SSPP/SSA အဖွဲ့ UNFC မှ နှုတ်ထွက်ခွင့်တောင်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
သြဂုတ်လ ၂၁ ရက်၊ ၂၀၁၇။

ရှမ်းပြည် တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် မြောက်ပိုင်း SSPP/SSA အဖွဲ့က ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှ နှုတ်ထွက်စာတင်ထားသည်။

UNFC ဥက္ကဋ္ဌ နိုင်ဟံသာထံသို့ သြဂုတ်လ ၁၂ ရက်နေ့က နှုတ်ထွက်စာ ပေးပို့ထားကြောင်း SSPP/SSA ဒု-ဌက္ကဋ္ဌ ဗိုလ်ချုပ် စဝ်ခွန်ဆိုင် မှ UWSA ဌာနချုပ် ပန်ခမ်း(ပန်ဆန်း) တွင် ပြုလုပ်သည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီ (FPNCC) အစည်းအဝေးတွင် အဖွဲ့ဝင်များအား တရားဝင်အသိပေးလိုက်သည်။

“၂၀၁၇ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့မှာ UNFC ဥက္ကဋ္ဌ နိုင်ဟံသာကိုနော ကျနော်တို့ စာရေးပြီးတော့မှ အကြောင်းအရာ မိမိတို့ တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင် အဖြစ်မှ နှုတ်ထွက်ခွင့်ပြုရန် တင်ပြခြင်းဆိုတဲ့ စာကိုပေးပို့ပြီးသား ဖြစ်ပါတယ် ဆိုတဲ့အကြောင်း ဒီနေရာမှာ ကျနော်ပြန်ပြီး ကြောငြာအပ်ပါတယ်ခင်ဗျာ” ဟု ဗိုလ်ချုပ် စဝ်ခွန်ဆိုင်က ပြောသည်။

SSPP/SSA သည် UNFC အဖွဲ့ဝင် ဖြစ်သကဲ့သို့ UWSA ဦးဆောင်သည့် မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင်လည်း ဖြစ်သည်။

ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် မြောက်ပိုင်း SSPP/SSA နှုတ်ထွက်သွားမည်ဆိုပါက UNFC တွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP၊ မွန်ပြည်သစ်ပါတီ NMSP၊ လားဟူဒီမိုကရက်တစ်ယူနီယံ LDU နှင့် ရခိုင်အမျိုးသား ကောင်စီ ANC စသည့် အဖွဲ့ ၄ ဖွဲ့သာကျန်ရှိမည်ဖြစ်သည်။

ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်မြောက်ပိုင်း  (SSPP/SSA) ပါဝင်သည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီ (FPNCC) တွင် ၀ ပြည်သွေးစည်းညီညွတ်ရေး ပါတီ (UWSP)၊ ကချင် လွတ်လပ်ရေး အဖွဲ့ (KIO)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF)၊ မြန်မာအမျိုးသားများ ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)(ကိုးကန့်အဖွဲ့)၊ ရခိုင်တပ်မတော် (AA) နှင့် အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA)(မိုင်းလားအဖွဲ့) တို့ပါဝင်သည်။

UNFC သည် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA ကို လက်မှတ်ရေးထိုးရန် အစိုးရငြိမ်းချမ်းရေး ကော်မရှင် PC နှင့် ဆွေးနွေးညှိနှိုင်းလျက်ရှိနေသည်။ အချက် ၈ ချက်တွင် ၄ ချက်အား သဘောတူညီမှု ရရှိထား ပြီး ကျန်ရှိနေသည့် အချက်များအား ဆွေးနွေးညှိနှိုင်းရန် လိုနေသေးသည်။

UNFC သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA လမ်းကြောင်းအတိုင်းသွားရန် ဆုံးဖြတ် ထားပြီး UWSA ဦးဆောင်သည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွးညှိနှိုင်းရေး ကော်မတီ (FPNCC) ကမူ NCA လမ်းကြောင်းအတိုင်း မဟုတ်ပဲ အခြားနိုင်ငံရေး လမ်းကြောင်းအသစ်ဖြင့် သွားမည်ဟု တရားဝင် ထုတ်ပြန်ထား သည့် အဖွဲ့ဖြစ်သည်။

ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် မြောက်ပိုင်း SSPP/SSA သည် ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC စတင်ဖွဲ့စည်းစဉ်ကတည်းက ပါဝင်သည့် အဖွဲ့အစည်းဖြစ်သည်။