ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ပန်းတိုင်ထိချီတက်ဖို့ KNU ခေါင်းဆောင်ပြော
သတင်းနှင့်မီဒီယာ ကွန်ရက်။
သြဂုတ်လ ၁၀ ရက်နေ့၊ ၂၀၁၇ ခုနှစ်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချူပ် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အဖွဲ့၏ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Amora Tapae Hotel တွင် သြဂုတ်လ ၉ ရက်နေ့၌ စတင်ကျင်းပနေသည်။
အစည်းအဝေး အဖွင့်မိန့်ခွန်းတွင် သဘာပတိအဖြစ် ဆောင်ရွက်သော ကရင်အမျိုးသား အစည်းအရုံး KNU ဥက္ကဌ ဗိုလ်ချူပ်ကြီး မူတူးစေးဖိုး က တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများအနေဖြင့် NCA သဘောတူစာချူပ်ကို လက်မှတ်ရေးထိုးပြီး ဆက်လက်ချီတက်နေရာမှာ အားနည်းချက်တွေ ရှိနေတယ်လို့ ပြောဆိုလိုက်ပါတယ်။
ကျနော်တို့ NCA ကို ကျနော်တို့ လက်မှတ်ထိုးပီး ချီတက်တဲ့နေရာမှာ အားနည်းချက်တွေ ရှိခဲ့ပါတယ်။ ရှေ့ကို လှမ်းနိုင်ဖို့ ဒီအားနည်းချက်တွေကို လွန်ခဲ့တဲ့ အပတ် လေးဝါးမှာ ရီဗျူး ပြန်လည်ပီးတော့ သုံးသပ်တဲ့အခါ အားနည်းချက်တွေ အားသာချက်တွေ ရခဲ့တယ်။ ခု အစည်းအဝေးမှာ ပြန်စုစည်းပီး ရှေ့ကို ညီညီညွတ်ညွတ်နဲ့ စုစုစည်းစည်း ကျနော်တို့ ၈ ဖွဲ့သွားနိုင်ဖို့ အတွက် ဖြစ်ပါတယ်။
တဆက်တည်းမှာပဲ တိုင်း၇င်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းအားလုံး မျှော်မှန်းထားကြတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ပန်းတိုင်ကိုရောက်အောင် ချီတက်ကြဖို့လည်း တိုက်တွန်းပြောဆိုခဲ့ပါတယ်။
ကျနော်တို့ ၈ဖွဲ့က NCA ကို လက်မှတ်ထိုးထားတဲ့အဖွဲ့ဖြစ်ပါတယ်။ NCA လုပ်ငန်းတွေ သွားရင်းနဲ့ စိန်ခေါ်မှုအမျိုးမျိုးနဲ့ ကျနော်တို့ ရင်ဆိုင်နေရတယ်။ ဝေဖန်မှုအမျိုးမျိုးလည်း ကျနော်တို့ ကြုံခဲ့ရတယ်။ အပြစ်တင်တာလည်း ကျနော်တို့ ကြုံခဲ့ရတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီနေ့ ကျနော်တို့ တိုင်းပြည်တပြည် လုံးအတွက် ငြိမ်းချမ်းရေးကို ချီတက်နေတယ်။ အဲဒီငြိမ်းချမ်းရေးက အဆုံးသတ် ပန်းတိုင်ကတော့ ကျနော်တို့ တိုင်းပြည်အတွက် ဖယ်ဒရယ်ပြည်ထောင်စုကို မျှော်မှန်းပီး ချီတက်နေတာ ဖြစ်တယ်။ အဲဒီ အတွက် သွားတဲ့အခါ တဆင့်ပီးတဆင့်သွားခဲ့တယ်။ တဆင့်ပီးတဆင့် ကျော်လွှားပီး ဒီအဆင့်ထိ ရောက်ခဲ့တယ်။ ဆက်ပီးတော့ ပန်းတိုင်ကို ရောက်ဖို့ ဆက်သွားရအုံးမယ်။
နှစ်ရက်ကြာကျင်းပမည့် အစည်းအဝေးတွင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အလုပ်အဖွဲ့ PPWT အဖွဲ့ခေါင်းဆောင် ပဒိုစောကွယ်ထူးဝင်း မှ NCA-S EAO ၏ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာများကို ခြုံငုံသုံးသပ်တဲ့ တင်ပြမှုတွေ ပြုလုပ်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချူပ် NCA အကောင်အထည်ဖော်မှု ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ ကိစ္စတွေကိုလည်း ဆွေးနွေးကြဖို့ရှိပြီး နိုင်ငံရေး ဆွေးနွေးရေး ဆိုင်ရာ မူဘောင်ကိစ္စတွေနဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချူပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICM ကိစ္စ တွေကို ဆွေးနွေးပြီး ရှေ့လုပ်ငန်းစဉ်တွေကို ချမှတ်သွားကြမှာဖြစ်တယ်လို့လည်း သိရပါတယ်။
အပစ်ရပ် ၈ ဖွဲရဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အလုပ်အဖွဲ့ PPWT အဖွဲ့ခေါင်းဆောင် ပဒို စောကွယ်ထူးဝင်း ဦးဆောင်တဲ့ ၂၃ ဦးပါ ကော်မတီအဖွဲ့ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ ရက်နေ့က ကရင်အမျိုးသား အစည်းအရုံး KNU ဌာနချူပ် ရှိရာ လေးဝါးစခန်းမှာ NCA လက်မှတ်ရေးထိုးပြီးနောက် အကောင်အထည်ဖော်မှု ဆိုင်ရာကိစ္စတွေမှာ အဟန့်အတားဖြစ်နေမှုတွေအပေါ် ပြန်လည်သုံးသပ် ဆွေးနွေးခဲ့ပြီး အခု ထိပ်သီး အစည်းအဝေးမှာ တင်ပြသွားဖို့ရှိတယ်လို့လည်း သိရပါတယ်။
NCA အပစ်ရပ် ၈ ဖွဲ့မှာ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်အမျိုးသား အစည်းအရုံး (ငြိမ်းချမ်းရေးကောင်စီ)-(KNU-PC) ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) တို့ ပါဝင်ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။