၁၇ ခုနှစ်။

တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးက အတည်ပြုလိုက်သော ပင်လုံလက်စွဲစာတမ်းသည် အားလုံးကိုးကားရမည့် စာတမ်းဖြစ်သည်ဟု အစည်းအဝေး တွင် ပါဝင်ခဲ့သော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ဥက္ကဌ ရဲဘော် သံခဲက ပြောသည်။

“တိုင်းပြည်အတွက် အင်မတန်မှအရေးကြီးတဲ့ ပင်လုံနဲ့ ဆိုင်တဲ့ကိစ္စ၊ အဲ့တော့ ပင်လုံစိတ်ဓါတ် ၊ ပင်လုံ သဘောတူညီချက်၊ ပင်လုံစာချုပ်၊ ဒီအပေါ်မှာ အမြင်တွေကို ညှိနှိုင်းပြီးတဲ့အခါကြတော့မှ ကျနော်တို့ ဒီနေ့ ဆွေးနွေးပွဲမှာ အားလုံးက ကိုးကားရမယ်ဆိုတဲ့ စာတမ်း တစ်ခုအနေနဲ့ အားလုံး သဘောတူ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။”

ပင်လုံစာချုပ်နှင့် ပင်လုံစိတ်ဓါတ်ကို အခြေခံပြီး တိုင်းပြည်ကို တည်ဆောက်သွားကြရန် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို တက် ရောက်လာသူများက သဘောတူခဲ့ကြသည်။

“ဒီအပေါ် မှာ ပင်လုံစိတ်ဓါတ်နဲ့ အတူ ပင်လုံ သဘောတူညီချက်တွေအတိုင်း တိုင်းပြည်ကို အတူတကွ ပြန်လည် တည်ဆောက်မယ်၊ နောက်ပြီးတဲ့ အခါကြတော့ သဘောတူညီချက်တွေ တိုင်းရင်းသားတွေ ကြားထဲမှာ တန်းတူရည်တူ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်ကို တည်ဆောက်မယ်ဆိုတဲ့ ကျနော်တို့ ယူဆချက်တွေဟာ အားလုံးရဲ့ စုစည်းချက်တွေလို့ ပြောရင်ဖြစ်ပါတယ်”

မတ်လ (၂၈) ရက်နေ့က ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ Palm Spring Hotel တွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကချင်လူထုကိုယ်စားပြု ခေါင်းဆောင်များ တွေ့ဆုံရာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပဂ္ဂိုလ်က ပင်လုံစာချုပ် ချုပ်ဆိုရာတွင် တိုင်းရင်းသား အားလုံး မပါဝင်သည့်အတွက် ပင်လုံစာချုပ်အား ပုံသေကိုင်စွဲ၍ မရဟု ပြောဆိုခဲ့သည်။ ထိုပြောဆိုချက်ကို တိုင်းရင်းသား အဖွဲ့များက ပယ်ချခဲ့ကြသည်။

ပင်လုံလက်စွဲ စာတမ်းကို ဧပြီလ ၈ ရက်နေ့မှ ၉ ရက်နေ့အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ၂ ရက်ကြာ ကျင်းပ ပြုလုပ်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးတွင် အတည်ပြု ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

ယင်းအစည်းအဝေးတွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ရေးထိုးထားသော အဖွဲ့များနှင့် လက်မှတ် မရေးထိုးရသေးသော တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများပါ တက်ရောက်ခဲ့ကြသည်။

တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ ကိုင်စွဲမည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရာတွင်အခြေခံရမည့် လမ်းညွှန်အခြေခံမူများ နှင့် ပင်လုံလက်စွဲစာတမ်းတို့ကို အတည်ပြုနိုင်ခဲ့ သည်။

ထို့အပြင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးမူ ဝါဒဆိုင်ရာ ကိစ္စရပ်များ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရန်ပုံ ငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (JCB) ဆိုင်ရာကိစ္စရပ်များ၊ ကြားကာလအစီအစဉ်များဆိုင်ရာမူဝါဒနှင့် အစီအစဉ်များ ရေးဆွဲသွားနိုင်ရေးအတွက် ပူးတွဲအလုပ်အဖွဲ့များ ဖွဲ့စည်းသွားရန်စသည့် ကိစ္စရပ်များအပေါ် သဘောတူဆုံးဖြတ်ခဲ့ကြသည်။

မကြာမီ ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ သို့မဟုတ် (၂၁) ရာစု ပင်လုံ ဒုတိယအစည်းအဝေးတွင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများအားလုံး တန်းတူ ရည်တူ ဂုဏ်သိက္ခာရှိစွာဖြင့် ပါဝင်တက်ရောက်နိုင်ရေး အတွက် အားလုံးအတူတကွ ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ထိပ်သီး ခေါင်းဆောင်များ၏ အစည်းအဝေး ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်း ဖော်ပြထားသည်။

တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို တိုင်းရင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း (၁၄) ဖွဲ့မှ ခေါင်းဆောင်ကိုယ်စားလှယ်စုစုပေါင်း (၆၂) ဦး တက်ရောက်ခဲ့ကြပါသည်