အလုပ်သမားအခွင့်အရေး အပြည့်အဝရရှိရေး ရွှေ့ပြောင်းလုပ်သားများဆွေးနွေး

သတင်းနှင့် မီဒီယာ ကွန်ယက်။
ဧပြီလ ၃၀ ရက်နေ့၊ ၂၀၁၇ ခုနှစ်။

မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ အပါအဝင် ထိုင်းနိုင်ငံ မြောက်ပိုင်းက ထိုင်းအလုပ်သမားကွန် ယက် အဖွဲ့ဝင်များသည် နိုင်ငံတကာ အလုပ်သမားနေ့ အထိမ်းအမှတ် အနေဖြင့် အလုပ်သမား အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲ တစ်ရပ်ကို ဒီကနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပခဲ့သည်။

ချင်းမိုင်တက္ကသိုလ်ရှိ UNISERV ခမ်းမတွင် ဧပြီလ ၃၀ ရက်နေ့နှင့် မေလ ၁ ရက်နေ့ နှစ်ရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး လုပ်အားခ အပြည့်အ၀ ရရှိရေး အပါအဝင် အလုပ်သမားများ၏ ကြုံတွေ့ နေကြရသည့် အခက်အခဲများကို သက်ဆိုင်ရာ ထိုင်းတာဝန်ရှိသူတွေထံ တင်ပြတောင်းဆိုသွားရန် အဓိက ဆွေးနွေးသွားမည်ဟု သိရသည်။

ဆွေးနွေးပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသည့် ရွှေ့ပြောင်းအလုပ်သမားအရေး အတိုင်ပင်ခံ ပုဂ္ဂိုလ် ထောင်းခမ်း က လက်ရှိ အလုပ်သမားများ ကြုံတွေ့နေကြရသည့် အခက်အခဲများနှင့် ပတ်သက်၍ ယခုလို ပြောသည်။

သူတို့ ထုတ်လာတဲ့ ဥပဒေပေါ့ အသက်ကြီးသူ ၅၅ နှစ် ပြည့်လို့ရှိရင် သူတို့ အလုပ်သမားကဒ် အလုပ်သမား သက်တမ်း မတိုးပေးဘူး၊ ပြီးတော့ အလုပ်သမားတွေ လုပ်ငန်းခွင် လုံခြုံရေး ကာကွယ်ဖို့ ကိုပေါ့ ပစ္စည်းတွေ မပေးဘူးပေါ့နော် နောက်ပြီးတော့ လုပ်အားခလည်း သူများ သတ်မှတ်ထားတဲ့ လုပ်အားခလည်း နှစ်တိုင်းလိုမျိုးပဲ ဒီတစ်နှစ်လည်း မရကြသေးဘူးပေါ့နော် အနည်းဆုံး လုပ်အားခ ၃၀၈ ဘတ်ပေါ့နော် ချင်းမိုင်မှာနော် ဒါပေမယ့် သူတို့ အခု ၂၆၀ ၊၂၇၀ လောက်ပဲ ရသေးတယ်။

အလုပ်သမား ၂၀၀ နီးပါး တက်ရောက်ဆွေးနွေးနေကြသည့် ယခု ဆွေးနွေးပွဲတွင် လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေးကိစ္စ ၊ အခြေခံ လုပ်အားခနှင့် သင့်ထိုက်သည့် လုပ်အားခ ရရှိရေးကိစ္စ ၊ အလုပ်သမား ပေါင်းစည်းမှု အခွင့်အရေးကိစ္စ နှင့် လူမှုအခွင့်အရေး ကိစ္စများ အုပ်စုခွဲ ၍ အဓိက ဆွေးနွေးခဲ့ကြသည်။

ရွှေ့ပြောင်းအလုပ်သမားများသည် ညနေ ၄ နာရီတွင် ရွှေ့ပြောင်းအလုပ်သမားများ၏ လိုလား ချက်များ ရေးသားထားသည့် ပိုစတာများ ကိုင်ဆောင်၍ ချင်းမြို့မြို့လယ်ရှိ ဘုရင်သုံးပါးရင်ပြင်မှ လေယာဉ်ကွင်းအနီးရှိ စွန်ဘိုဟတ်ပန်းခြံကို လမ်းလျှောက်ချီတက်ခဲ့ကြပြီး လိုလားချက်များကို တောင်းဆိုခဲ့ကြသည်။

ယနေ့ ဆွေးနွေးပွဲမှ ရရှိလာသည့် အချက်များကို မနက်ဖြန် မေလ ၁ ရက်နေ့တွင် ပြန်လည် စီစစ် ဆွေးနွေးပြီး နေ့လည်ပိုင်းတွင် ချင်းမိုင်ခရိုင်အုပ်ချူပ်ရေးမှူးရုံးသို့ သွားရောက်တင်ပြတောင်းဆိုသွားကြ မည်ဟု သိရသည်။