ပင်လုံစာချုပ်ကို မဆန့်ကျင်ရန် SNLD ထောက်ပြ
သတင်းနှင့် မီဒီယာ ကွန်ရက်။
မေလ ၂၅ ရက်၊ ၂၀၁၇ ခုနှစ်။
ပင်လုံစာချုပ်ပါ ခွဲထွက်ခွင့် ကတိကဝတ်များကို ဆန့်ကျင်ခြင်း မပြုရန် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ ချုပ် (SNLD) က ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံခေါ် ၂၁ ရာစု ပင်လုံ ညီလာခံ ဒုတိယ အစည်း အဝေးတွင် တင်ပြဆွေးနွေးခဲ့သည်။
နိုင်ငံရေးကဏ္ဍ အစုအဖွဲ့အလိုက်ဆွေးနွေးမည့် အချက်များတွင် ထည့်သွင်းထားသည့် နိုင်ငံတော်၏ နယ်မြေ အပိုင်းအခြား ဟူသမျှသည် နိုင်ငံတော်မှ မည်သည့်အခါမှ ခွဲမထွက်ရ ဆိုသည့် မူဝါဒကို ထည့်သွင်းပြ ဋ္ဌာန်းမည် ဆိုပါက ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်၊ ပင်လုံစိတ်ဓာတ်တို့ကို လုံးဝဆန့် ကျင်နေသဖြင့် ထည့်သွင်း မဆွေး နွေးသင့်ကြောင်း SNLD က ထောက်ပြခဲ့ခြင်း ဖြစ်သည်။
“နိုင်ငံတော်၏ နယ်မြေအပိုင်း အခြားဟူသမျှသည် နိုင်ငံတော်မှ မည်သည့်အခါမှ ခွဲမထွက်ရ ဆိုသည့် အချက် သည် ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်နှင့် ပင်လုံစိတ်ဓာတ်တို့ကို လုံးဝဆန့်ကျင်နေပါသည်။ ပြည်ထောင်စု လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ပြည်ထောင်စုမူကိုလည်း ဆန့်ကျင်နေသည်ဟု တင်ပြလိုပါသည်”
SNLD တွဲဖက် အထွေထွေအတွင်းရေးမှူး(၂) စိုင်းကျော်ညွှန့်က “၁၉၄၇ ပင်လုံမှာကတည်းက အဓိကအားဖြင့် ကိုယ့်ဟာကိုယ်လွတ်လပ်ရေးမယူပဲ ပူးပေါင်းပြီး ယူမယ်ဆိုတဲ့ပုံစံ၊ အဲ့ဒီစာချုပ်သာ မရှိရင် ကျနော်တို့ ရှမ်းက လည်း နိုင်ငံတခုဖြစ်ရင် ဖြစ်နေလောက်ပြီ။ တခြားတိုင်းရင်းသားတွေလည်း ဒီလိုပဲ။ ကိုယ့်နိုင်ငံကိုယ် ထူထောင် ဖို့ကိုတောင် စွန့်လွှတ်ပြီး ဒီပြည်ထောင်စုနဲ့ ပူးပေါင်းခဲ့တဲ့ပုံစံလေ၊ ဒီပြည်ထောင်စုကို စာချုပ်ချုပ်ဆိုပြီးကို တည်ထောင်ခဲ့တာ။ အဲ့တော့ ဒီစာချုပ်က ဘယ်လောက်အရေးကြီးလဲဆိုတာ စဉ်းစာကြည့်ပေါ့။ အဓိကက ပင်လုံ ကတိကဝတ်ကို အကောင်အထည်ဖော်ဖို့အရေးကြီးတယ်” ဟု ပြောသည်။
ပြည်ထောင်စု တည်ဆောက်ရာတွင် စိုးရိမ်စိတ်များ။ သံသယများနှင့် ကြောက်စိတ်များအပေါ်တွင် အခြေခံမည့် အစား အပြန်အလှန် နားလည်မှု၊ လေးစားမှုနှင့် ယုံကြည်မှုတို့ အပေါ်တွင် အခြေခံမှသာ ပြည်ထောင်စုတစ်ဝှမ်း လုံး သာယာဝပြောရေးကို အထောက်အကူပြုနိုင်မည်ဟု SNLD အနေဖြင့် ယုံကြည်ကြောင်းလည်း ပြောခဲ့သည်။
“ထိုသို့မဟုတ်ဘဲ သံသယဖုံးလွှမ်းနေသည့် အမြင်များဖြင့် ဤအချက်ကို ထည့်သွင်းထားမည်ဆိုပါက မူရင်း ရည်ရွယ်ချက်ကို အထောက်အကူမပြုစေဘဲ တိုင်းရင်းသား အချင်းချင်းအကြား စည်းလုံးညီညွှတ်ရေးကို ထိခိုက်မည်ဖြစ်ပြီး တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးကို ထိခိုက်လာခြင်းသည် ပြည်ထောင်စု တည်တံ့ခိုင်မြဲ ရေးအတွက် အင်မတန်စိုးရိမ်ရသည့် အချက်ဖြစ်ပါသည်။” ဟု SNLD မှ ဆက် ဆွေးနွေး ခဲ့သည်။
