အပစ်ရပ်အဖွဲ့များ ဒုတိယ ပင်လုံ တတိယ အစည်းအဝေးအတွက် ပြင်ဆင်
သတင်းနှင့် မီဒီယာ ကွန်ရက်။
စက်တင်ဘာလ ၈ ရက်၊ ၂၀၁၇ ခုနှစ်။
အပစ်ရပ် ရှစ်ဖွဲ့ အစည်းအဝေးတွင် တတိယအကြိမ် ကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံ (ခေါ်) ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် ဆွေးနွေး မည့် ကဏ္ဍကြီး ၅ ရပ်အား အခက်အခဲမရှိ ဆွေးနွေးနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် မဟာဗျူ ဟာ ညှိနှိုင်းရေးဆွဲခြင်းဖြစ်သည်ဟု အဖွဲ့ခေါင်းဆောင်များက ပြောသည်။
“လာမယ့်ဆွေးနွေးပွဲမှာ ကဏ္ဍကြီး ၅ ရပ်လာမယ်။ ကဏ္ဍကြီး ၅ ရပ်မှာ နိုင်ငံရေးကဏ္ဍက အဓိကဖြစ်တဲ့အတွက် သူ့ကို ပိုပြီးတော့ ပိုင်ပိုင်နိုင်နိုင်ဖြစ်အောင် လေ့လာပြီးတော့ ဆွေးနွေးကြဖို့ လုံခြုံရေးကဏ္ဍမှာ အခက်အခဲရှိ တယ်ဆိုရင် လုံခြုံရေး ကဏ္ဍကို အခုကတည်းက ဆွေးနွေးမယ့်လူတွေက ကြိုပြီးမှ မိမိတို့ အဖွဲ့အစည်းမှာ ကြိုပြင်ဆင်ဖို့ ပြင်ဆင်မှုအားကောင်းဖို့ အရင်လွန်ခဲ့တဲ့အပတ်ကတော့ ပြင်ဆင်မှုအားနည်းတာကိုး ဒီလိုပုံစံပေါ့ နောက်ပြီးတော့ကဏ္ဍ ၅ ရပ်ထဲမှာ နိုင်ငံရေး ကဏ္ဍ လုံခြုံရေးကဏ္ဍ အရေးပါပြီးတော့ ဆုံးဖြတ်ချက်ရရင် ကျန်တဲ့ လူမှုရေးတို့ ကျနော်တို့ သဘာ၀ သယံဇာတတို့ စီးပွားရေးကဏ္ဍတွေဟာ နောက်ဆက်တွဲပေါ့လေ ဒါကြောင့် အဲဒီကဏ္ဍတွေကို နည်းနည်းလေးရံထားပြီးတော့ အဓိက ကဏ္ဍတွေကို ပိုပြီးတော့ ပိုင်နိုင်အောင် ဆွေးနွေးဖို့ ဆိုတဲ့ဟာမျိုးပေါ့ဗျား ဒါကို ကျနော်တို့က ပြင်ဆင်မှု လုပ်တာပေါ့။ နောက်လာမယ့် အချိန်မှာ အခက်အခဲ မဖြစ် အောင်။” ဟု အပစ်ရပ် ၈ ဖွဲ့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ကြီး ခွန်ဥက္ကာ ကပြောသည်။
လာမည့် တတိယအကြိမ် ၂၁ ရာစုပင်လုံ ညီလာခံ (ခေါ်) ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ မြေယာနဲ့ သဘာ၀ သယံဇာတ စသည် ကဏ္ဍကြီး ၅ ရပ်ကို ဆွေးနွေး ကြမည် ဖြစ်သည်။
ပြီးခဲ့သည့် ဒုတိယအကြိမ် ၂၁ ရာစုပင်လုံ ညီလာခံ ေ(ခေါ်) ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် နိုင်ငံရေး အတွက် ဆုံးဖြတ်ချက်ချသည့်အပိုင်းနှင့် PPST ၊ UPDJC ၊ JMC စသည်အစုအဖွဲ့များ အကြား ဆက်သွယ် ဆောင်ရွက်သည့်အခါတွင် အားနည်းချက်များ ရှိခဲ့သည့်အတွက် ၎င်းတို့ကို ပြန်လည် ပြင်ဆင်ပြီး လာမည့် NCA ၂ နှစ်မြောက် နှစ်ပတ်လည်နှင့် တတိယအကြိမ် ကျင်းပမည့် ၂၁ ရာစု ပင်လုံ ညီလာခံတွင် ချောချောမွေ့မွေ့ ဆွေးနွေးနိုင်ရန် ပြင်ဆင်ခြင်းဖြစ်သည် ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆက် ပြောသည်။
