ဆွေးနွေးချက်အားလုံး သဘောတူရန်လိုဟု UNFC ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
သြဂုတ်လ ၁၀ ရက်၊ ၂၀၁၇ ခုနှစ်။

ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှ ငြိမ်းချမ်းရေး ကော်မရှင် (PC) အား တင်ပြဆွေးနွေးထားသည့် အချက်များမှ အချို့အချက်များ သဘောတူညီမှု မရရှိပါက အားလုံး သဘောတူညီမှု မရရှိခြင်းပင်ဖြစ်သည်ဟု UNFC ၏ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ် DPN အဖွဲ့ ခေါင်း ဆောင် ခူးဦးရယ် မှ ပြောဆိုလိုက်သည်။

“ကျနော်တို့ သတင်းမီဒီယာထဲမှာ ဖော်ပြထားတာတွေ ကျနော်တို့ အပြည့်အစုံတော့ ကြားရပါတယ်။ တချို့ ကပြောကြတယ် နှစ်ချက်ပဲကျန်တယ် တစ်ချက်ပဲကျန်တယ်။ သုံးလေးချက်ကျန်တယ် စသဖြင့်ပေါ့ ဘယ်နှစ် ချက်ပဲကျန်ကျန် ကျနော်တို့ ဆွေးနွေးတာက ၈ ချက် တစ်ချက်ကျန်ရင်လည်းပဲ ၈ ချက်သဘောမတူ သလိုပဲ ဖြစ်တယ်။ ၈ ချက်လုံးသဘောမတူလည်း ၈ ချက်လုံး မပြေလည်ဘူးဆိုတာကိုလည်း အဓိပ္ပာယ်ပေါက်ပါတယ်။ ဒါဟာအဖြေပါပဲ” ဟု ပြောသည်။

ထို့အတူ အစိုးရနှင့် ဆွေးနွေးနေမှုများသည် ၁၄ လအကြာ ဆွေးနွေးမှု အပြီးတွင် နှစ်ဖက်ကြား ယုံကြည်မှု အဆင့်မှာ သုညအဆင့်တွင်ပဲ ရှိနေသးသည်ဟု  ထင်မြင်ယူဆကြောင်း ခူးဦးရယ် က ပြောသည်။

သြဂုတ် ၁၀ ရက်နေ့ (ယနေ့)တွင် ရန်ကုန်မြို့ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန NRPC တွင် UNFC ၏ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (DPN) နှင့် ငြိမ်းချမ်းရေး ကော်မရှင်(PC) တို့ ဆဌမအကြိမ်မြောက် တရားဝင်တွေ့ဆုံဆွေးနွေးပွဲ အဖွင့်နှုတ်ခွန်းဆက် စကားပြောဆို ရာတွင် ခူးဦးရယ်မှ ထည့်သွင်းပြောဆိုသွားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ယခုတွေ့ဆုံဆွေးနွေးပွဲ၌ ကျန်ရှိနေသည့် အချက်များအား အဓိက ဆွေးနွေးညှိနှိုင်းယူမည်ထက်   နှစ်ဦးနှစ်ဖက်အနေဖြင့် မည်သည့် အချက်များမှာ နားလည်မှု လက်ခံမှု အတိုင်းအတာ မည်မျှရှိနေသည်ကို ပိုမို ခိုင်မာစေချင်သည့်အတွက် တင်ပြဆွေးနွေးထားသည့် အချက်တစ်ချက်ချင်းစီအား ပြန်လည်ဆွေးနွေး စေချင် သည်ဟု DPN မှ ပြောသည်။

