ဘုရားကျောင်းဝင်းအတွင်း စစ်သားများ ရိုက်နှက်မှု ဥပဒေအရ တိုင်ကြားမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
အောက်တိုဘာလ ၂၀ ရက်၊ ၂၀၁၇ ခုနှစ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုရှိ ကချင်နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းဝင်း အတွင်းရှိ ဒေသခံလေးဦးအား မြန်မာ့တပ်မတော်မှ ဖမ်းဆီးခေါ်ဆောင် ရိုက်နှက်မှုနှင့် ပတ်သက်၍ တရားဥပဒေအတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဟု ဒေသခံများက ပြောသည်။

လုံးခင်းကျေးရွာအုပ်စု ကုဋေ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းမှ လူငယ်တာဝန်ခံ ဦးမရန်တူးလွမ် က “ဒီအတိုင်းတော့ ငြိမ်နေမှာမဟုတ်ဘူး။ တရားစွဲသင့်ရင်လည်းစွဲမယ်။ အသင်းတော်နဲ့ ဆိုင်တဲ့ကိစ္စ ဆိုတော့ အသင်းတော် အဆင့်ဆင့်ပေါ့၊ ဇုံနယ်အလိုက် KBC ဌာနချုပ်ရော၊ နောက်ဆုံးတော့ ကာချုပ် ကြီးမင်းအောင်လှိုင်အထိပေါ့ အဆင့်ဆင့် စာတင်သွားမယ်ဗျ။ လောလောဆယ်တော့ ကျနော်တို့ဒီ လွှတ်တော်အမတ်တွေနဲ့ရော လူကြီးပိုင်းတွေနဲ့ရော တွေ့ ဖို့ရှိတယ်။ အခုတော့ ကုဋေရွာအုပ်ချုပ်ရေး မှူးနဲ့လည်း တွေ့ ပြီးပြီ။ ကျန်တဲ့ ဌာနဆိုင်ရာတွေနဲ့လည်း တွေ့ဖို့ရှိတယ်” ပြောသည်။

အောက်တိုဘာလ ၁၈ ရက်နေ့ ည ဆယ်နာရီခန့်အချိန်တွင် ဘုရားကျောင်းဝင်းအတွင်း ထမင်းဟင်း ချက်နေသည့် ဒေသခံအမျိုးသားလေးဦးကို မြန်မာ့တပ်မတော်မှ ဖမ်းဆီးခေါ်ဆောင်သွားကာ ရိုက်နှက်ခဲ့ခြင်းဖြစ်သည်။

ဘုရားကျောင်းဝင်းအတွင်း အသင်းတော်မှ အသင်းသူ/သားများ၊ လူငယ်များမှာ အိမ်သစ်တက် ဆုတောင်းပွဲအတွက် ထမင်းဟင်းများ ချက်ပြုတ်နေစဉ်၊ အသင်းတော်စောင့်မှ ဘုရားကျောင်း ခြံဝင်းတံခါးများ လိုက်လံပိတ်ရာ အနီးအနားတွင် စောင့်နေသည့် စစ်သားများအား ဓါတ်မီးဖြင့် သွားထိုးမိရာမှ စစ်သားများမှ လိုက်လံဖမ်းဆီး ရိုက်နှက်ခြင်းဖြစ်သည်ဟု မျက်မြင်သက်သေ ဦးမရန်တူးလွမ် က ပြောသည်။

“ကျနော်တို့က သူငယ်ချင်းတယောက်ရဲ့ အိမ်သစ်တက်ပွဲအတွက် အသင်းသူ/သားတွေက ဘုရား ကျောင်းမှာ ချက်ပြုတ်ရေးလုပ်နေတာပေါ့။ အဲ့ချိန်မှာ ဘုရားကျောင်းဒေါ်လဝမ် (အစောင့်)ကကိုးနာရီ ဆယ်နာရီ ပတ်ဝန်းကျင်မှာ လိုက်ကြည့်တာပေါ့။ တံခါးတွေပိတ်တာပေါ့၊ အဲ့ဒါကို သူကလည်း မသိ တော့ ဓါတ်မီးသွားထွန်းလိုက်တာ အဲ့မှာ ဘာလို့ထွန်းတာလဲ၊ ရပ်စမ်း၊ မရပ်ဘူးဆိုရင် အဲ့ကောင်ကို ပစ်သတ်လိုက်တဲ့။ ကျနော်နဲ့ ဘုရားကျောင်း ဒလဝမ် (အစောင့်)က လန့်သွားတာပေါ့။ တခါတည်း ထွက်ပြေးသွားတာနဲ့ သေနတ်နဲ့ ပစ်လိုက်တာပဲ။ ထိတော့မထိဘူး။ ဘုရားကျောင်းဝင်းထဲမှာ သေနတ် တခေါက်ပစ်တယ်” ဟု ပြောသည်။

