UNFC ညီလာခံသို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံးအား ဖိတ်ကြား

သတင်းနှင့် မီဒီယာ ကွန်ရက်။
ဇွန်လ ၁၅ ရက်၊ ၂၀၁၇ ခုနှစ်။

ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (ယူအင်န်အက်ဖ်စီ) ၏ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်မည့် ဒုတိယအကြိမ်မြောက် ညီလာခံသို့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း အားလုံးကို ဖိတ်ကြားထားသည်ဟု ယူအင်န်အက်ဖ်စီ အထွေထွေ အတွင်းရေးမှူး (၁) ဦးထွန်းဇော်မှ ပြောသည်။

“အဲဒီ ညီလာခံမှာ ကျနော်တို့ ယူအင်န်အက်ဖ်စီ အဖွဲ့ဝင် အဖွဲ့အစည်းတွေအပြင် အဖွဲ့ဝင် အဖွဲ့အစည်း မဟုတ်တဲ့ အဖွဲ့အစည်းတွေပါ ဖိတ်ထားပါတယ်။ အဓိကကတော့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းပေါင်း ၂၁ ဖွဲ့ရှိတယ်ပေါ့နော- မြန်မာပြည်မှာ။ အဲဒီ ၂၁ ဖွဲ့လုံးကို ကျနော်တို့ ဖိတ်ထားပါတယ်”

ယခုလ ၂၀ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်မည့်  ညီလာခံမှာ ယူအင်န်အက်ဖ်စီ၏ ပုံမှန်လုပ်နေသည့် ၂ နှစ် တစ်ကြိမ် ညီလာခံဖြစ်ပြီး ယခုတစ်ကြိမ်သည် ဒုတိယအကြိမ်မြောက်ဖြစ်သည်။

ညီလာခံကို ဇွန်လ ၂၀ ရက်နေ့မှ ၂၉  ရက်နေ့အထိ ပြုလုပ်သွားမည်ဟု ယူအင်န်အက်ဖ်စီ မှ ပြောသည်။

“ကျနော်တို့က ညီလာခံကို ကျင်းပမယ့်ပုံစံက ၂ ပိုင်းရှိပါတယ်။ ပထမပိုင်းကတော့ ကျနော်တို့ ယူအင်န် အက်ဖ်စီ အဖွဲ့ဝင်အဖွဲ့အစည်း ကြားမှာပြုလုပ်မှာ ဖြစ်ပြီးတော့ ဒုတိယပိုင်း အနေနဲ့ ယူအင်န်အက်ဖ်စီ အဖွဲ့ဝင် အဖွဲ့အစည်း မဟုတ်တဲ့ အဖွဲ့အစည်းတွေကြားထဲမှာ လုပ်သွားဖို့ ရှိပါတယ်။ အဲလို အပိုင်း ၂ ပိုင်းနဲ့ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ပထမအစီအစဉ်ကတော့ ကျနော်တို့ ၇ ရက်လောက်ကြာပါမယ်နော။ ၂၀ ရက် ကနေ ၂၆ ရက်နေ့အထိ လုပ်မယ်။ နောက်ပြီးတော့ ဒုတိယပိုင်းအစီအစဉ်ကို ၂၇ ရက် နေ့ ကနေ ၂၉  ရက်နေ့အထိ ကျနော်တို့ လုပ်ဖို့ အဲလို သတ်မှတ်ထားပါတယ်” ဟု ဦးထွန်းဇော် မှ ပြောသည်။

အားလုံးကို ဖိတ်ကြားထားသော်လည်း လက်ရှိအချိန်အထိ တိုင်းရင်းသား လက်နက်ကိုင် တော်လှန် ရေး အဖွဲ့အစည်း မည်မျှ တက်ရောက်မည်ကို အတိအကျ မသိရသေးဟု ဦးထွန်းဇော်မှ ဆက်ပြောသည်။

၂၀၁၆ ခုနှစ်အတွင်းက ယူအင်န်အက်ဖ်စီမှ နှုတ်ထွက်ခွင့် တောင်းဆိုထားသည့် မြောက်ပိုင်း မဟာမိတ် အဖွဲ့ဝင်ဖြစ်သည့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) အနေ ဖြင့် ညီလာခံသို့ တက်ရောက်မည် မဟုတ်ကြောင်း PSLF/TNLA ၏ အထွေထွေ အတွင်းရေးမှူး ဗိုလ် မှူးချုပ် တားဘုန်းကျော်က ယခုလိုပြောသည်။

“အဲဒါလည်းကျနော်ထင်တယ် ကျနော်တို့ဆီမှာ တိုက်ပွဲတွေလည်း များနေတယ်။ အလုပ်လည်း ရှုတ်နေ တယ် ဆိုတော့ ကျနော်တို့ တက်ဖြစ်မှာ မဟုတ်ပါဘူး။ မတက်ဖြစ်သေးပါဘူး” ဟု ပြောသည်။

ယူအင်န်အက်ဖ်စီ၏ အဖွဲ့ဝင်အသစ် လက်ခံခြင်း၊ အဖွဲ့ဝင်များအား နှုတ်ထွက်ခွင့်ပြုခြင်း အပြင် အဖွဲ့ဝင် အဖွဲ့အစည်းများ၏ ကိစ္စရပ်အားလုံးကို ညီလာခံတွင် ဆွေးနွေးဆုံးဖြတ် သွားမည်ဖြစ်သည်။

တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ ၇ ဖွဲ့ နှင့် ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့တွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO၊ မွန်ပြည်သစ်ပါတီ NMSP၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP ၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ၊ ရခိုင်အမျိုးသား လွတ်မြောက်ရေးကောင်စီ ANC၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး LDU နှင့်  ဝ အမျိုးသား အဖွဲ့ချူပ် WNO အဖွဲ့များ ပါဝင်သည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIOနှင့် ၀ အမျိုးသားအဖွဲ့ချုပ် WNO တို့က UNFC မှ နှုတ်ထွက်ခွင့် တောင်းခံထားသည်။

ရက္ခိုင့်တပ်မတော် (ULA/AA) အနေဖြင့် ယူအင်န်အက်ဖ်စီ အဖွဲ့ဝင်အဖြစ် ပါဝင်ရန် လျှောက်လွှာ တင် သွင်းထားသည်မှာ ယခင်ကတည်းကဖြစ်ပြီး အသစ်လျှောက်ထားသည့် ပုံစံ မရှိသေး ဟု ယူအင်န် အက်ဖ်စီ မှ ပြောသည်။