ရှမ်းမြောက် တိုက်ပွဲများ ပြင်းထန်ဆဲ

သတင်းနှင့် မီဒီယာ ကွန်ရက်။
မေလ ၁၅ ရက်၊ ၂၀၁၇ ခုနှစ်။

ဒုတိယအကြိမ် ကျင်းပမည့် ၂၁ ရာစုပင်လုံ ညီလာခံ (ခေါ်) ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ နီးကပ် လာချိန်တွင် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မြို့နယ် တော်တော်များများတွင် မြန်မာ့တပ်မတော်နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့အကြား တိုက်ပွဲများ ပြင်း ထန်စွာ ပြန်လည် ဖြစ်ပွားလာနေသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မန်တုံမြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ မူဆယ်မြို့နယ် အတွင်းရှိ နေရာများနှင့် ကျေးရွာများ အနီးတစ်ဝိုက်တွင် ဧပြီလ ၂၉ ရက်နေ့မှ ယနေ့ မေလ ၁၅ ရက်နေ့အထိ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်ဟု TNLA က ပြောသည်။

“တိုက်ပွဲကတော့ နေ့တိုင်းဖြစ်တယ်။ ပြင်းထန်တယ်လို့ ပြောလို့ ရတယ်။ ဘာကြောင့်လဲဆိုတော့ လေကြောင်းတိုက်ခိုက်မှုတွေက လေးကြိမ်လောက် ပြုလုပ်တယ်။ တောက်လျှောက် ဒီနေ့လည်းဖြစ်တယ်။ ဖြစ်တာကတော့ ဧပြီ ၂၉ ကနေ ဒီနေ့အထိ ဒီကြားမှာ တစ်ရက်နှစ်ရက်ပဲရှိတာ မဖြစ်တာ တောက်လျှောက်ဖြစ်တယ် တစ်ရက်ကို ၂ ပွဲ ၃ ပွဲ အဲလိုမျိုး တိုက်ပွဲပေါင်းက ၃၀ ကျော် လောက်ရှိသွားပြီ။” ဟု တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်မှ ပြောသည်။

ယနေ့ မေလ (၁၅) ရက်နေ့တွင် ဖြစ်ပွားသည့် တိုက်ပွဲနှင့် ပတ်သက်၍ အသေးစိတ်မသိရသေးဘူးဟု ဗိုလ်မှူး မိုင်းအိုက်ကျော်မှ ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားလျက်ရှိသော မြန်မာ့တပ်မတော်နှင့် တီအယ်လ်အင်န်အေတို့ အကြား တိုက်ပွဲများနှင့်ပတ်သက်ပြီး တပ်မတော်မှ တစ်စုံတစ်ရာ ထုတ်ပြန် ထားခြင်း မရှိပေ။

သြင်္ကန်ကာလ ပြီးနောက်ပိုင်း မြန်မာ့တပ်မတော်မှ တပ်မ ၈၈ အား ရှမ်းပြည်နယ် မြောက်ပိုင်းသို့ တပ်အင်အား တိုးချဲ့ လာရာမှ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်ဟု ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောပြသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တပ်မ ၈၈ အပြင် တပ်မ ၃၃၊ စကခ ၁၆ လက်အောက်ခံတပ်များနှင့် ရမခ လက်အောက်ခံတပ်များ တပ်စွဲထားသည်ဟု တီအယ်လ်အင်န်အေ မှ ပြောသည်။

မေလ ၂၄ ရက်နေ့တွင် ကျုင်းပပြုလုပ်မည့် ၂၁ ရာစု ပင်လုံညီလာခံ နီးကပ်လာသည့်အတွက် ယခုကဲ့ သို့ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာသည့် သဘောရှိသည်ဟု ဗိုလ်မှူး မိုင်းအိုက်ကျော်မှ သုံးသပ် ပြော ဆိုသည်။

“ကျနော်တို့ သတိပြုမိတာကတော့ ဟိုဖက် အစိုးရလက်ထက်မှာလည်းပဲ ဒီ နိုင်ငံရေး ဆွေးနွေးပွဲ ပြုလုပ်မယ်ဆိုရင် ဒီတွေ့ဆုံ ဆွေးနွေးပွဲ ပြုလုပ်မယ်ဆိုရင်တော့ စစ်အင်အားတိုးချဲ့ တာတို့ တိုက်ပွဲပြင်း ထန်လာတာတို့ အဲလိုမျိုးတွေ ဖြစ်တတ်တယ်။ အဲလိုမျိုးတော့ တွေ့ရတယ်။”

ယခုရက်ပိုင်းများတွင် တီအယ်လ်အင်န်အေသည် မြန်မာ့တပ်မတော်နှင့်အပြင် အာစီအက်စ် အက်စ်နှင့်ပါ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလျက်ရှိသည်။

တီအယ်လ်အင်န်အေသည် ပန်ခမ်း (ပန်ဆန်း) အစည်းအဝေး၏ ဆုံးဖြတ်ချက်အတိုင်း အင်န်စီအေလမ်း ကြောင်းအား တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ၆ ဖွဲ့တို့နှင့်အတူ ငြင်းပယ်ထား ပြီး UWSP/UWSA ဦးဆောင်သည့် နိုင်ငံရေး ဆွေးနွေးမှု လမ်းကြောင်းသစ်အောက်တွင် ပါဝင်ရန် သဘောတူထားသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ဖြစ်သည်။