NCA လက်မှတ်ထိုးအဖွဲ့များ နိုင်ငံရေးမူဘောင် ပြင်ဆင်ရန် ဆွေးနွေးသွားမည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
ဇွန်လ ၂၈ ရက်၊၂၀၁၇ ခုနှစ်။
နိုင်ငံရေး မူဘောင် ပြင်ဆင်သွားရန် နှင့် ပြည်ထောင်စုမှ ခွဲထွက်ခွင့်ဆိုင်ရာ မူကိစ္စတွေနဲ့ ပတ်သက်၍ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်တော် လှန်ရေး အဖွဲ့အစည်းများ အစည်းအဝေးတစ်ရပ်ကို ကျင်းပနေသည်။
NCA ထဲတွင်ပါသည့် ပြဌာန်းချက်များအား အဓိပ္ဗါယ်ဖွင့်ဆိုသည့်အခါတွင် မိမိနားလည်သလို ထင်မြင်ပြောဆိုမှုများ ရှိနေသည့်အတွက် ကွာဟမှုများဖြစ်လာတာကြောင့် ချင်းမိုင်တွင် ကျင်းပနေသည့် ယခုအစည်းအဝေးတွင် စာတမ်းတစ်ခု ပြန်ပြုစုပြီး အစိုးရနှင့်တပ်မတော်ကို ပြန်လည်ညှိနှိုင်းနိုင်ဖို့ ဆုံးဖြတ်သွားမည်ဖြစ်သည်ဟု အစည်းအဝေးတက်ရောက် လာသည့် ပအို့အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချူပ် PNLO အဖွဲ့မှ ဦးဆောင်နာယကကြီး ဗိုလ်မှူးကြီး ခွန်ဥက္ကာ မှ ပြောသည်။
အဓိကတော့ ၂၁ ရာစု ပင်လုံနောက်ဆုံးပွဲကို သင်ခန်းစာယူတာပေါ့ အဲ့ဒီပွဲမှာ အားလုံးကြားထဲမှာ မကျသေးတဲ့ ဥပမာ ခွဲထွက်ပိုင်ခွင့် မည်သောအခါမှ မခွဲထွက်ရဆိုတဲ့ကိစ္စကို ဘယ်လိုသဘော ထားမလဲပေါ့ ဘယ်လိုပုံစံဆိုဖြစ်နိုင်တယ် ဘယ်လိုပုံစံဆို မဖြစ်နိုင်ဘူး ဘယ်လိုပုံစံပဲ ဖြစ်ဖြစ် လုံး၀ လက်မခံဘူး စသဖြင့်ပေါ့လေ အဲ့ဒီအပေါ်မှာ သဘောထားယူဖို့လိုတယ် မူတစ်ခုချပေးလိုက် ဒါဆို နောက် ဘယ်တော့ဖြစ်ဖြစ် ကျနော်တို့က ကိုင်လို့ရတယ်။
NCA တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချူပ် လက်မှတ်ရေးထိုးထားကြသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့ မှ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင် အဖွဲ့ PPST အဖွဲ့ဝင် ထိပ်သီးခေါင်းဆောင် များသည် ယနေ့ ဇွန်လ ၂၈ ရက်နေ့မှစတင်ပြီး ဇူလိုင်လ ၁ ရက်နေ့အထိ ချင်းမိုင်မြို့ Holiday Garden Hotel တွင် မျက်နှာစုံညီ အစည်းအဝေး ကျင်းပနေသည်
အစည်းအဝေးတွင် တပ်မတော် တစ်ခုတည်း ထားရှိရေး မူအပေါ်တွင်လည်း ဆွေးနွေးသွားမည်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာ မှ ဆက်ပြောသည်။
နောက်တခါ ဒီလိုပဲ ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ်တွေကို လူမျိုးအလိုက်ခေါ်မလား ပထဝီဒေသအလိုက်ခေါ်မလား နှစ်မျိုးပေါင်း လား ဒီလိုမူမျိုးတွေပေါ့ အခု ကြေကြေလည်လည်ဆွေးနွေး ပြီးတော့ ဒါပဲတို့မူကဆို ဒါနောက် နိုင်ငံရေး ဆက်သွားရင် သယ်လို့ရတယ်။ နောက်ပြီး တိုင်းပြည်တစ်ပြည် တပ်မတော်တစ်ရပ်တည် ထားရမည့် မူတွေ။ အဲ့ဒီမူမျိုးတွေလည်း ဒီလိုပဲ။