“ဆိုလိုတာကတော့ ကျနော်တို့ တကယ်ပဲ တိတိပပ နှစ်ဖက်စလုံး နားလည်မှုတူညီတယ် သဘောတူညီတဲ့ဟာ မျိုးက တကယ်ဟုတ်မဟုတ် တစ်ဆင့်ချင်းသဘောနဲ့ ကျနော်က သွားချင်တာဖြစ်ပါတယ်။ သို့မဟုတ်ရင် တစ် ကြိမ်ခံပြီးတိုင်း နောက်တစ်ကြိမ်ကျလို့ရှိရင် တစ်မျိုးပြန်ပြန်ပြီးတော့ အဆင်မချောသလို ဝေါဟာရ တစ်လုံး လေးနဲ့ ကပ်ပြီးတော့ ပြန်ပြောနေရတာတွေကတော့ မဖြစ်သင့်ဘူးလို့ ကျနော်ကတော့ထင်တယ်။ ကျနော်တို့က ရှေ့ကို ရွေ့ ရမယ့်အစား နောက်ကို ပြန်ပြန်ပြောရတဲ့ဟာက ကျနော်တို့အတွက် ကြန့်ကြာမှုတွေ ဖြစ်စေတယ်လို့ ကျနော်က အဲလိုနားလည်ပါတယ်” ဟု ခူးဦးရယ်က ပြောသည်။

UNFC ဘက်မှ တောင်းဆိုထားသည့် အချက်(၈)ချက်အနက် နိုင်ငံရေး ဆွေးနွေးမှု မူဘောင် ပြန်လည်ရေးဆွဲ ရေးနှင့် ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့်ရေးအဖွဲ့ (JMC) ကို ပြန်လည် သုံးသပ်ပြင်ဆင်ရန် ဆိုသည့် အချက် (၂) ချက်တို့အား DPN မှ ဆွေးနွေးနေကြခြင်းဖြစ်သည်။

ငြိမ်းချမ်းရေး ကော်မရှင်အနေဖြင့် UNFC ၏ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (DPN)  နှင့် တရားဝင်တွေ့ဆုံမှု ၁၆ ကြိမ်နဲ့ အကြို ညှိနှိုင်းဆွေးနွေးမှု ၁၀ ကြိမ်လောက် တွေ့ဆုံခဲ့ပြီး ဆွေးနွေးပွဲ၏ အကျိုး ရလာဒ်အနေဖြင့် DPN မှ အဆိုပြုထားသည့် အချက်ကိုးချက်သည် အတော်ခရီးရောက်နေပြီဟု ယုံကြည် ကြောင်းနှင့် ယခု ဆွေးနွေးပွဲတွင် သဘောတူညီမှု ရရှိရန် ကျန်ရှိနေသည့် အချက်များအား အဓိကထား ဆွေး နွေးနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ငြိမ်းချမ်းရေး ကော်မရှင် (PC ) ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်းမှ ပြော သည်။

ထို့အပြင် ငြိမ်းချမ်းရေးအပေါ်ထားရှိသည့် နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် သဘောထား နှင့် ပတ်သက်ပြီး ဒေါက်တာတင်မျိုးဝင်း မှ ယခုလိုဆက်ပြောသည်။

“တဆက်တည်းမှာပဲ သူဟာ ဒီက ကျနော်တို့ ခေါင်းဆောင်တွေဆီကနေပြီးတော့ ငြိမ်းချမ်းရေး ခြေလှမ်းကို အပြီးတိုင် လှမ်းနိုင်လိမ့်မယ်လို့ သူယုံကြည်နေပါကြောင်း စကားလက်ဆောင် ပါးပါတယ်။ အဲဒါသူ့အနေနဲ့က တော့ ဒီနိုင်ငံရေးဆွေးနွေးပွဲမှာ ဒီက ခေါင်းဆောင်တွေကို အမှုပြုပြီးတော့ မကြာခင် စတင်မယ့် ကျနော်တို့ တတိယ အကြိမ်ပေါ့နော ဒီ ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေးညီလာခံမှာတော့ ဒီက ကိုယ်စားလှယ်တွေ အား လုံး လက်မှတ် ရေးထိုးပြီးတော့ ပါဝင်နိုင်လိမ့်မယ်လို့ သူကတော့ တော်တော်လေးကို ယုံကြည်နေပါတယ်။” ဟု ပြောသည်။

ဆွေးနွေးပွဲကို ငြိမ်းချမ်းရေး ကော်မရှင် PC မှ ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်ပြီး တိုင်းရင်းသား လက် နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ် DPN အဖွဲ့ မှ အဖွဲ့ခေါင်းဆောင် ခူးဦးရယ် ဦးဆောင်ပြီး အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။