အစိုးရနှင့် UNFC အလွတ်သဘော တွေ့ဆုံမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
ဇူလိုင်လ ၁၇ ရက်နေ့၊ ၂၀၁၇ ခုနှစ်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် (NCA) လက်မှတ် မရေးထိုးသေးသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) နှင့် အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင်တို့ မကြာမီ အလွတ်သဘောတွေ့ဆုံမည်ဟု UNFC ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးမှ ပြောသည်။

“ဟုတ်တယ် ကျနော်တို့ ၂၀ ရက်နေ့မှာ တွေ့ဖို့ စဉ်းစားထားတယ်”

တွေ့ဆုံဆွေးနွေးရေးနှင့် ပတ်သက်၍ မကြာမီရက်များအတွင်းက ပထမဆုံးအကြိမ် ကျင်းပပြုလုပ်သော UNFC ၏ ဗဟို အလုပ် အမှုဆောင် ကော်မတီ အစည်းအဝေးအပြီး တွင် UNFC ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးမှ သတင်းထောက်များအား ပြောကြားခဲ့ခြင်းဖြစ်သည်။

( UNFC ) ၏ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ DPN နှင့် အစိုးရငြိမ်းချမ်းရေး ကော်မရှင် (PC) တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံမည်ဖြစ်ကြောင်းနှင့် တွေ့ဆုံ ဆွေးနွေးမည့် အကြောင်းအရာများနှင့် ပတ်သက်ပြီး နိုင်အောင်မငေး မှ ယခုလို ဆက်ပြောသည်။

“ကျနော်တို့ အဆိုပြုချက် ကိုးချက်မှာပဲ အခြေခံပြီး ဆွေးနွေးကြ တာပေါ့ မပြီးပြတ်သေးတဲ့ဟာပေါ့။ ဒါပေမယ့် ကျနော်တို့ ၂၀ ရက်နေ့တွေ့မှာ ပြင်ဆင်မှုအားကောင်းကောင်းနဲ့ အခုက ကျနော်တို့လည်း အချိန်လေးကပ်သွားတော့ အတိအကျ အသေးစိတ်ဘာမှ မဆွေးနွေးရသေးပါဘူး။ အဓိကက ကျနော်တို့ ကျန်ရှိနေတဲ့ အချက်တွေကို ပြန်ပြီးသုံးသပ် ပြန်ပြီးဆွေးနွေးကြတာပေါ့။”

အစိုးရ ကိုယ်စားလှယ် အဖွဲ့နှင့် မတွေ့ဆုံမီ UNFC ခေါင်းဆောင်များက ဇူလိုင်လ ၁၇ ရက်နေ့တွင် ထပ်မံ တွေ့ဆုံကာ ဆွေးနွေးမည့် အကြောင်း အရာများကို အဖွ့ဲဝင် အချင်းချင်းကြားတွင် အသေးစိတ် ညှိနှိုင်းဆွေးနွေးမည်ဖြစ်သည်။

ယခုပြုလုပ်မည့် အလွတ်သဘော တွေ့ဆုံမှုမှ ရရှိလာသည့် ရလာဒ်များအား နှစ်ဖက်တာဝန်ရှိသူ အဆင့်ဆင့်သို့ ပြန်လည် တင်ပြသွားမည်ဟု နိုင်အောင်မငေးမှ ပြောသည်။

“ကျနော်တို့ ဒီတစ်ပတ်က အလွတ်သဘောပဲတွေ့မယ်။ အလွတ်သဘောတွေ့ဖို့ပဲ ကျနော်တို့ ၂ ဖက်ပေါ့ ဘယ် လောက်ညှိလို့ ရတယ်ဆိုတာ အလွတ်သဘောပဲ တွေ့ပြီးပေါ့။ ကျနော်တို့ ရတဲ့ဟာကို သူတို့က ပြန်တင် ကျနော် တို့လည်း စီအီးစီပြန်တင်ပြီးတော့ သြဂုတ်လဆန်းမှာ သူတို့နဲ့ ပြန်ချိန်းဖို့ မသိသေးဘူးလေ။ ကျနော်တို့လည်း တောက်လျှောက် ဂျူလိုင်လအထိက မအားဘူးဆိုတော့ သြဂုတ်လဆန်းမှာဆို အဲလိုပေါ့ စဉ်းစားထားတယ်။”

ဒုတိယ အကြိမ် ကျင်းပသည့် ၂၁ ရာစု ပင်လုံညီလာခံ နောက်ပိုင်း ဇွန်လ ( ၁၀ ) ရက်နေ့ကလည်း နိုင်ငံရေး ဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (DPN ) နှင့် အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် (PC ) တို့ အလွတ်သဘော တွေ့ဆုံခဲ့ကြသည်။

ယခုတွေ့ဆုံမှုသည် UNFC အဖွဲ့အတွင်းမှ ကချင်လွတ်လပ်ရေးအဖွဲ့(ကေအိုင်အို) အပါအဝင် တိုင်းရင်းသား အဖွဲ့အချို့ထွက်ခွာသွားပြီး အစိုးရနှင့် ပထမဆုံး တွေ့ဆုံမှု ဖြစ်သည်။