UNFC က မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ညှိုနှိုင်းသွားမည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
ဇူလိုင်လ ၁၇ ရက်နေ့၊ ၂၀၁၇ ခုနှစ်။
မြောက်ပိုင်း အဖွဲ့များနှင့် ချိတ်ဆက်လုပ်ဆောင်ရန် ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ (UNFC) က ကြိုးပမ်းသွားမည်ဟု ပြောဆိုလိုက်သည်။
မကြာမီ အချိန်အတွင်း UNFC မှ ဥက္ကဌသစ် နိုင်ဟံသာ၊ ဗိုလ်မှူးကြီး ဆော်လမွန်နှင့် ဦးထွန်းဇော်တို့အား ၀ အဖွဲ့ ဦးဆောင်သော မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် သွားရောက်တွေ့ဆုံညှိုနှိုင်းရန် ရွေးချယ်ထားကြောင်း UNFC ပြောရေး ဆိုခွင့်ရှိသူ နိုင်အောင်မငေးက ပြောသည်။
“သူတို့ နောက်ဆုံးစာမှာ သူတို့က အင်န်စီအေ လမ်းကြောင်းလိုက်မယ်လို့ အဲလိုပြော ထားတာတစ်ခုရှိတယ်။ အဲလိုဆို ကျနော်တို့က ဘယ်လိုအပိုင်းမှာ ဘယ်လိုကဏ္ဍမှာ ကျနော်တို့နဲ့ ချိတ်ဆက်လို့ ရလဲ ဒါက လူချင်းတွေ့မှပဲ အသေအချာပြောလို့ရမယ်။ ကျနော်တို့လည်း တိတိကျကျ မသိသေးဘူးလေ ကျနော် တို့လည်း အင်န်စီအေ လမ်းကြောင်း နောက်ဆုံးမှာ သူတို့က အင်န်စီအေလမ်းကြောင်း လိုက်ပါမယ်လို့ ပြောထား တယ်ဆိုတော့ ကျနော်တို့မှာ အားတက်စရာတော့ ရှိတာပေါ့။ အားတက်စရာရှိတာ ဆိုတော့ ဘယ်အပိုင်းလိုက် မယ် ဘယ်ဟာတူလဲ ဘယ်လိုချိတ်ဆက်ပူးပေါင်း ဆောင်ရွက်လို့ရသလဲဆိုတာ ကျနော်တို့ ဥက္ကဋ္ဌသွားမှ အသေ အချာပြောမှ သိမယ်”
၀ ပြည်သွေးစည်းညီညွတ်ရေး ပါတီ UWSP ဦးဆောင်သည့် မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် (NCA) မဟုတ်သည့် လမ်းကြောင်းဖြင့် သွားရန်လိုအပ်ကြောင်း မူလက ကြေညာချက် ထုတ်ပြန်ခဲ့သည်။
နိုင်အောင်မငေး က “ပူးပေါင်းဆောင်ရွက်လို့ရတဲ့ဟာက အားလုံးပူးပေါင်းဆောင်ရွက် ပါမယ်။ ကျနော်တို့ဟာ ဆိုရင် ကျနော်တို့ရော သူတို့ရော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းရဲ့ တိုင်းရင်းသား အခွင့်အရေးကို အတူတကွ လုပ်ဆောင်တဲ့သူပေါ့ ဒါပေမဲ့ နည်းလမ်းကျတော့ မတူတော့ မတူဘူး ပေါ့နော။ ဒါပေမဲ့ သွားမယ့် ပန်းတိုင်က တူနေတယ်ဆိုတော့ ပူးတွဲလုပ်လို့ရတဲ့ဟာ အများကြီးပေါ့နော” ဟု ဆက် ပြော သည်။
သို့သော် UNFC မှ တွေ့ဆုံရန် စာပို့ထားသော်လည်း မြောက်ပိုင်း မဟာမိတ် အဖွဲ့မှ တစ်စုံတစ်ရာ ပြန်လည် အကြောင်းကြားလာခြင်း မရှိသေးသည့်အတွက် တွေ့ဆုံမည့် နေ့ရက်ကို အတိ အကျ မသိရသေးဟု UNFC ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေး မှ ပြောသည်။
“အဓိကက ကျနော်တို့ ယူအင်န်အက်ဖ်စီ ဥက္ကဋ္ဌက ဦးစီးပြီးသွားမယ်လို့ ဒါပေမယ့် သူတို့အားတဲ့ အချိန်က ဘယ် နေ့ ဒီမှာ အခုကကြပ်နေတယ်။ ကျနော်တို့ စာပို့ထားတယ် စာမပြန်သေးဘူးလေ။ ဘယ်အချိန်သူတို့လည်း သူတို့ အလုပ်နဲ့ သူတို့ရှိတယ်ဆိုတော့လေ ရက်အတိအကျတော့ ကျနော်တို့ မပြောနိုင်သေးဘူး။ တွေ့ဖို့တော့ အစီအစဉ် ရှိမယ် တွေ့ဖို့သင့်တယ် ဆိုတော့က ကျနော်တို့ ပြောထားတာပေါ့နော။”
၀ ဦးဆောင်သည့် မြောက်ပိုင်း တိုင်းရင်းသား အဖွဲ့များက NCA မဟုတ်သည့် လမ်းကြောင်းဖြင့် ငြိမ်းချမ်းရေးကို ရယူရန်ကြိုးပမ်းသွားမည်ဟု ကြေညာပြီးနောက် ယင်း အဖွဲ့တွင် ပါဝင်သော ကချင်ပြည်လွတ်လပ်ရေး အဖွဲ့က UNFC ဥက္ကဌ တာဝန်နှင့် အဖွဲ့ဝင် အဖြစ်မှ နှုတ်ထွက်သွားခဲ့သည်။