DPN အဖွဲ့ကို UNFC ပြန်လည် ဖွဲ့စည်း၊
မပြေလည်သေးသော ၉ ချက် ဆက်ဆွေးနွေးမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
ဇူလိုင်လ ၃ ရက်နေ့၊ ၂၀၁၇ ခုနှစ်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိုနိုင်းရေး အဖွဲ့ DPN ကို အသစ် ပြင်ဆင်ဖွဲ့စည်းလိုက်ပြီး မပြေလည်သေးသော အချက် ၉ ချက်အပေါ် အစိုးရနှင့် ဆက်လက်ဆွေးနွေးသွားမည်ဟု UNFC အထွေထွေအတွင်းရေးမှူး ခူးဦးရယ် က ပြောသည်။

ကျနော်တို့ DPN ကိုတော့ အဖွဲ့ဝင် ၉ ဦးနဲ့ ကျနော်တို့ ပြန်လည်ဖွဲ့စည်းတာပေါ့နော်၊ ကျနော်တို့ အဖွဲ့ဝင် ၅ ဖွဲ့ထဲက လိုအပ်သလို အချိုးတူ ပြန်လည်ဖွဲ့စည်းတာပေါ့၊ စုဖွဲ့မှု မှာကတော့ အဖွဲ့ခေါင်းဆောင် နှစ်ဦး ပဲ ကျနော်တို့ ထားပါတယ်။ ကျနော့်ကိုပဲ အဖွဲ့ခေါင်း ဆောင်အဖြစ် ပြန်ပြီးတော့ ထားပြီးတော့ ဒုအဖွဲ့ခေါင်းဆောင်ကိုတော့ ဆရာ နိုင်အောင်မငေး ကို ထားပါတယ်။

 အသစ်ပြန်လည်ဖွဲ့စည်းလိုက်တဲ့ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့ DPN အဖွဲ့ကို အဖွဲ့ခေါင်းဆောင်အဖြစ် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ KNPP ဒုဥက္ကဌ ခူးဦးရယ် က ဦးဆောင်ပြီး ဒု အဖွဲ့ခေါင်းဆောင် အဖြစ် မွန်ပြည်သစ် ပါတီ NMSP အဖွဲ့က နိုင်အောင်မငေး၊ အဖွဲ့ဝင်တွေအဖြစ် ရှမ်းပြည် တိုးတက်ရေး ပါတီ SSPP အဖွဲ့က ဗိုလ်မှူးကြီး စေအွန်၊ NMSP အဖွဲ့က ဒေါက်တာ နိုင်ရွှေသိန်း၊ ရခိုင် အမျိုးသား ကောင်စီ ANC အဖွဲ့က ဗိုလ်မှူးကြီး မင်းထွန်း နဲ့ ဦးထွန်းဇော်၊ လားဟူ ဒီမိုကရက်တစ် ယူနီယံ LDU အဖွဲ့က နာဗစ်ဘို၊ KNPP အဖွဲ့က ဗိုလ်မှူးကြီး ဘုန်းနိုင် နဲ့ အမည်စာရင်း မတင်သွင်းသေးတဲ့ SSPP အဖွဲ့က တစ်ယောက် ပါဝင်တဲ့ အဖွဲ့ဝင် ၉ ဦးနဲ့ ဖွဲ့စည်းခဲ့ပါတယ်။

UNFC အဖွဲ့မှ ကချင်လွတ်လပ်ရေးအဖွဲ့ KIO အပါအဝင် အဖွဲ့ဝင် သုံးဖွဲ့နှုတ်ထွက်သွားပြီးနောက်မှာ ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ကို ပြန်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သော်လည်း မပြေလည်သေးတဲ့ မူလ ဆွေးနွေးဆဲ အချက် ၉ ချက်ကိုပဲ ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း DPN အဖွဲ့ခေါင်းဆောင် ခူးဦးရယ် က ပြောသည်။

“ကျနော်တို့ DPN ရဲ့ ရှေ့လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့တော့ မူလတုန်းက အဆိုပြုချက် ၉ ချက်ကိုပဲ အဓိက ထားပြီးတော့ ဘယ်လိုဆက်လက်ညှိနှိုင်းဆောင်ရွက်မလဲ ဆိုတဲ့ ကိစ္စလေးပါ၊ ကျနော်တို့ ဒီ အရင်တုန်းက မူအားဖြင့် သဘောတူထားတဲ့ အခြေခံ အောက်မှာပဲ ဘယ်လို နည်းနာတွေနဲ့ ဆက်သွားမလဲပေါ့ အထူးသဖြင့်ကတော့ ကျနော်တို့Deed of Commitment (DOC_ နဲ့ သွားမယ်ဆိုတဲ့ ဖြစ်စဉ်အပေါ်မှာတော့ ကျနော်တို့ ဒီအတိုင်း ဆက်လက်ညှိနှိုင်းဆောင်ရွက်ဖို့ ဖြစ်တယ်။”

အစိုးရနှင့်အပစ်မရပ်သေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအကြား စိန်ခေါ်မှု အခက်အခဲတွေနဲ့ ရင်ဆိုင်နေရဆဲ ဖြစ်ကြောင်း ခူးဦးရယ် က ဆက်ပြောသည်။

အထူးသဖြင့် ကျနော်တို့ လိပ်ခဲတင်းလင်းနဲ့ အများဆုံး ညှိနှိုင်းနေရတာကတော့ ကျနော်တို့ JMC ကိစ္စ ပါပဲ၊ JMC မှာ ကျနော်တို့ တပ်နေရာချထားရေးနဲ့ ပတ်သက်တာရယ် နောက်ပြီးတော့ တပ်စခန်း တည်နေရာ သတ်မှတ်တဲ့ ကိစ္စတွေရယ်၊ နောက်ပြီးတော့ မတူကွဲပြားတဲ့ အဖွဲ့အစည်းတွေ ကြားထဲမှာ ဘယ်လိုညှိနှိုင်းပြီးတော့ ဆွေးနွေးမလဲ ဆိုတဲ့ ကိစ္စက အသားမကျသေးဘူးပေါ့နော် အသေးစိတ် မသွားသေးဘူးပေါ့။”

 အပစ်အခတ်ရပ်စဲရေးကို ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက စောင့်ကြည့်ဖို့ တိုင်းရင်းသားတွေ ဖက်က တောင်းဆိုချက်ကိုလည်း အစိုးရဖက်က သဘောတူညီမှု မရှိသေးကြောင်း ခူးဦးရယ်က ဆက်ပြောပါတယ်။

အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်နဲ့ DPN ခေါင်းဆောင်များ NCA လက်မှတ်ရေးထိုးနိုင်ရေးအတွက် ဇူလိုင်လ ဒုတိယအပတ်တွင် နှစ်ဘက် ထပ်မံတွေ့ဆုံကြရန် သဘောတူထားကြသည်။

တဖက်တွင်လည်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် NCA ရေးထိုးထားသော ကရင့်အမျိုးသား အစည်းအရုံး KNU အပါအဝင် အဖွဲ့ ၈ ဖွဲ့က အစိုးရနဲ့ လက်နက်ကိုင် အဖွဲ့တွေ အကြား သဘောတူညီချက်အပေါ် အဓိပ္ဗာယ် ဖွင့်ဆိုချက်တွေ ကွဲလွဲနေတာကြောင့် ပြန်လည် သုံးသပ်ဆွေးနွေးရန် လိုအပ်နေကြောင်း မကြာသေးမီက ကြေညာချက် ထုတ်ပြန်ထားသည်။