NCA ပြန်လည် သုံးသပ်ပြီး နိုင်ငံရေး မူဘောင်များ ပြင်ဆင်မည်။
သတင်းနှင့် မီဒီယာ ကွန်ရက်။
ဇူလိုင်လ ၃ ရက်နေ့၊ ၂၀၁၇ ခုနှစ်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ထိုးအဖွဲ့များက နိုင်ငံရေး မူဘောင်များ ပြန်လည် ပြင်ဆင်သွားရန် ဆုံးဖြတ်လိုက်သည်။
NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ ငြိမ်းချမ်းရေး ဦးဆောင်အဖွဲ့ PPST ရဲ့ ထိပ်သီး ခေါင်းဆောင် အစည်းအဝေးမှာ ဆုံးဖြတ်ချက်ချမှတ်ပြီး ယင်းလုပ်ငန်း အကောင်အထည်ဖော်ရန် အလုပ်အဖွဲ့တစ်ခုကို ထပ်မံဖွဲ့စည်း ခဲ့သည်ဟု ချင်းအမျိုးသားတပ်ဦး CNF ဥက္ကဌ ပူးဇင်ကျုံး က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
အဲ့ဒီ စိန်ခေါ်မှုထဲမှာ အရေးအကြီးဆုံးကတော့ ကျနော်တို့ NCA လမ်းကြောင်းအတိုင်းမသွားတဲ့ စိန်ခေါ်မှုကြီးဟာ ကျနော်တို့အတွက် အင်မတန်မှ ကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်ပါတယ်
NCA ဆွေးနွေးစဉ်က အဆုံးမသတ်ပဲ လက်မှတ်ရေးထိုးခဲ့တဲ့ မူဘောင်တွေကိုလည်း အမြန်အဆုံး သတ်ရန် လိုအပ်နေကြောင်း ပူးဇင်ကျုံး က ပြောသည်။
ဒီ ဖရိန်ဝပ်ခ် အတိုင်း ကျနော်တို့ သွားရမှာ ဖြစ်ပေမယ့်လို့ ဖရိန်ဝပ်ခ် ကိုလည်း ဒီကနေ့အထိ အပြီးသတ်လုပ်လို့မရသေးဘူး၊ တွဲလုပ်နေ ရတဲ့ စမ်းတဝါးဝါးသွားနေရတဲ့ အနေအထားမျိုး။ နောက်ပြီး အစာမကြေပဲ တခုခုမကျပဲနဲ့ သွားနေတဲ့ အနေအထားမျိုး ဖြစ်နေတဲ့ အခါကြတော့ ကျနော်တို့ အဲ့ဒီလမ်းကြောင်းကြီးဟာ ဖြောင့်ဖြောင့် ဖြူးဖြူးသွားလို့ မရဘူး၊ ဒါကြောင့် ဖရိန်းဝပ်ခ် ကို အပြီးသတ်ဖို့ လိုတယ်။ အားလုံးတူညီတဲ့ အမြင်တွေ စုဖို့လိုတယ်။
NCA အပါအဝင် နိုင်ငံရေးမူဘောင်တွေ ပြင်ဆင်နိုင်ရန် ဖွဲ့စည်းလိုက်သည့် ကော်မတီကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အဆင့်ဆင့်ကို ပြန်လည်သုံးသပ်ခြင်း နှင့် ပြန်လည်ပြုပြင်ပြောင်းလဲခြင်း တာဝန်ယူ လုပ်ဆောင်သွားရေး အလုပ်အဖွဲ့ဟု အမည်ပေးထားပြီး ဒီအဖွဲ့ကို UPDJC ဒုဥက္ကဌ ပဒိုစောကွယ်ထူးဝင်း ဦးဆောင်ကာ အဖွဲ့ဝင် ၂၁ ယောက်ဖြင့် ဇူလိုင်လ ၂၀ ရက်နေ့မှ စတင် အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။
အခက်အခဲများအတွင်းတွင် မူလသဘောတူခဲ့သည့် လုံခြုံရေး ကဏ္ဍ အပြောင်းအလဲ SSR ပြီးမှ လက်နက်ဖြုတ်သိမ်းရေး DDR ကို သွားရန် ဖြစ်သော်လည်း လက်ရှိလမ်းကြောင်းမှာ လက်နက်ဖြုတ်သိမ်းရေးကိုသာ ဦးတည်နေသည်ဟု ပူးဇင်ကျုံးက ပြောသည်။
ဒီကနေ့ အခင်းအကျင်းကြတော့ ကျနော်တို့ SSR ဘက်မသွားတော့ပဲနဲ့ DDR တစ်ခုထဲကိုပဲ ကျနော်တို့ စစ်တပ်က ကျနော်တို့ အစိုးရ ဘက်က တွန်းလာတဲ့ အနေအထားမျိုး အထိဖြစ်လာတဲ့ အနေအထားဟာ ဒါ မသင့်တော်ဘူး NCA လမ်းကြောင်းနဲ့ တော်တော်လွဲနေတဲ့ အနေအထားမျိုး ဖြစ်တယ်လို့ ကျနော်တို့ အဲ့သလိုပဲ ယူဆပါတယ်။
ဒါ့အပြင် ၂၁ ရာစု ပင်လုံညီလာခံတွင်လည်း အပစ်အခတ်ရပ်စဲထားသော အဖွဲ့များနှင့် အပစ်အခတ်ရပ်စဲခြင်း မရှိသေးသော အဖွဲ့များ တင်ပြထားသည့် နိုင်ငံရေး မူဘောင် နှစ်ခု ရှိနေသည့် အတွက် ရှုတ်ထွေးမှုများလည်း ရှိနေသည်ဟု တိုင်းရင်းသား အဖွဲ့များက ပြောသည်။
NCA သဘောတူညီချက်အရ နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပရာတွင် နိုင်ငံရေးပါတီတွေအားလုံးကို ဖိတ် ကြားဆွေးနွေးသွားရန် သဘောတူခဲ့သော်လည်း အာဏာရ ပါတီကသာ အဓိကပါဝင်သကဲ့သို့ ဖြစ်နေခြင်းကြောင့် လွဲမှားမှုများ ရှိနေသည်ဟု ပူဇင်ကျုံးက ထောက်ပြသည်။
ဤအခြေအနေများကြောင့် NCA ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တခုလုံးကို ပြန်လည်သုံးသပ် ပြင်ဆင်ပြီး လာမည့် သြဂုတ်လအတွင်းတွင် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းအားလုံး အပါအဝင် တိုင်းရင်းသား နိုင်ငံရေးပါတီကိုယ်စားလှယ်များနှင့် တိုင်းရင်းသား လူမှုအဖွဲ့အစည်းများ ESOs ပါဝင်သည့် ထိပ်သီး ညီလာခံ တစ်ရပ် ခေါ်ယူကျင်းပပြီး အတည်ပြုချက် ရယူသွားမည်ဟု လည်း သိရသည်။