တတိယအကြိမ်မြောက် ရှမ်းပြည်ညီညွတ်ရေး ကော်မတီ CSSU အဖွဲ့ နှစ်ပတ်လည် အစည်းအဝေး ကျင်းပ
သတင်းနှင့် မီဒီယာ ကွန်ရက်။
မေလ ၄ ရက်နေ့၊ ၂၀၁၇ ခုနှစ်။
ရှမ်းပြည်နယ်အတွင်း တိုင်းရင်းသားပေါင်းစုံ၏ ညီညွတ်ရေး၊ ဖွံ့ဖြိုးရေး၊ ဒီမိုကရေစီနိုင်ငံရေးစနစ်နှင့် စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု တည်ထောင် နိုင်ရေးအပါအဝင် ငြိမ်းချမ်းရေးဖော်ဆောင်ရာမှာ ပူးပေါင်းဆောင်ရွက် သွားနိုင်ရေးအတွက် ဖွဲ့စည်းထားတဲ့ ရှမ်းပြည်ညီညွတ်ရေး ကော်မတီ CSSU အဖွဲ့ရဲ့ နှစ်ပတ်လည် အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ယနေ့ စတင်ကျင်းပနေသည်။
အစည်းအဝေးတွင် ယနေ့ လက်ရှိအစိုးရက နောက်ကြောင်းမပြန်ရဘူးဆိုပြီး ထုတ်ဖော်ပြောဆိုလိုက်တာဟာ ဥပဒေလည်း မရှိသလို မှားယွင်းတဲ့ လုပ်ရပ်ဖြစ်တယ်လို့ အစည်းအဝေး အဖွင့်မိန့်ခွန်းမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချူပ် SNLD ပါတီ ဥက္ကဌ ဦးခွန်ထွန်းဦး က ပြောဆိုခဲ့သည်။
ထို့အပြင် ၂၀၀၈ ဖွဲ့စည်းအုပ်ချူပ်ပုံ အခြေခံ ဥပဒေ အား ပြုပြင်ဖို့ လိုအပ်နေပြီး မပြုပြင်ပဲ ဒီအတိုင်းဆက်လက်ထား ရှိနေမယ် ဆိုပါက မိမိတို့ရဲ့ ဘဝ တွေဟာ ကောင်းမွန်လာမှာမဟုတ်ဘူးဟု ဦးခွန်ထွန်းဦး မှ အစည်းအဝေး တက်ရောက် လာသူများကို ပြောဆိုခဲ့သည်။
ဒီအခြေအနေများကြောင့် ရှမ်းတိုင်းရင်းသားများအချင်ချင်း စုစည်းညီညွတ်ဖို့လိုပြီး တိုင်းပြည်တိုးတက်ရေးနှင့် ရှမ်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးတွေအတွက် အတူတကွ ဝိုင်းဝန်းကြိုးပမ်းသွားကြရန် တိုက်တွန်းပြောဆိုခဲ့သည်။
၂ ရက်ကြာ ကျင်းပမည့် ယခုအစည်းအဝေးတွင် လက်ရှိ ဥက္ကဌ တာဝန်ယူထားသည့် ဦးခွန်ထွန်းဦး နေရာကို ပြန်လည်ရွေးချယ်တင်မြောက်သွားရန်နှင့် ရှမ်းပြည်နယ်အတွင်း ကျင်းပခွင့်မရသေးသည့် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပနိုင်ရေး ကိစ္စများကို အဓိကထား ဆွေးနွေးသွားကြရန် ရှိသည်ဟု သိရသည်။
ယနေ့ အစည်းအဝေးကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ SSJAC၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချူပ် SNLD မှ ခေါင်းဆောင်များနှင့် ရှမ်းလူမှုအဖွဲ့အစည်းများ၊ ရှမ်းလူငယ်အဖွဲ့အစည်း၊ မျိုးဆက်သစ်(ရှမ်းပြည်)၊ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့(ကချင်ပြည်နယ်) က ကိုယ်စားလှယ်များ တက်ရောက် နေကြသည်။
ရှမ်းပြည်ညီညွတ်ရေး ကော်မတီ CSSU အဖွဲ့ကို ၂၀၁၃ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့က ထိုင်းမြန်မာနယ်စပ် တနေရာမှာ ဖွဲ့စည်းခဲ့သည်။