FPNCC ရပ်တည်ချက် လက်မခံနိုင်ကြောင်း ဗိုလ်ချုပ်မှူးကြီးပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
မေလ ၂၄ ရက်၊ ၂၀၁၇ ခုနှစ်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် အင်န်စီအေ လမ်းကြောင်းအား လျှစ်လျူရှုပြီး ဒုတိယ လမ်းကြောင်း ဆိုသည့် အခေါ်အဝေါ်ကို သုံးစွဲလုပ်ဆောင်နေခြင်းသည် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ် တည်ဆောက်ရေးကို မလိုလားခြင်းသာ ဖြစ်သည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ပြောသည်။
မကြာမှီက “ဝ” ပြည်သွေးစည်းညီညွှတ်ရေးပါတီ (UWSP) ဦးဆောင်သည့် မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ (၇) ဖွဲ့မှ ပန်းခမ်း(ပန်ဆန်း) အစည်းအဝေး၏ ရပ်တည်ချက်အတိုင်း အင်န်စီအေ လမ်းကြောင်းကို လက်မခံပဲ နိုင်ငံရေးလမ်းကြောင်းသစ်ဖြင့် အစိုးရနှင့် နိုင်ငံရေး ဆွေးနွေး ရန် သဘောထား ထုတ်ပြန်ထားသည်အပေါ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ တုန့်ပြန်ပြောဆို သွားခြင်းဖြစ်သည်။
ဒီကနေ့ ကျင်းပသည့် ၂၁ ရာစု ပင်လုံညီလာခံတွင် မိန့်ခွန်းပြောကြားရာ၌ အနာဂတ် နိုင်ငံတော်ကို တည်ဆောက်ကြရာတွင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်း လုံးညီ ညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကိုရှေးရှုပြီး လွတ်လပ်မှု၊ တန်းတူညီ မျှမှုနှင့် တရားမျှတမှု တို့ကိုအခြေခံပြီး ပင်လုံစိတ်ဓာတ်နဲ့အညီ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ အခွင့်အရေးများ၊ အာမခံချက်များအပြည့်အဝရှိတဲ့ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် တို့ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေး ဆွေးနွေးပွဲရလဒ်များနှင့်အညီ တည်ဆောက်သွားရန် NCA တွင် သဘောတူ ညီခဲ့ကြပြီး ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
“အဲဒါဟာ NCA လမ်းကြောင်းရဲ့ ပန်းတိုင်ပဲဖြစ်ပြီး တိုင်းရင်းသားများ ယနေ့တောင်းဆိုနေတဲ့ အချက် အားလုံးအတွက် ခြုံငုံမိပြီးဖြစ်တယ်ဆိုတာ တွေ့ ရှိနိုင်ပါတယ်။ ဒါကို လျစ်လျူရှုပြီး အခြားလမ်းကြောင်း၊ နောက်ထပ်လမ်းကြောင်း၊ ဒုတိယလမ်းစဉ်ဆိုတဲ့ အခေါ် အဝေါ် တွေသုံးစွဲလုပ်ဆောင်နေခြင်းဟာ ငြိမ်း ချမ်းရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံတဲ့ ပြည်ထောင်စုစနစ် တည်ဆောက်ရေးကို မလိုလားခြင်းသာ ဖြစ်ပါတယ်။” ဟု တပ်မတော်ခေါင်းဆောင်ဖြစ်သော ဗိုလ်ချုပ်မှူးကြီးက ပြောသည်။
“ဆွေးနွေးညှိနှိုင်း အဖြေရှာရေး လမ်းစဉ်က သွေဖည်ပြီး လက်နက်ကိုင် ဆန့်ကျင်တိုက်ခိုက်ရေးလမ်းစဉ်၊ လက်နက်စွဲကိုင်ပြီး အာဏာရ ယူရေး လမ်းစဉ်နဲ့ ပြည်ထောင်စုမှ ခွဲထွက်ရေးလမ်းစဉ်တို့ကိုသာ ဦးတည် နေကြောင်း ယူဆရမှာဖြစ်ပါတယ်။” ဟုဗိုလ်ချုပ်မှူးကြီးက ဆက်ပြောသည်။
