KIO နှင့် WNO နှုတ်ထွက်မှု ဇွန်လလယ်တွင် UNFC ဆုံးဖြတ်မည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
မေလ ၂၄ ရက်၊ ၂၀၁၇ ခုနှစ်။
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) သည် အဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်ခွင့် တောင်းဆိုထားသည့် ကချင်လွတ်လပ်ရေး အဖွဲ့ KIO/KIA နှင့် ၀ အမျိုးသား အဖွဲ့ WNO အရေး ကိစ္စနှင့် ပတ်သက်ပြီး ဇွန်လလယ်တွင် ကျင်းပမည့် ဒုတိယအကြိမ် ညီလာခံတွင် ဆုံးဖြတ်သွားမှာ ဖြစ်သည်ဟု UNFC က ပြောသည်။
“ဒီအစည်းအဝေးမှာ KIO က စာတင်ထားတာတော့ ရှိတယ်၊ ဒါပေမယ့် ကျနော်တို့ မဆုံးဖြတ်သေးဘူး။ လာမယ့် ညီလာခံမှာမှ သူတို့ ဘယ်လိုပုံစံမျိုးနဲ့ သူတို့ တကယ်ပဲ နှုတ်ထွက်သွားမလား ဆိုတဲ့ဟာကလည်း ဟိုကျမှ ဆုံး ဖြတ်မယ်။ ဝ လည်း အတူတူပဲ။” ဟု UNFC ဒု-ဥက္ကဌ နိုင်ဟံသာ က ပြောသည်။
မေလ ၂၂ ရက်နေ့နှင့် ၂၃ ရက်နေ့တို့တွင်ကျင်းပသည့် UNFC ဗဟို အလုပ်အမှုဆောင် ကော်မတီ တိုးချဲ့ အစည်းအဝေးတွင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)နှင့် “ဝ” အမျိုးသား အဖွဲ့ချုပ် (WNO) တို့ UNFC အဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်မည် ဖြစ်ကြောင်း တရားဝင် အသိပေးပြီး ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
မဟာမိတ်အဖွဲ့နှစ်ဖွဲ့ အနေဖြင့် နှုတ်ထွက်စာများ တင်ထားသော်လည်း တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များ အနေဖြင့် “သူတို့မှာ အမြင်ရှိပြီးသားပါ။ UNFC ဖြစ်ပေါ်လာဖို့ကလည်း နဂိုကတည်းက သူတို့ပါလာတဲ့ အဖွဲ့တွေ ဖြစ်တယ်။ ကျနော်တို့က ဘဝတူတွေဖြစ်တယ်။ လုပ်ငန်းတွေကို တွဲပြီးတော့မှ လုပ်ဆောင်ရမယ့် အနေအထား မျိုး လိုအပ်မှုနဲ့ တာဝန်ကလည်း အဲ့ဒီလိုရှိတယ်။ ဒါကြောင့်သူတို့ကတော့ တကယ်လို့ နောက်ဆုံးကတော့ UNFC က နှုတ်ထွက်ရင်တောင် အပြည့်အဝနှုတ်ထွက်မှာတော့ မဟုတ်ဘူးလို့ သဘောထားမျိုး ရှိပါတယ်။ ကျနော်တို့ ဆက်စပ်လက်တွဲပြီးတော့ လုပ်ဆောင်သွားမယ့် အနေအထားမျိုးတွေ လိုအပ်ပါတယ်” ဟု နိုင်ဟံသာ က ပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်နေ့တွင် ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို)အနေဖြင့် UNFC မှ နှုတ်ထွက်ရန် စာတင်ခဲ့သည်။
အဆိုပါ စာကို ဗဟိုကနေသာ တိုက်ရိုက်ပေးပို့ထားခြင်းဖြစ်ပြီး၊ စာထဲတွင် အသေးစိတ် မည်ကဲ့သို့ ရေးသား ထားသည်ကို မိမိနေဖြင့် မသိရှိရကြောင်း နှင့် UNFC မှ တင်ပြတောင်းဆိုထားသည့် အချက်(၉)ချက်အား အစိုးရ၊ တပ်မတော်တို့ လက်မခံသည့်အတွက် နည်းလမ်းရှာသည့် သဘောဖြစ်နိုင်သည်ဟု ကေအိုင်အို ပြန် ကြားရေး တာဝန်ခံ ဒု-ဗိုလ်မှူးကြီး နော်ဘူ က သူ့အမြင်ကို ယခုလို ပြောသည်။