တပ်မ ၁၀၁ မှ စစ်သား အယောက် ၂၀ ကျော်ခန့်သည် ဘုရားကျောင်းအနီးတွင် လူတစ်ဦးအား ဖမ်းဆီးရန် ရောက်နေခြင်းဖြစ်သည်ဟု သိရသည်။

စစ်သား ခုနှစ်ဦးခန့်က ဘုရားကျောင်းဝင်းထဲ ဝင်လာပြီး “ထွက်ပြေးတဲ့လူကို လိုက်ဖမ်းတာ၊ မတွေ့ တော့ ထမင်းဟင်း ချက်ပြုတ်နေတဲ့လူတွေကို ရိုက်တယ်၊ နှက်တယ်၊ ထိုးတယ်၊ ပြီးတော့ အားလုံးကို မှောက်ခုံထားတယ်၊ အော်တယ်၊ ဆဲတယ်၊ သတ်ပစ်မယ်၊ သေနတ်နဲ့ ချိန်ထားပြီးတော့ အားလုံးကို သတ်ပစ်မယ်၊ ပြီးတော့ ယောကျ်ား လေးယောက်ကို နှစ်နာရီ နီးပါးလောက် ဖမ်းသွားတယ်။ ပြီးတော့ ပြန်လွှတ်ပေးတယ်။ နှစ်ယောက်ကတော့ ဒဏ်ရာပြင်းထန်တယ်။ ဘာမှ အပြစ်မှမရှိဘူး။ ဘာအမှုမှ လည်း မလုပ်ဘူး။ အဲ့ဒါ တခြားကိစ္စနဲ့လာတဲ့ဟာကို ကျနော်တို့ကို အပြစ်ရှာတာပေါ့။ စစ်သား ခုနှစ် ယောက်လောက်က ဘုရားကျောင်းထဲဝင်လာတယ်၊ အပြင်မှတော့ နှစ်ဆယ်လောက်ရှိမယ်ထင် တယ်။ သူတို့စစ်သား အင်္ကျီမှာတော့ ၁၀၁ လို့ရေးထားတယ်”ဟု ဦးမရန်တူးလွမ် က ပြောသည်။

အဆိုပါစစ်သားများမှာ ဒေသခံ ကချင်အမျိုးသား လေးဦးအား ဖမ်းဆီးရိုက်နှက်ခြင်းအပြင် ဘုရား ကျောင်းဝင်းအတွင်းရှိနေသူများအား သေနတ်ဖြင့် ပစ်ခတ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ရိုက်နှက်ခြင်း၊ ဆဲဆိုခြင်းများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

ဖားကန့် မြို့ နယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဒါရှီလဆိုင်းက “ကျနော်တို့ကို လာ ပြောရင်တော့ ဥပဒေအတိုင်းတော့ လုပ်ပေးရမှာပေါ့။ ဖြစ်စဉ်တွေကို သေချာစိစစ်ပြီးတော့လေ။ အခုထိ တော့ သူတို့ဘက်က ဘာမှတော့ မပြောသေးဘူး။ ဒီဒေသက ရတနာနယ်မြေဆိုတော့လေ ဥပဒေပိုင်း ဆိုင်ရာက အားနည်းတဲ့ လုပ်ပိုင်ခွင့်ရှိနေတဲ့ လူတွေကလည်း လုပ်ပိုင်ခွင့်ကို အဓိကသုံးနေကြတာလေ။ ပြည်သူဆိုတာ သူပုန်လည်းမဟုတ်ဘူးလေ။ ဓါးမြလည်းမဟုတ်ဘူးလေ။ အနေအထားတွေ့ရတယ်။ တပ်မတော်သားတွေကလည်း နယ်မြေ စိုးမိုးရေးနဲ့ လုံခြုံရေးကဏ္ဍအရ သူတို့ကလုပ်နေရတယ်ဆိုတာ မျိုး အမြဲပြောနေတာပေါ့နော်။ အဲ့အပေါ်မှာ အားနည်းချက်တွေကြောင့် ပဲဖြစ်နေတယ်လို့ပဲ ပြောရမှာပေါ့” ဟု ပြောသည်။

ဖမ်းဆီးရိုက်နှက်ခံခဲ့ရသည့် ဒေသခံ ကချင်အမျိုးသား လေးဦးမှာ ဦးအင်ဘွေတူးလွန်၊ ဦးမရစ်ဂွန်းမိုင်၊ ဦးလဂွေလရိန်နှင့် ဦးဂျန်မော်ဂမ်မော်တို့ ဖြစ်ကြသည်။