ရှမ်း-ပလောင် တင်းမာမှု ရွာသားများ ထွက်ပြေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
မေလ ၁၅ ရက်၊ ၂၀၁၇ ခုနှစ်။
တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော်(PSLF/TNLA)နှင့် ရှမ်းပြည်တပ်မတော် တောင် ပိုင်း (RCSS/SSA)တို့အကြား စစ်ရေးတင်းမာမှုများကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ္မတူမြို့အတွင်းရှိ ဆိုက်ခေါင် ကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာ (၈) မှ ဒေသခံ ၃၀၀ ကျော် ထွက်ပြေးတိမ်းရှောင် နေကြရသည်။
ဒေသခံများမှာ နမ္မတူမြို့၊ ရွှေမြင်သာ ဘုန်းကြီးကျောင်းတွင် လာရောက် ခိုလှုံနေ ကြသည်ဟု နမ္မတူမြို့၊ စစ်ဘေးရှောင်ပြည်သူများအား ကူညီထောက်ပံ့ရေး ကော်မတီမှ အတွင်းရေးမှူး ဦးအောင်ဆန်းမြင့် က ပြောသည်။
“၁၁ ရက်နေ့က စရောက်တယ်ခင်ဗျ။ နမ္မတူမြို့နယ် ဆိုက်ခေါင် ကျေးရွာအုပ်စုထဲမှာပါတဲ့ ရွာ (၈) ရွာက။ လူဦးရေ ကတော့ ဒီနေ့မှာတော့ သုံးရာကျော်သွားပြီ။ ဒီနေ့လည်း နည်းနည်းရောက်တယ်လေ။ အဲ့တာ ကျနော်က မချုပ်ရ သေးလို့လေ ဒီနေ့ကတော့ မနေ့ကအထိတော့ ၂၈၉ ယောက် ပါ။ အိမ်ထောင်စုကတော့ (၉၂) အိမ်ထောင်စုပါ။ ကျနော်တို့က သူတို့ကို ဘုန်ကြီးကျောင်းတခုမှာ၊ အရင်တုန်း က IDPs တွေကို ထားခဲ့ဖူးတဲ့ ရွှေမြင်သာဘုန်းကြီး ကျောင်းမှာ အခုထားထားပါတယ်”
အဆိုပါဒေသတွင်း နှစ်ဖက်တပ်များ ဆက်လက်ရှိနေသေးသည့်အတွက် ဒေသခံများ အိမ်မပြန်ရဲကြသလို အချို့ မှာ ယနေ့အချိန်ထိ ထွက်ပြေးလာနေကြဆဲ ဖြစ်သည်ဟု သိရသည်။
တအာင်း(ပလောင်) တပ်မှ ဒေသခံရွာသားများအား ရိုက်နှက်ခဲ့သည်ဟု ယမန်နေ့က နေရပ်စွန့်ခွာ ထွက်ပြေးလာကြသည့် ဒေသခံများအား သွားရောက် ကူညီခဲ့သည့် ရှမ်းလူငယ်အဖွဲ့၊ ရှမ်းပြည်နယ် မြောက်ပိုင်း တာဝန်ခံ စိုင်းဟန် က ယခုလိုပြောသည်။
“စစ်ရေးတင်းမာမှုဆိုတာတော့ မှန်ပါတယ်ဗျ။ တိုက်ပွဲဖြစ်လားဆိုတော့ မဖြစ်သေးဘူး။ ဖြစ်လာတာက ဒီ RCSS က ဆိုက်ခေါင်အုပ်စုကပေါ့နော် သူတို့က အဲ့ဒီကို နေ့လည်ပိုင်းလောက်မှ ဝင်သွားတယ်၊ သူကြီးတွေနဲ့ ခနတွေ့ တယ်၊ ပြီးတော့ ပြန်ထွက်တယ်၊ အဲ့ခါ ည (၈) နာရီလောက်အချိန်မှာ TNLA က ရွာထဲကို ရောက်လာတယ်။ သူကြီး စိုင်းအိုက်ညွှန့်ဆိုတဲ့တယောက်ကို ဖမ်းတယ်၊ ယောက်ဖ စိုင်းအိုက်ရွှေဆိုတဲ့တယောက်ကိုလည်း ဖမ်း တယ်၊ ကြိုးတုတ်တယ်၊ ရိုက်တယ်။ သေနတ်ဒင်တွေနဲ့ ထုတယ်၊ ပြီးတော့ ရွာထဲမှာ သေနတ်တွေဘာတွေ ပစ် ဖောက်တယ်၊ ရွာသားတွေက ကြောက်ပြီး ထွက်ပြေးကြတာပေါ့နော်” ဟု စိုင်းဟန်က ပြောသည်။
တီအယ်လ်အင်န်အေ နှင့် အာစီအက်စ်အက်စ် တပ်ဖွဲ့တို့အကြား စစ်ရေးတင်းမာမှုများကြောင့် ဒေသခံ ရွာသား နှစ်ဦး ရိုက်နှက်ခံခဲ့ရပြီး တစ်ဦးမှာ သေနတ်ထိမှန်ခဲ့သည့်အတွက် ယခုအခါ နမ္မတူမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူလျှက်ရှိသည်ဟု စိုင်းဟန်က ပြောသည်။
သို့သော်လည်း ဒေသခံများအား ခြိမ်းခြောက်ခြင်း၊ ရိုက်နှက်ခြင်း၊ ပစ်ခတ်ခြင်းများ မပြုလုပ်ခဲ့ဘူးဟု တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA) သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောသည်။
“ကျနော်သိတာကတော့ ပြီးခဲ့တဲ့ (၁၁) ရက်နေ့က အဲ့မှာက ကျနော်တို့ တပ်ဖွဲ့လည်း ရှိတယ်၊ မြန်မာ့တပ်မတော် လည်း ရှိတယ်၊ အာစီအက်စ်အက်စ် လည်း ရောက်လာတယ်၊ ရွာကအလယ်မှာရှိတယ်။ အဲ့ဒါ ရွာသားတွေက ကြောက်ပြီးမှ အကုန်လုံးထွက်ပြေးတာ။ ကျနော်တို့ ရွာသားတွေကို ဘာမှလုပ်ဘူး။ အကုန်လုံးကို ပြန်မေးကြည့် တယ်၊ စစ်ရေးကြောင့် တိုက်ပွဲဖြစ်မှာ ကြောက်လို့ ထွက်ပြေးကြတာ။ ထွက်ပြေးတဲ့ ရွာတွေကတော့ ရှမ်းရွာဖြစ် တယ်။ ရှမ်းရွာဆိုရင် ကျနော်တို့ အဖွဲ့က မဝင်ဘူး” ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောသည်။
အဆိုပါ စစ်ရေးတင်းမာမှု ဖြစ်ပွားသည်နေရာတွင် မြန်မာ့တပ်မတော်၊ တအာင်း(ပလောင်) အမျိုးသား လွတ် မြောက်ရေးတပ်မတော်(PSLF/TNLA)နှင့် ရှမ်းပြည်တပ်မတော်တောင်ပိုင်း (RCSS/SSA) တို့မှာ စစ်ရေးလှုပ်ရှား မှုများ နီးကပ်လွန်းသည့်အတွက် စစ်ရေးတင်းမာမှုများ ဖြစ်ပွားလာသည်ဟု TNLA မှ ပြောသည်။