“အဓိကကတော့ ကျနော်ထင်တာပေါ့နော် NCA လမ်းကြောင်းကနေ ဆွေးနွေးတဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲအတွက် တင်ပြထားတဲ့ အချက်(၉)ချက်ကတော့ အစိုးရကရော တပ်မတော်ဘက်ကရော လက်မခံတဲ့အခါ ကြတော့ တခြားနည်းလမ်းပြန်ရှာချင်တဲ့သဘောနဲ့ စာတင်ထားတာလောက်ပဲ ကျနော်ထင်တယ်” ဟု ဒု-ဗိုလ်မှူးကြီးနော်ဘူ က ပြောသည်။
မေလဆန်းပိုင်းက နှုတ်ထွက်စာ တင်ခဲ့သည့် WNO အနေဖြင့် လက်ရှိ နိုင်ငံရေး၊ စစ်ရေးအပြောင်းအလဲများ ကြောင့် မဟာမိတ် အဖွဲ့အစည်းများနှင့်အတူ ယခင်ကကဲ့သို့ ပူးပေါင်းဆောင်ရွက်ရန် အကြပ်အတည်းဖြစ်လာ နေခြင်းကြောင့် နှုတ်ထွက်ရခြင်းဖြစ်ကြောင်း ဟု နှုတ်ထွက်စာထဲတွင် ဖော်ပြထားသည်။
UNFC ၏ ဗဟို အလုပ်အမှုဆောင် ကော်မတီ တိုးချဲ့ အစည်းအဝေးတွင် နှုတ်ထွက်စာ တင်ထားသည့် ကချင် လွတ်လပ်ရေးအဖွဲ့ KIO မှာ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သော်လည်း “ဝ” အမျိုးသား အဖွဲ့ချုပ် WNO မှ ကိုယ် စားလှယ်များ တက်ရောက်ခြင်း မရှိပေ။
၂ ရက်ကြာ ကျင်းပပြုလုပ်ခဲ့သည့် အဆိုပါအစည်းအဝေးတွင် အစိုးရနှင့် ဆက်လက်ဆွေးနွေးသွားမည့် NCA နောက်ဆက်တွဲ အချက်(၉)ချက်ကို ပြန်လည်ဆွေးနွေးသုံးသပ်ခြင်း၊ ဒုတိယအကြိမ် ညီလာခံကျင်းပမည့်ရက် သတ်မှတ်ခြင်းနှင့် တဆက်တည်းတွင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့(EAOs)များ အားလုံး ပါဝင်သည့် အစည်းအဝေးတစ်ရပ် ခေါ်ယူကျင်းပသွားနိုင်ဖို့ စီစဉ်ထားကြောင်း သိရသည်။
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့သည် ကချင်လွတ်လပ်ရေးအဖွဲ့ KIO၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ၊ မွန်ပြည်သစ်ပါတီ NMSP ၊ ကရင်နီ အမျိုးသားတိုးတက်ရေး ပါတီ KNPP ၊ ရခိုင်အမျိုးသား လွတ်မြောက်ရေး ကောင်စီ ANC ၊ ဝ အမျိုးသား အဖွဲ့ချုပ် WNO နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး LDU စသည့် တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်အဖွဲ့များ ပါဝင် သည်။
ကချင်လွတ်လပ်ရေး အဖွဲ့ (ကေအိုင်အို)က မကြာသေးခင်က ပန်ခမ်းတွင် NCA လမ်းကြောင်း အပြင်ဘက်မှ သွားရန် ဆုံးဖြတ်ဖွဲ့စည်းထားသော ၀ ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဦးဆောင်သော ပြည်ထောင်စု နိုင်ငံရေးညှိုနှိုင်း ဆွေးနွေးရေး ကော်မတီတွင်လည်း အဖွဲ့ဝင်အဖြစ်ပါဝင်ထားသည်။