တပ်မတော်၏ ငြိမ်းချမ်းရေး ရပ်တည်ချက်နဲ့ ပတ်သက်ပြီး “ငြိမ်းချမ်းရေးရပ်တည်ချက်ကတော့ ကျွန်တော် တို့ နိုင်ငံရဲ့ ငြိမ်းချမ်းရေးမဟာဗျူဟာဖြစ်တဲ့ NCA လမ်းကြောင်းပေါ်မှာ မသွေမဖီ ခိုင်ခိုင်မာမာရပ်တည် လုပ် ဆောင်သွားမှာဖြစ်ပါတယ်။ NCA လမ်းကြောင်းကို လျှောက်လှမ်းရာမှာလည်း တပ်မတော်ရဲ့ ငြိမ်းချမ်းရေးမူ (၆)ရပ်နဲ့အညီ ခိုင်မာစွာ ရပ်တည်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ပြောသည်။
ထို့အပြင် ပြီးခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံမှာ တင်သွင်းခဲ့သည့် စာတမ်း ၇၂ စောင်ကို လေ့လာသည့်အခါတွင် အချို့တိုင်းရင်းသား အဖွဲ့များ၏ ဆွေးနွေးချက်၊ တင်ပြချက်၊ လုပ်ဆောင်ချက်နဲ့ အခြေခံအယူ အဆများသည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုသည့် ဖက်ဒရယ်ကို ကျော်လွန်ပြီး အလွန်အကျွံ တောင်းဆိုမှုများ ဖြစ်နေ သည်ကိုလည်း သတိပြုမိခဲ့ကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်ချက်များသည် ဒီမိုက ရေစီအရေးနှင့် ငြိမ်းချမ်းရေး အပေါ် မျှော်လင့်ချက် ကြီးမားစွာထားရှိနေသည့် တိုင်းရင်းသား ပြည်သူ များ၏ဆန္ဒနှင့် အကျိုးစီးပွားကို ဆန့်ကျင်နေခြင်းသာ ဖြစ်သည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ သတိပေး ပြောဆိုသွားသည်။
NCA စာချုပ်သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအား လက်နက်ချခိုင်းသည့် စာချုပ်မ ဟုတ်ကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်သည့်နေရာတွင် NCA စာချုပ်ပါ “နိုင်ငံရေး လမ်းပြမြေပုံ” သည် အခိုင်အမာ သဘောတူပြဋ္ဌာန်းထားပြီး တိကျစွာလျှောက်လှမ်းရမည့် ပြည်ထောင်စု၏ ထွက်ရပ်လမ်းပဲ ဖြစ်ကြောင်းနှင့် NCA မှာပါရှိတဲ့ အာမခံချက်များကို ရယူပြီး လုပ်သင့်လုပ်ထိုက်သည်များ ကို ယုံယုံကြည်ကြည် ရဲရဲရင့်ရင့် လုပ်ဆောင်ခြင်းဖြင့် ငြိမ်းချမ်းရေးခရီး ဖြောင့်ဖြူးနိုင်မှာဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် မှ အဖွင့်မိန့်ခွန်းထဲတွင် ထည့်သွင်း ပြောဆိုသွားသည်။
တဆက်တည်းမှာပင် တပ်မတော်၏ မူ ၆ ချက်ကို ဆက်လက်စွဲကိုင်သွားမည်ဖြစ်ကြောင်း ထပ်မံ အတည်ပြု ပြောဆိုခဲ့သည်။
ယနေ့ ပြန်လည်စတင် ကျင်းပသော ဒုတိယအကြိမ် ၂၁ ရာစုပင်လုံ ညီလာခံကို ၀ ပြည်သွေးစည်း ညီညွတ်ရေး ပါတီ ဦးဆောင်သော ပြည်ထောင်စု နိုင်ငံရေး ညှိုနိုှုင်းဆွေးနွေးရေး ကော်မတီမှ ကိုယ်စား လှယ်များလည်း တက်ရောက်လျက်ရှိသည်။ ညီလာခံကို မေလ ၂၄ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။