မြောက်ပိုင်း မဟာမိတ်နှင့် အစိုးရ တွေ့ဆုံပွဲ မဖြစ်မြောက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
ဧပြီလ ၁၄ ရက်၊ ၂၀၁၇ ခုနှစ်။
တရုတ်နိုင်ငံကူမင်းမြို့တွင် ဧပြီ ၁၂ ရက်က မြန်မာပြည်မြောက်ပိုင်း မဟာမိတ်အဖွဲ့နှင့် တွေ့ဆုံရန် စီစဉ်ထားသော်လည်း အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်က သြင်္ကန်ကာလအတွင်း မအားလပ်ဆိုကာ ပြန်သွားသည့်အတွက် တွေ့ဆုံပွဲ ပျက်သွားခဲ့သည်။
မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင် ၃ ဖွဲ့ဖြစ်သည့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA၊ ရက္ခိုင့်တပ်မတော် ULA/AA အဖွဲ့ နဲ့ မြန်မာ့အမျိုးသား ဒီမိုကရေစီ မ ဟာမိတ် တပ်မတော် MNTJP/MNDAA အဖွဲ့တို့မှာ အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့နှင့် တွေ့ဆုံရန် တရုတ်အစိုးရ အကူအညီဖြင့် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်ဟု တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA ၏ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော် က ပြော သည်။
“မစ္စတာ ဆွန်ကော့ချန်းက ကျနော်တို့ အဖွဲ့ သုံးဖွဲ့ကို တွေ့ချင်တယ်ဆိုလို့ ညှိပေးတယ်။ ကျနော် တို့လည်းရတယ် တွေ့မယ်ဆို ကျနော်တို့က ၁၂ ရက်နေ့ ကျနော်တို့ ချိန်းထားပါတယ်။ ၁၁ လာ မယ့် ၁၂ ရက်နေ့မှာ တွေ့မယ်ပေါ့။ ဒါပေမယ့်လည်း မနေ့က ၁၁ ရက်နေ့မှာပဲ ဒေါက်တာ တင်မျိုး ဝင်းတို့က သူတို့ သြင်္ကန်ကာလမို့လို့ မအားဘူး ပြန်ဖို့ လိုတယ်ဆိုပြီးပြန်သွားတယ် မတွေ့ဖြစ်ဘူး။”
ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်သည့် အစိုးရငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့မှ မြောက်ပိုင်း မဟာ မိတ်အဖွဲ့ဝင် ၃ ဖွဲ့အား တွေ့ဆုံရန် တရုတ်နိုင်ငံ၏ အာရှရေးရာ အထူးသံတမန် မစ္စတာ ဆွန်ကော့ ချန်း (Mr.Sun Guoxiang) မှ တစ်ဆင့် ဆက်သွယ်ခဲ့ခြင်း ဖြစ်သည်။
အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့ နှင့် မြောက်ပိုင်း မဟာမိတ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးနိုင်ရန် ရက် သတ္တတစ်ပတ်ခန့် ကြိုတင်ညှိနှိုင်းထားခဲ့ခြင်းဖြစ်သည်ဟု ဗိုလ်မှူးချုပ် တားဘုန်းကျော်က ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ အစိုးရငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့မှ တာဝန်ရှိသူများကို ဆက်သွယ် မေးမြန်းခဲ့ရာ ဆယ်သွယ်၍ မရခဲ့ပါ။
သြင်္ကန်ပြီးမှသာ တွေ့ဆုံဆွေးနွေးနိုင်ရန် ကြိုးစားသွားမည် ဟု တွေ့ဆုံပွဲ ဖြစ်မြောက်နိုင်ရန် ကြားဝင်ညှိနှိုင်း ဆောင်ရွက် ပေးသည့် တရုတ်နိုင်ငံက အာရှရေးရာ အထူးသံတမန် မစ္စတာ ဆွန်းကော့ချန်းမှ အကြောင်းကြား ပြောဆိုလာသည်ဟု ဗိုလ်မှူးချုပ် တား ဘုန်းကျော်က ဆက်ပြောသည်။
ယခင်နှစ် နှစ်ကုန်ပိုင်းတွင်လည်း အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့မှ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA၊ ရက္ခိုင့်တပ်မတော် ULA/AA အဖွဲ့ နဲ့ မြန်မာ့အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် MNTJP/MNDAA အဖွဲ့ ၃ ဖွဲ့ကို တွေ့ဆုံ ဆွေးနွေးဖို့ အစိုးရဖက်က တောင်းဆိုခဲ့ဖူးသည်။
သို့သော် မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့မှ KIO၊ UWSA အဖွဲ့များနှင့် အတူတကွ တွေ့ဆုံရန် တောင်း ဆိုခဲ့ရာမှ တွေ့ဆုံဆွေးနွေးပွဲ ပျက်ပြယ်သွားခဲ့သည်။