ခွဲထွက်ရေး ခွဲမထွက်ရေးဆိုသည်မှာ အဓိကပြဿနာ မဟုတ်ကြောင်း၊ ခွဲထွက်ခြင်း မခွဲထွက်ခြင်းကိုဇောင်းပေး ဆွေးနွေးစရာ မလိုကြောင်းနှင့် ၂၁ ရာစုပင်လုံညီလာခံ ဆိုသည်မှာ ပင်လုံညီလာခံဟု အမည်တပ်ထားသည့်အတွက် ပင်လုံ၏ အနှစ်သာရကို ဖော်ကျူးရမည်ဟု ဥပဒေ အထောက်အကူပြု ကွန်ရက် တည်ထောင်သူ လူ့အခွင့်အရေး ရှေ့နေ ဦးအောင်ထူးကလည်း ထောက်ပြသည်။
“ပင်လုံရဲ့ အခြေခံဖြစ်တဲ့ စုစည်းလာမှု coming together ကို လက်ခံမလား လက်မခံဘူးလားဆိုတာကို လက်ရှိတက်နေတဲ့ အင်န်အယ်လ်ဒီ အစိုးရနဲ့ မြန်မာစစ်တပ်အာဏာပိုင်တွေက ဆုံးဖြတ်ရမဲ့ကိစ္စပဲ ပင်လုံဟာ တကယ့်ကို အရေးကြီးတယ်ဆိုတာ လက်ခံတယ်ဆိုရင် နယ်ခြားဒေသ အခုအခေါ်ပေါ့ တိုင်းရင်း သားပြည် နယ်တွေမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရာခိုင်နှုန်းအပြည့်အ၀ ရှိစေရမည်ဆိုတာ တကယ်ရှိခဲ့ရဲ့ လား” ဆိုသည်ကို ပြန်လည် စမ်းစစ်ရန် လိုကြောင်း ဦးအောင်ထူးက ပြောသည်။
“ဒုတိယအချက်က ဒီမိုကရေစီနိုင်ငံကြီးတွေမှာရတဲ့ ဒီမိုကရေစီအခွင့်အရေးတွေကို ပေးရမယ်ဆိုတဲ့ ဒုတိယ အချက် ဒီအချက်တွေနဲ့အညီ ရှိရဲ့လားဆိုတာ ကြည့်ဖို့ပဲ။ အဲဒါမရှိဘူးဆိုရင်တော့ ရှိအောင် ပြန်လုပ်ပေးရမယ်။ ရှိအောင်လည်း ပြန်မလုပ်ပေးဘူး ပင်လုံစာချုပ်လည်း အသိအမှတ်မပြုဘူး ဆိုရင်တော့ ခွဲထွက်ရေး ပြဿနာ မဟုတ်ဘူး၊ ပြည်ထောင်စုက ပျက်ပြယ်သွားပြီ တိုင်းရင်းသားတွေက ခွဲထွက်ရေး တောင်းစရာကို မလိုဘူး ပြည်ထောင်စုက အလိုအလျောက်ကို ပျက်ပြယ်သွားမှာ” ဟု ဦးအောင်ထူးက ဆက်ပြောသည်။
တဖက်တွင်လည်း ရှမ်းတိုင်းရင်းသားများအနေနှင့် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပနိုင်ခြင်း မရှိသေးသည့်အတွက်လည်းကောင်း၊ ပြည်သူလူထု၏ အမြင်သဘောထားများ ရယူနိုင်ခြင်း မရှိသေးသည့် အတွက်ကြောင့်လည်းကောင်း၊ ရှမ်းပြည်နယ်အတွင်းရှိ အခြားအဖွဲ့အစည်းများလည်း ဤဖြစ်စဉ်တွင် ပါဝင်လာနိုင်ခြင်း မရှိသည့်အတွက်ကြောင့်လည်းကောင်း နိုင်ငံတော်၏ နယ်မြေအပိုင်းအခြား ဟူသမျှသည် နိုင်ငံတော်မှ မည် သည့်အခါမှ ခွဲမထွက်ရ ဆိုသည့်အချက်တွင် သဘောထားပေးရန် အခက်အခဲရှိနေသည် ဟုလည်း ရှမ်းတိုင်းရင်းသား များ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ၏ ဆွေးနွေးချက်ထဲတွင် ဖော်ပြထားသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ခေါ် ၂၁ ရာစု ပင်လုံညီလာခံကို မေလ ၂၄ ရက်နေ့မှ ၂၈ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ညီလာခံတွင် နိုင်ငံတော်အကြီးအကဲပုဂ္ဂိုလ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော် အရာရှိကြီးများ၊ ပါတီများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန် ရေးအဖွဲ့များ ပါဝင်တက်ရောက်လျက် ရှိသည်။