အရပ်သား နှစ်ဦး မိုင်းနင်း သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
အောက်တိုဘာလ ၂၁ ရက်၊ ၂၀၁၇ ခုနှစ်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ် ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင် လက်ဖက်ခြံမှ ကျေးရွာသို့ ပြန်လာသည့် ဒေသခံ ၂ ဦး လမ်းတွင် မိုင်းနင်းမိသည့်အတွက် အောက်တိုဘာလ ၂၀ ရက်က အသက်ဆုံးရှုံးခဲ့သည်။

အသက်ဆုံးရှုံးသူများမှာ အသက် ၂၀ နှစ်အရွယ် မန်လွယ်ရွာသူ လွေးအေးနန်းနှင့် အသက် ၃၀ နှစ်အရွယ် လုံတောက်ရွာသား မိုင်းလှဆိုင် တို့ဖြစ်သည်။

“မန်လွယ်ရွာဖြစ်တဲ့ကောင်မလေးက ဖြစ်ဖြစ်ချင်းမှာတော့ ခြေထောက်တစ်ဖက်ကတော့ ပြတ်သွားတယ်။ ခြေ ထောက်တစ်ဖက်က ကျိုးတော့ကျိုးနေတယ် တန်းလန်းကြီးတော့ ကျန်နေတာပေါ့ အဲဒါကို လားရှိုး ဆေးရုံ ပို့ဖို့ သွားတဲ့အချိန်မှာ လမ်းမှာပဲ သူဆုံးသွားတာပေါ့နော။ သွေးထွက်တာ များပြီးတော့ ဆုံးသွားတာပေါ့နော။ လုံ တောက်ရွာဖက်မှာ ဖြစ်တာကျတော့ အမျိုးသားပေါ့နော် အသက် ၃၀ လောက်ရှိတဲ့ အမျိုးသားက မိုင်းလှဆိုင် ကတော့ ဖြစ်တာနဲ့ သူ့ဗိုက်မှာထိတော့ ထိခိုက်ဒဏ်ရာ နည်းနည်းများတာပေါ့ များတဲ့အခါကျတော့ အသက်တော့ ရှိတယ် ဒါပေမယ့် ကုဖို့က တော်တော်လေး ခဲယဉ်းတာပေါ့ ခန္ဓာကိုယ်ကလည်း တော်တော်လေး ပျက်ဆီးနေတဲ့ အပိုင်းတော့ ရှိတာပေါ့နော အဲလိုဖြစ်တော့ ဖြစ်တဲ့အခင်းနေရာမှာပဲ သူဆုံးသွားတယ်ပေါ့နော” ဟု တအာင်း ဥပဒေအထောက်အကူပြုအဖွဲ့ တာဝန်ခံ မိုင်းမျိုးအောင် က ပြောသည်။

ဒေသခံများအနေဖြင့် မြန်မာ့တပ်မတော်က သုံးသည့် မိုင်းအမျိုးအစားနဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများသုံးသည့် မိုင်းအမျိုးအစားကို ခွဲခြား၍ မသိသည့်အတွက် မည်သည့်ဖက်မှ ထောင်ထားသည့် မိုင်းဖြစ်သည်ကို မသိနိုင်ကြောင်း မိုင်းမျိုးအောင်မှ ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၂၀၁၇ ခုနှစ်အတွင်း တအာင်း ဥပဒေအထောက်အကူအပြုအဖွဲ့၏ စာရင်းအရ မိုင်းကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ ၃၉ ဦးနှင့် ယခုအဖြစ်အပျက်တွင် သေဆုံးသူ ၂ ဦးအပါအဝင် သေဆုံးသူ စုစုပေါင်း ၁၃ ဦးရှိသည် ဟု တအာင်းဥပဒေ အထောက်အကူပြုအဖွဲ့မှ ပြောသည်။

ယခုကဲ့သို့ မြေမြှုပ်မိုင်းအသုံးပြုခြင်းကြောင့် ဒေသခံ ပြည်သူများထိခိုက်နစ်နာနေသည့်အတွက်  မိုင်းအသုံးမပြုစေချင်ကြောင်း မိုင်းမျိုးအောငက ပြောသည်။

“အဓိကပြောချင်တာက တိုက်ပွဲ ဖြစ်တာတော့ တိုက်ပွဲဖြစ်တာပေါ့နော သို့သော်လည်း အဲလိုမျိုး မိုင်းတွေအသုံး ပြုတာကို ကျနော်တို့ မဖြစ်စေချင်ဘူးပေါ့နော ဘာဖြစ်လဲဆိုတော့ လူအများသွားလာတဲ့နေရာ အများလုပ်ကိုင် စား သောက်တဲ့နေရာတွေဖြစ်တယ်။ အဲဒါ မိုင်းကို အသုံးပြုခြင်းအားဖြင့် ဒီ လူထုကြီးက တော်တော်လေးနစ်နာ တာ ပေါ့နော အခုလည်း တောက်လျှောက်အမြဲတမ်းပေါ့နော ကျနော်တို့ဆီမှာ ရှိတဲ့ စာရင်းအရဆို ဒီနှစ်အတွင်း ဆို အယောက် ၃၀ ကျော် ၄၀ လောက်ရှိတယ်ပေါ့နော အဲလို မိုင်းကြောင့် ထိခိုက်ဒဏ်ရာရတာ ဆိုတာကိုပေါ့နော။ ဆိုတော့ အဲဒါကိုတော့ မလုပ်စေချင်ဘူး။ အဓိကကတော့ အထူးသဖြင့်ကတော့ ပြောချင်တာကတော့ ဒီမိုင်းတွေ မသုံးဖို့ပေါ့နော အထူးသဖြင့် မြေမြုပ်မိုင်းတွေ ဆွဲမိုင်းတွေ မသုံးဖို့ပေါ့နော အဲဒါကို  သုံးမယ်ဆိုရင် တောင်မှ လူထုကို ထိထိရောက်ရောက် အသိပေးဖို့ပေါ့နော ဒါအရေးကြီးတာပေါ့နော။”

တအာင်းဥပဒေ အထောက်အကူပြုအဖွဲ့အနေဖြင့် ဒေသခံပြည်သူများအား မိုင်းနှင့်ပတ်သက်သည့် အသိပညာပေး အစီအစဉ်များကို လုပ်ဆောင်မှုရှိသော်လည်း တွင်တွင်ကျယ်ကျယ် လုပ်ဆောင်နိုင်ခြင်း မရှိသေးဟု မိုင်းမျိုးအောင်က ပြောသည်။