လူထု အသံနားထောင်ရန် NLD အစိုးရအား မွန်ဒေသခံများ တောင်းဆို
သတင်းနှင့် မီဒီယာ ကွန်ရက်။
ဇူလိုင်လ ၂၁ ရက်၊ ၂၀၁၇ ခုနှစ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ( NLD )အစိုးရအနေဖြင့် လူထုက ရွေးကောက်တင်မြှောက်ထားသည့် အစိုးရ ဖြစ်သည့်အတွက် ကျောက်မီးသွေးသုံး ဓါတ်အားပေး စက်ရုံကိစ္စတွင် လူထု၏ အသံကိုနားထောင်ပေးရန် မွန်ပြည်နယ်ရှိ ဒေသခံများက တောင်းဆိုလိုက်သည်။
ဇူလိုင်လ ၂၁ ရက်နေ့တွင် ဒေသခံများမှ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ ကျောက်မီးသွေးသုံးပြီး လည်ပတ်နေသည့် မော်လမြိုင် ဘိလပ် မြေစက်ရုံ Mawlamyine Cement Ltd. (MCL) ကိုကန့်ကွက် ဆန္ဒပြ ထုတ်ဖော်ရာတွင် တောင်းဆိုလိုက်ခြင်းဖြစ်သည်။
ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သူ ရေးမြို့နယ် အံဒင်ကျေးရွာ လူငယ် မိနီမာဦးက “ကျမတို့ဒေသမှာလည်း ကျောက်မီးသွေးစက်ရုံ ဆောက်လုပ်ဖို့ လျာထားခြင်း ခံရ တယ်။ ကျမတို့ကလည်း ကန့်ကွက်နေတယ်။ အခုဒီဒေသကလူတွေလည်း ကန့်ကွက်နေတယ်။ အစိုးရဖက်ကနေ ပြီးတော့ လူထုတွေ ရွေး ကောက်တင် မြောက်ထားတဲ့ အစိုးရဖြစ်တဲ့အတွက်ကြောင့် လူထုတွေရဲ့ အသံကို နားထောင်ပေးပါ။ လူထု တွေရဲ့ ဆန္ဒသ ဘောထားတွေကို လိုက်လျောပေးပါလို့ တောင်းဆိုချင်ပါတယ်” ဟုပြောသည်။
ကျာက်မီးသွေး စက်ရုံကြောင့် ကျန်းမာရေး ထိခိုက်မည်ကို စိုးရိမ်ကြောင်းလည်း သူက ဆက်ပြောသည်။
“ကုမ္မဏီ ဖက်ကိုလည်း ကျမတို့ ဘာပြောချင်လဲဆိုတော့ ကျမတို့ မလိုလားတဲ့ ဒီစက်ရုံမျိုးကို လာပြီးတော့ မဆောက်ပါနဲ့ ပေါ့နော ကျမတို့ကို အေးအေးချမ်းချမ်းနဲ့ အသက်ရှင်နေထိုင်ခွင့်ပေးပါလို့ပဲ ကျမ ပြောချင်ပါတယ်။”
ကျောက်မီးသွေး အသုံးပြုမှုကို ရန်တန့်ပေးရန် MCL ကျောက်မီးသွေးသုံး စက်ရုံမလည်ပတ်စဉ်က ဒေသခံ ၃၇၀၀ ကျော်တို့က လက်မှတ်ထိုးပြီး မွန်ပြည်နယ်အစိုးရနှင့် မွန်ပြည်နယ်လွှတ်တော်အပြင် နိုင်ငံတော် သမ္မ တအထိ တင်ပြတောင်းဆိုထားသည်။
ထို့ကြောင့် ပြည်နယ် လွှတ်တော်မှ တာဝန်ရှိသူများအနေဖြင့် MCL ကျောက်မီးသွေးစက်ရုံသို့ သွားရောက် စစ်ဆေးကာ ကျောက်မီးသွေးစက်ရုံှနှင့် ပတ်သက်သည့် အကြောင်းအရာများကို နိုင်ငံတော် သမ္မတထံသို့ တင်ပြထားသော်လည်း တစ်စုံတစ်ရာ အကြောင်းပြန်ကြားလာခြင်း မရှိပဲ ရှိနေသည်ဟု သိရသည်။
ဒေသခံများမှ MCL ဘိလပ်မြေစက်ရုံကို အခြားလောင်စာဖြင့် လည်ပတ်ရန် အကြိမ်ကြိမ် ဆန့်ကျင် ကန့်ကွက် တောင်းဆိုလာခဲ့သော်လည်း ကျောက်မီးသွေးသုံး လောင်စာဖြင့် စက်ရုံကို ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့က စီးပွားဖြစ် စတင်လည်ပတ်ခဲ့သည်။
“ဦးလေးတို့စိတ်ဆန္ဒကတော့ ကျောက်မီးသွေးမသုံးပဲနဲ့ တခြားစွမ်းအင်တစ်ခုခုကို သုံးစေချင်တယ် ဒါကြောင့် ဒီဟာ ကို ကန့်ကွက်ဆန္ဒပြတာ၊ ကျောက်မီးသွေး အသုံးပြုမှုကို အရင်ကလဲ ဦးလေးတို့ ကန့်ကွက်ခဲ့တယ် ဒါပေမယ့် အစိုး ရဘက်ကရော ကုမ္ပဏီဘက်ကရော ဦးလေးတို့ တောင်းဆိုမှုအပေါ် ရှင်းလင်းတာ ချပြတာ မရှိခဲ့ဘူး ဒါကြောင့် အခုထပ်ပြီးတော့ ဆန္ဒပြတယ်” ဟု မယ်ကရို ဒေသခံ နိုင်ထွန်းကြည် က ပြောသည်။
ယနေ့ ဆန္ဒ ထုတ်ဖော်ရာတွင် ဒေသခံများမှ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ အလိုမရှိ၊ သဘာဝသယံ ဇာတံ မပျက်စီးရေး ဒို့အရေး၊ ကျောက်မိုင်း ဖောက်ခွဲမှု လျှော့ချရေး ဒို့အရေး၊ ရှေးဟောင်းအမွေအနှစ်များ မပျက်စီးရေး ဒို့အရေး၊ မြစ်ချောင်းညစ်ညမ်း ပျက်စီးမှုကာကွယ်ရေး ဒို့အရေး၊ ကျောက်မီးသွေး ဆန့်ကျင်ရေး အောင်ရမည် အစရှိသည့် ကြွေးကြော်သံများ ကို ကြွေးကြော် ခဲ့ကြသည်။
ဒေသခံများအနေဖြင့် ရေရှည်တွင် မိမိတို့၏ ကျန်းမာရေး၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်းနှင့် သဘာ၀ ပတ် ဝန်းကျင်ကို ထိခိုက်စေသည့်အတွက် ကျောက်မီးသွေးစက်ရုံကို မလိုလား ကြောင်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင်လည်း MCL ဘိလပ်မြေစက်ရုံတည်ရှိရာ ဒေသအနီးတဝိုက်ရှိ ကျေးရွာ ၁၀ ရွာကျော်တို့မှ ဒေသခံ ၁၀၀၀ ခန့်တို့သည် စက်ရုံအတွင်း ကျောက်မီးသွေးအသုံးပြုနေသည်ကို ရပ်တန့် ပေး ရန် ဆန္ဒပြတောင်းဆိုမှု ရှိခဲ့သည်။