၂၁ ပင်လုံ ဒုတိယအကြိမ် အစည်းအဝေး တက်ရောက်ရေးကိစ္စ UNFC အရေးပေါ် ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေး ကျင်းပ

သတင်းနှင့် မီဒီယာ ကွန်ရက်။
မေလ ၂၂ ရက်နေ့၊ ၂၀၁၇ ခုနှစ်။

တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး တပ်ပေါင်းစု အဖွဲ့တစ်ဖွဲ့ဖြစ်သည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့၏ အရေးပေါ် ဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေး ကို ထိုင်းနိုင်ငံ ချုင်းမိုင်မြို့တွင် ယနေ့ နံနက် ၉  နာရီက စတင်ကျင်းပနေသည်။

အစည်းအဝေးတွင် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင် အဖွဲ့အစည်းများမှ မေလ ၂၄ ရက်နေ့တွင် ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယအကြိမ် အစည်းအဝေး တက်ရောက်မည် မတက်ရောက်မည် ဆိုသည့်ကိစ္စ နှင့် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့ DPN အဖွဲ့ဝင်များအနေဖြင့်လည်း တက်ရောက်မည် မတက်ရောက်မည် ဆိုသည့် ကိစ္စများကို အဓိက ဆွေးနွေး ဆုံးဖြတ်သွားရန် ရှိသည်ဟု သိရသည်။

ထို့အပြင် ဧပြီလ ၂၈ ရက်နေ့က ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်သည့် အဖွဲ့နှင့် နိုင်ငံရေး ဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ DPN မှ ခူးဦးရယ် ဦးဆောင်သည့်အဖွဲ့တို့ တွေ့ဆုံညှိနှိုင်းခဲ့သည့် NCA နောက်ဆက်တွဲ သဘောတူညီချက် အချက် ၉  ချက်ကို ပြန်လည်ဆွေးနွေးသုံးသပ်ပြီး ရှေ့လုပ်ငန်းစဉ်များ ချမှတ်သွားရန်ရှိသည်ဟု သိရသည်။

ယနေ့ ကျင်းပသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အရေးပေါ် ဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးကို UNFC အဖွဲ့မှ နုတ်ထွက်စာတင်ထားသည့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သော်လည်း ဝ အမျိုးသား အဖွဲ့ချူပ် WNO အဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ခြင်း မရှိပါ။

တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ ၇ ဖွဲ့ နှင့် ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့တွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO၊ မွန်ပြည်သစ်ပါတီ NMSP၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP ၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ၊ ရခိုင်အမျိုးသား လွတ်မြောက်ရေးကောင်စီ ANC၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး LDU နှင့်  ဝ အမျိုးသား အဖွဲ့ချူပ် WNO အဖွဲ့များ ပါဝင်သည်။