ပလောင် (တအာင်း) ဒေသတွင် တိုက်ပွဲများ ဖြစ်ပွား
သတင်းနှင့် မီဒီယာ ကွန်ရက်။
အောက်တိုဘာလ ၂၀ ရက်၊ ၂၀၁၇ ခုနှစ်။
မြန်မာတပ်မတော်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် ( PSLF/TNLA ) တို့ အကြား ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အောက်တိုဘာလ ၂၀ ရက် ယနေ့တွင် တိုက်ပွဲ ၃ နေရာ ဖြစ်ပွားခဲ့သည်။
“တိုက်ပွဲက ဒီနေ့မနက် တိုက်ပွဲက ၃ နေရာဖြစ်တယ်။ တစ်နေရာကတော့ ကျောက်မဲမြို့နယ် ကွန်းစလန်းရွာ အနီးမှာ တစ်နေရာဖြစ်တယ်။ နောက်တစ်ခုက နမ့်ဆန်မြို့နယ်ထဲက အာရမ်းရွာအနီးမှာ တစ်နေရာဖြစ်တယ်။ ဒီဖက် ကွတ်ခိုင်ပေါ့နော ကွတ်ခိုင်ဖက်ကျတော့ နောင်လောင်း နောင်ဆိုင်ရွာအကြားမှာ တစ်နေရာဖြစ်တယ်။” ဟု တအာင်း ( ပလောင် ) အမျိုးသားလွတ်မြောက်ရေး တပ်မတော် သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော် မှ ပြောသည်။
“ကျောက်မဲမြို့နယ် ကွန်းစလန်းရွာက မနက် ၆ နာရီခွဲလောက်ကနေ ၇ နာရီခွဲနီးပါးအထိ ဖြစ်တယ်။ ဒီအာရမ်း နားမှာက ဆယ်နာရီအကျော် ၁၁ နာရီ မတ်တင်းမှာ အဲလောက်ကနေစဖြစ်တယ် ၁၅ မိနစ်လောက် ဒီကွတ်ခိုင် ဖက်ကျတော့ နောင်လောင်းနဲ့ နောင်ဆိုင်ကြားပေါ့နော မနက် ၁၀ နာရီခွဲကနေ ၁၁ နာရီအထိ” ဟု ဆက်ပြောသည်။
ယနေ့နံနက်အချိန်တွင် ဒေသခံရွာသားများ၏ ပြောပြချက်အရ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ် လျှော် လည်တိုက်နယ်ဖက်သို့ မြန်မာ့တပ်မတော်မှ တက်လာပြီးနောက် နမ့်ဆန် မန်တုံလမ်းဘေးတွင် တိုက်ပွဲဖြစ်ပွား သည့်အသံ လေးငါးချက်ခန့် ကြားရသည်ဟု ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ အလုပ်အမှုဆောင် ကော်မတီဝင် ဦးသိန်းဇော် မှ ပြောသည်။
အလားတူ နမ့်ဆန်မြို့နယ်ရှိ နမ့်ဆန် မန်စံလမ်းမပေါ်တွင်လည်း ယနေ့ နံနက် ၉ နာရီ အချိန်ခန့်က အသက်၂၀ အရွယ် မိန်းကလေး တစ်ဦး မိုင်းနင်းမိသည့်အတွက် ခြေထောက် ပြတ်သွားသည်ဟု ဦးသိန်းဇော် က ဆက်ပြောသည်။
“မနက် ၉ နာရီခွဲမှာတော့ အဲဒီအထက်မန်လွယ် ကလေးမတစ်ယောက် အသက် ၂၀ ပေါ့နော အဲဒီမှာ မိုင်းကို သွားနင်းမိတဲ့အခါကျတော့ အခုလားရှိုး ပြည်သူ့ဆေးရုံကို ကျနော်တို့ ပို့ပေးလိုက်တယ်။ သူတို့ရွာက ချင်းချင်းနဲ့ သူတို့သွားပေးလိုက်တယ်ဗျာ။ မိုင်းနင်းတဲ့ကလေးကတော့ ခြေတစ်ဖက်က ပြတ်သွားတယ်လို့ ပြောတာပဲ” ဟု ပြောသည်။
မိုင်းအားမည်သည့်အဖွဲ့မှ ထောင်ထားသည်ကို ၎င်းအနေဖြင့် မသိရှိကြောင်း ဦးသိန်းဇော် မှပြောသည်။
ယမန်နေ့ကလည်း နမ့်ခမ်းမြို့နယ်၊ ပန်ကနိုင်ကျေးရွာအထက်ဖက်တွင်လည်း မြန်မာ့တပ်မတော်နှင့် တအာင်း ( ပလောင် ) အမျိုးသားလွတ်မြောက်ရေးတပ်မတော် ( PSLF/TNLA ) တို့ကြား ညနေ ၅ နာရီခွဲမှ ည ၈ နာရီခန့် အထိ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု PSLF/TNLA မှပြောသည်။
ယခု အောက်တိုဘာလအတွင်း မြန်မာ့တပ်မတော်နှင့် PSLF/TNLA တို့ကြား တိုက်ပွဲ ၇ ကြိမ်ခန့်ဖြစ်ပွားခဲ့သည်။
ယမန်နေ့က မြန်မာ့တပ်မတော်မှ လားရှိုးမှ လားရှိုး-မူဆယ်လမ်းကြောင်းအတိုင်း စစ်ကားအစီး ၅၀ ဖြင့် တပ် အင်အား တိုးချဲ့လာသကဲ့သို့ ပြီးခဲ့တဲ့လဆန်းပိုင်းတွင်လည်း နမ့်ဆန်နှင့် မန်တုံဖက်သို့ စစ်ကား ၂၅ စီးခန့် စစ်အင်အား ထပ်မံဖြည့်တင်းထားသည်ဟု ဗိုလ်မှူး မိုင်းအိုက်ကျော် ကပြောသည်။
ယခုကဲ့သို့ စစ်အင်အားဖြည့်တင်းလာပြီး ၎င်းတို့နေရာတောတွင်းသို့ လိုက်လံတိုက်ခိုက်မည်ဆိုပါက တိုက်ပွဲ ပိုမို ပြင်းထန်လာနိုင်သည်ဟု PSLF/TNLA မှ ပြောသည်။
“သူတို့အပေါ်မှာပဲ မူတည်တယ် သူတို့က အခုပုံစံဆို သူတို့က ကျနော်တို့နောက် တောက်လျှောက် လိုက်လံ တိုက်ခိုက်လို့ ရှိရင်တော့ တိုက်ပွဲက ပြင်းထန်လာနိုင်တယ်” ဟု ဗိုလ်မှူး မိုင်းအိုက်ကျော်မှ ပြောသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်း အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ပွဲများ ရပ်ဆိုင်းနေခဲ့ရာမှ ယခု အောက်တိုဘာလ နောက်ပိုင်းတွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာခြင်းဖြစ်သည်။