ရဲပစ်ခတ်မှုကြောင့် ရေမဆေးကျောက်ရှာသူ ၁၀ ဦးသေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
အောက်တိုဘာလ ၂၀ ရက်၊ ၂၀၁၇ ခုနှစ်။
ကချင်ပြည်နယ် ကျောက်စိမ်းတွင်း ဒေသတွင် ကျောက်ရှာသူများနှင့် ရဲတပ်ဖွဲ့တို့အကြား ခိုက်ရန် ဖြစ်ပွားပြီး ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ရေမဆေး ကျောက်ရှာသူ ၁၀ ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာ ရရှိခဲ့သည်။
ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု ဆန်ခါကျေးရွာအနီး တစ်သုံးလုံး (၁၁၁) ကျောက် မျက်တူးဖော်ရေး လုပ်ကွက်အတွင်း ရေမဆေးသမားများနဲ့ လုပ်ကွက်စောင့် ရဲတပ်ဖွဲ့ဝင်တို့အကြား ခိုက်ရန် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
“ဖြစ်တာက မနေ့က (ဗုဒ္ဓဟူးနေ့) ည ၁၀ နာရီခွဲလောက်မှာဖြစ်တာ။ ၁၁၁ ကုမ္ဗဏီစောင့် ရဲတွေနဲ့ ရေမဆေးသမားတွေ စကားများကြတယ်၊ ဖြစ်တာကတော့ ရန်ဖြစ်တာက စတာပါ။ ရေမဆေးသမားတစ်ယောက်ကို ရဲတွေက ရိုက် လိုက်တာကနေ ရုန်းရင်းဆန်ခတ်ဖြစ်ရာက ရဲတွေ သေနတ်ပစ်တာကြောင့် ရေမဆေးသမား (၂၁) ဒဏ်ရာရပြီး (၅)ဦး သေသွားတယ်” ဟု ဒေသခံ ဦးနော်ဂျာကပြောသည်။
ဒဏ်ရာအပြင်းအထန်ရရှိသူ (၉) ဦးအား မြစ်ကြီးနားဆေးရုံသို့ ပို့ဆောင်ရာ လမ်းတွင် (၅) ယောက် ထပ်မံဆုံးသွားသောကြောင့် စုစုပေါင်း ၁၀ ဦး သေဆုံးခဲ့ရခြင်းဖြစ်သည်။
ကျန်ဒဏ်ရာရရှိသူများကို ဖားကန့်ပြည်သူ့ ဆေးရုံနှင့် လုံခင်းပြည်သူ့ဆေးရုံတွင် ဆေးကုသလျက်ရှိသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကို မေးမြန်းသော်လည်း ဖြစ်စဉ်မှန်ကန်ကြောင်းသာ အတည်ပြုပြီး အသေးစိတ်ကို ဖြေကြားခြင်းမရှိပေ။
ဖားကန့်ကျောက်စိမ်းလုပ်ကွက်များတွင် ကျောက်စိမ်းလုပ်ကွက်စောင့် ရဲဝန်ထမ်းများနှင့် ရေမဆေးကျောက်ရှာ သူများ ပြဿနာများ မကြာခဏဆိုသလိုဖြစ်ပွားနေပြီး ထိခိုက်ဒဏ်ရာရ သေဆုံးသူများလည်း ရှိကြောင်း ဒေသခံများက ပြောသည်။
ဖားကန့် မြို့ နယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဒါရှီလဆိုင်းက “ရေမဆေးသမားတွေက သတ်မှတ်ထားတဲ့ စည်းကမ်းတွေနဲ့အညီ လုပ်ကိုင်ရမှာ။ အခုက အဲ့လိုမဟုတ်ဘူး။ ပြီးတော့ လုံခြုံရေးတပ်ဖွဲ့ တွေကလည်း ရေမဆေးသမားတွေက ကိုယ့်နိုင်ငံသားတွေဖြစ်တဲ့ဆိုတဲ့ အမြင်နဲ့ပေါ့နော်။ နှစ်ဘက်လုံးက ထိန်းသိမ်းဆောင်ရွက်သင့်တာ” ဟု ပြောသည်။
အဆိုပါဖြစ်စဉ်များမှာ ဒေသတွင်း တရားဥပဒေစိုးမိုးမှုမရှိခြင်း ဥပဒေအတိုင်း ဆောင်ရွက်ခြင်းမရှိခြင်းတို့ကြောင့် ဖြစ်ကြောင်း ဦးနော်ဂျာက ပြောသည်။
“ကျွန်တော့်အမြင်ကတော့ ပြည်သူတွေကို ပစ်သတ်တယ်ဆိုတာကတော့ တရားဥပဒေ အတိုင်း မလုပ်ဆောင် တာလို့၊ မြန်မာနိုင်ငံမှာလည်း တရားဥပဒေဆိုတာရှိတာ၊ ဒါပေမယ့် အခုလို ပြည်သူကို ပစ်သတ်တယ်ဆိုတာက တော့ အရမ်းကို ရှိုင်းစိုင်းတဲ့ အပြုအမှုဘဲလို့ မြင်တယ်။ မကြာမကြာဖြစ်နေတာ။” ဟု ဦးနော်ဂျာက ပြောသည်။
ဖားကန့်ဒေသအတွင်း ရေမဆေးသမားများအပါအဝင် တစ်နိုင်ငံလုံးက ရွှေ့ပြောင်းအလုပ်သမား သုံးသိန်းခန့်ရှိကြောင်း ဒေသခံများက ခန့်မှန်းကြသည်။