တစ်နိုင်လုံး ပစ်ခတ်တိုက်ခိုက် ရပ်စဲရေး စာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် အဖွဲ့များအနေဖြင့် ဆွေး နွေးရမည့် ကဏ္ဍ ၅ ရပ်အား ယခင်ကဲ့သို့ တစ်ဖွဲ့ချင်းစီ တင်ပြခြင်းမျိုး မဟုတ်ပဲ စုပေါင်းတင်ပြရန် RCSS/SSA ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီး ယွက်ဆစ်မှ တိုက်တွန်းခဲ့သည်ဟု RCSS/SSA ၏ နိုင်ငံရေးအကြံပေး ဦးခွန်ဆိုင်း ကပြောသည်။
“ဥက္ကဋ္ဌကြီး ယွတ်စစ်ကပြောတာက ဘာလဲဆိုတော့ ကျနော်တို့ရဲ့ မဟာဗျူဟာဟာ အင်န်စီအေဖြစ်ပါတယ်။ ကျနော်တို့ရဲ့ နည်းဗျူဟာကတော့ ဆွေးနွေးရမယ့် ခေါင်းစဉ် ၅ ခုဖြစ်ပါတယ်တဲ့ ဒီတော့ အင်န်စီအေကို လက်ဆုပ် လက်ကိုင် ဆက်ထားပြီးတော့မှ ဒီခေါင်းစဉ် ၅ ခုကို ကျနော်တို့ အရင်ကလို သီးခြား ကိုယ့်ဖာသာ ကိုယ် တင်ပြတာ မျိုး မဖြစ်စေချင်ပဲ အားလုံးစုပေါင်း ပြီးတော့မှ တင်ပြတာမျိုး ဖြစ်နိုင်ရင်ကောင်းမယ် ဒီဥစ္စာကို လုပ်သွားဖို့လိုတယ် သူလည်းတိုက်တွန်းတယ်။”
ယခုကျင်းပသည့် မဟာဗျူဟာရေးဆွဲရေး အစည်းအဝေးတွင် UPDJC နှင့် JMC မှ ခေါင်းဆောင်များ ပါဝင်တက် ရောက် ဆွေးနွေးကြပြီး ၎င်းတို့အဖွဲ့ ၂ ဖွဲ့မှ ရှေ့လုပ်ငန်းစဉ်အတွက် ရေးဆွဲထားသည့် အကြောင်း အရာများအား နိုင်ငံရေးအရ အဆုံးအဖြတ်ပေးနိုင်သည့် PPST မှ အတည်ပြုပေးခဲ့သည်။
“UPDJC ဆိုလို့ရှိရင်လည်း သူတို့က မဟာဗျူဟာရေးဆွဲထားတာရှိတယ်။ သို့သော်လည်း သူတို့ ရေးဆွဲထားတဲ့ မဟာဗျူဟာတွေက ဒီအပြီးသတ် ဆုံးဖြတ်နိုင်တဲ့ အခြေအနေ မရောက်သေးတဲ့ အခါကျတော့ သူတို့ကလည်း ထပ်မံ သူတို့ဖာသာသူတို့ ဆွေးနွေး ပြီးတော့မှ လာတင်ပြတယ်။ ဒီလာတင်ပြချက်ကို ဒီမှာလာပြီးတော့မှ PPST ကနေ ဆုံးဖြတ်ပေးတယ်နော။ ဘယ်လိုဆုံးဖြတ်တယ်ဆိုတာတော့ အခုသူတို့က မပြောနိုင်ဘူးပေါ့။ ဘာဖြစ်လို့ လဲဆို တော့ အစိုးရနဲ့တွေ့မှ ပြောနိုင်မယ့်ကိစ္စတွေကိုနော။ အဲဒါပေါ့ JMC လည်း ဒီတိုင်းပါပဲ သို့သော်လည်းပဲ သူတို့ အစိုးရနဲ့ တွေ့ပြီဆိုလို့ရှိရင် သူတို့ ပြင်ဆင်ထားရမှာက JICM အစည်းအဝေးခေါ်ဖို့နော” ဟု ဦးခွန်ဆိုင်းမှ ပြောသည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် (NCA) ချုပ်ဆိုထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ မဟာဗျူဟာ ညှိနှိုင်းရေးဆွဲရေး အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် စက်တင်ဘာလ ၆ ရက်မှ ၇ ရက်နေ့အထိ ကျင်းပခဲ့သည်။
တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ (၁၅) ရက်နေ့ တွင် ကရင်အမျိုး သားအစည်းအရုံး (KNU) ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ပအိုဝ်အမျိုး သားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်အမျိုး သားအစည်း အရုံး (ငြိမ်းချမ်းရေးကောင်စီ) (KNU-PC)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) စသည့် တိုင်းရင်း သား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ လက်မှတ်ရေးထိုးခဲ့ကြသည်။