နိုင်ငံရေး ဆွေးနွေးရေးဆိုင်ရာ မူဘောင် နှင့် ပတ်သက်၍လည်း အစိုးရနှင့် NCA သဘောတူညီချက်အရ ရက်ပေါင်း ၆၀ အတွင်း ပြီးပြတ်အောင်ရေးခဲ့ကြသော်လည်း အဲ့ဒီ မူဘောင်ဟာ တကယ်တမ်း အလုပ်လုပ်ကိုင်ကြသည့်အချိန်တွင် လိုအပ်ချက်တွေများနေသည့်အတွက် ထိုမူဘောင်ကို ပြန်လည်သုံးသပ်၍ အသစ်ပြန်လည်ရေးဆွဲသွားကြရန် ယခုအစည်းအဝေးမှ စီစဉ်ဆုံးဖြတ် သွားမည်ဟု ဆိုသည်။
လက်ရှိအခြေအနေတွင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များအနေဖြင့် တပ်နေရာချထားရန်ကိစ္စများ တွင် အခက်အခဲရှိနေသည့်အပြင် ဒေသဖွံ့ဖြိုးရေးကိစ္စများတွင်လည်း အကောင်အထည်မဖော်နိုင်ဖြစ်နေကြပြီး အစိုးရနှင့် တပ်မတော်အကြား အာရုံစိုက်မှု နည်းပါးလာသည့်အတွက်ကြောင့် NCA ကို အကောင်အထည်ဖော်ရာတွင် ကြီးမားသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေကြရသည်ဟုလည်း အစည်းအဝေး တက်ရောက်နေသည့် NCA လက်မှတ်ထိုးထားသော အဖွဲ့များက ပြောပါသည်။
စိန်ခေါ်မှုတွေကတော့ အများကြီးပဲ အစိုးရသစ်ရဲ့ သူရဲ့အလုပ်ရှုတ်တဲ့အပေါ်မှာ ကျနော်တို့ ကိစ္စကို အာရုံစိုက်တာ နည်းတာလည်းပဲတစ်ခုပေါ့။ တပ်မတော်ကလည်းပဲ ဒီ လုံခြုံရေး ရှု့ဒေါင့်ကနေပြီးတော့ နိုင်ငံရေးလှုပ်ရှားမှုတွေကို လုံခြုံရေးပေတံနဲ့တိုင်းပြီးတော့ လုပ်လာတဲ့ အခါကြတော့ NCA အဓိပ္ဗါယ်ဖော်တဲ့နေရာမှာ ကွာဟမှု ရှိလာတာတွေ ရှိတာပေါ့ ဒါတွေက ကြီးမားတဲ့ စိန်ခေါ်မှုတွေပေါ့။
ဒီအစည်းအဝေးကို ကရင်အမျိုးသား အစည်းအရုံး KNU ဥက္ကဌ ဗိုလ်ချူပ်ကြီး မူတူးစေးဖိုး၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဌ ဗိုလ်ချူပ်ကြီး ယွက်စစ်၊ ရခိုင်အမျိုးသား လွတ် မြောက်ရေးပါတီ ALP ဒုဥက္ကဌ ဦးခိုင်စိုးနိုင်အောင်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမို ကရက်တစ်တပ်ဦး ABSDF ဥက္ကဌ ရဲဘော်သံခဲ၊ ချင်းအမျိုးသား တပ်ဦး CNF ဥက္ကဌ ပူဇင်ကျုံး ၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချူပ် PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ ၊ DKBA အဖွဲ့က စစ်ဦးစီးချူပ် ဗိုလ်ချူပ်ကြီး စောမိုရှေး နှင့် KNLA/PC အဖွဲ့က အထွေထွေတွင်းရေးမှူး နော်ကပေါ်ထူး တို့အပါအဝင် ကဏ္ဍာအသီးသီးတွင် တာဝန်ယူထားကြသော ခေါင်းဆောင်ကိုယ်စားလှယ် ၄၀ နီးပါး တက်ရောက်ဆွေးနွေးနေကြသည်။