ပလောင်စစ်ရှောင် ဒုက္ခသည်များ အကူအညီလိုအပ်နေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
သြဂုတ်လ ၁၀ ရက်နေ့၊ ၂၀၁၇ ခုနှစ်။
မြန်မာ့တပ်မတော်နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) တို့ ကြား လတ်တလော ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် နမ္မတူမြို့သို့ ထွက်ပြေးတိမ်း ရှောင်လာသည့် ဒေသခံ စစ်ဘေးရှောင် ၂၀၀ ကျော် အတွက် အကူအညီများ လိုအပ်နေသည် ဟု ဒေသခံတစ်ဦး ကပြော သည်။
“အဓိက က သူတို့ ရောက်လာတာက ပြောရမယ်ဆိုရင်တော့ အိပ်ရာလိပ်တွေလည်း အပြည့်အစုံ ပါမလာ ဘူး။ ပြီးရင် မိုးတွင်းကာလလည်းဖြစ်တယ်။ ပြီးတော့လည်း အစားသောက်ကိစ္စ တချို့ဆိုရင် ဆေးဝါးကုသမှု အပိုင်းလည်း လိုအပ်တာပေါ့နော အစားအသောက်ကိစ္စမှာလည်း လောလောဆယ် ဖြစ်သလိုပဲ သုံးဆောင်နေ ရတဲ့အပိုင်း ဖြစ်တာပေါ့နော။ သူတို့ အိပ်ဖို့အိပ်ရာလိပ်တွေ လိုအပ်မယ် စားသောက်ပိုင်းမှာလည်း လိုအပ်မယ် ပြီးရင်လည်း ဆေးဝါးကုသမှု အပိုင်းမှာလည်း လိုအပ်မယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
သြဂုတ်လ ၈ ရက်နေ့က နမ့်ဆန်မြို့နယ် ခေခင်ကျေးရွာအုပ်စု အောက်မန်ဝဲရွာကြားတွင် မြန်မာ့တပ်မတော်နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွား ခဲ့သည့်အတွက် အောက်မန်ဝဲနှင့် အထက်မန်ဝဲ ဒေသခံများ ကြောက်လန့်ကာ နမ္မတူမြို့ သို့ စစ်ဘေးရှောင်သွား ခဲ့ကြခြင်းဖြစ်သည်။
စစ်ဘေးရှောင်များမှာ နမ္မတူမြို့ရှိ ဗုဗ္ဗါရုံ ဘုန်းကြီးကျောင်းတွင် နေထိုင်နေကြရပြီး စားဝတ်နေရေးအတွက် ဘုန်း ကြီးကျောင်း၊ လူမှုအဖွဲ့အစည်းများနှင့် ဒေသခံများမှ ကူညီလုပ်ဆောင်ပေးနေသော်လည်း လိုအပ်မှုများစွာ ရှိနေ သည်ဟု ဒေသခံများက ပြောသည်။
တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA နှင့် မြန်မာ့တပ်မတော်တို့ ယမန်နေ့က နမ့်ဆန်မြို့ နယ်၊ ခေးခင်ကျေးရွာနှင့် မန်ဝဲရွာကြားတွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး နမ့်ဆန်မြို့နယ်၊ မြိုင်ကျေးရွာနှင့် ကျောက်ဖြူကျေးရွာကြားတွင် တစ်ကြိမ်ဖြစ်ပွားခဲ့သည်ဟု PSLF/TNLA ၏ သတင်းနှင့်ပြန်ကြားေးရး လူမှုကွန် ယက် ဖေ့စ်ဘွတ်စာမျက်နှာတွင် ဖော်ပြထားသည်။
ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ အလုပ်အမှုဆောင် ကော်မတီဝင် ဦးသိန်းဇော်မှ ဒေသခံပြည် သူများအနေဖြင့် ယခင်ကဲ့သို့ တပ်မတော်မှ ဖမ်းဆီးမှုများ ပြုလုပ်လာမည်ကို စိုးရိမ်၍ ထွက်ပြေးလာခြင်း ဖြစ်သည်ဟု ယခုလိုပြောသည်။
“ပြီးခဲ့တဲ့ လလိုမျိုးပေါ့နေ မန်လမ်ရွာက တပ်မတော်က တိုက်ပွဲဖြစ်ပြီးတာနဲ့ဆို တပ်မတော်က တစ်ရွာလုံးက ဖမ်းဆီး နှိပ်စက် ရိုက်နှက်တဲ့အခါကျတော့ သူတို့ အဲဒီမှာ စိုးရိမ်ပြီးတော့မှ အဲဒီမှာ နမ္မတူကို ထွက်ပြေးသွားတာ။ တိုက် ပွဲ ဖြစ်တာက မနက် ၈ နာရီခွဲကနေ ၉ နာရီခွဲ တစ်ကြိမ်၊ ၁၀ နာရီကနေ ၁၀ နာရီခွဲတစ်ကြိမ် အဲဒီမှာ တစ်နေ ရာ တည်း နှစ်ကြိမ် ဆက်တိုက်ဖြစ်နေတဲ့ အခါကျတော့ တိုက်ပွဲဖြစ်ဖြစ်ပြီးချင်းကတော့ ရွာသားတွေ ရရာ အဝတ်အစားတွေ ယူပြီးတော့ အကုန်လုံး နမ္မတူမှာ ထွက်ပြေးသွားကြတာဗျာ” ဟုပြောသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ဒေသများတွင် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများကြား တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် ဒေသခံ ပြည်သူများမှာ စားဝတ်နေရေးအတွက် သွားလာ လုပ်ကိုင်စားသောက်ရန် ခက်ခဲလာနေသည်ဟု ဒေသခံများကပြောသည်။
အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်း(ပလောင်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် မုန်တုံမြို့ အနီးတွင်လည်း ယခုလ ၅ ရက်နေ့က မြန်မာ့တပ်မတော်ယာဉ်တန်း တိုက်ခိုက်ခံရပြီးနောက် တပ်မတော်မှ မြို့အဝင်အထွက် ကန့်သတ်နေတာတွေကြောင့် ခရီးသွားပြည်သူများနှင့် ဒေသခံများ အခက်အခဲအမျိုးမျိုးနှင့် ကြုံနေကြရသည်ဟု ဒေသခံများက ပြောသည်။