ရွာအတွင်း လက်နက်ကြီးကျ ကလေးငယ် သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
အောက်တိုဘာလ ၂၃ ရက်၊ ၂၀၁၇ ခုနှစ်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ကျေးရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲရာ အသက် ၈ နှစ်အရွယ် ကလေး တစ်ဦး သေဆုံးပြီး ရွာသား ၃ ဦး ဒဏ်ရာရသည်။

အောက်တိုဘာလ ၁၉ ရက်နေ့က တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA က နမ့်ခမ်းမြို့နယ် ပန်ကနိုင်းကျေးရွာအတွင်းတွင် ရောက်ရှိအနားယူနေချိန် မြန်မာ့တပ်မတော်မှ ကျေးရွာအတွင်းသို့ လက်နက်ကြီး ပစ်ခတ်လိုက်သည့်အတွက် ထိခိုက်ခဲ့ခြင်းဖြစ်သည် ဟု ဒေသခံများက ပြောသည်။

“ထိခိုက်တဲ့လူက ၄ ယောက်ရှိတယ်။ ထိခိုက်ဒဏ်ရာရသူက ဒီအဖွားအိုက သိပ်မထိဘူးဗျာ။ ဦးလေးတစ်ယောက် တော့ အဲဒီ အသက် ၄၀ ကျော်၊ သေသွားတဲ့ ကလေးအဖေ၊ သူကတော့ သူက အများကြီးထိတယ်။ သူက နမ့်ခမ်း ဆေးရုံ ရောက်မလာဘူးဖြစ်နေတာ၊ ဒီရောက်လာတာက ၃၈ နှစ်အရွယ်ရှိတဲ့ အဒေါ်ကြီးတစ်ယောက်ပဲ သူရောက် လာတာ။ သူက လက်မှာထိတယ် ပြီးရင် ပေါင်အောက်ဖက်ခြမ်းမှာထိတယ်။ ပြီးတော့ ကလေးတော့ ဆုံးသွားပြီ ပေါ့” ဟု နမ့်ခမ်းမြို့နယ် တအာင်းလူငယ်အဖွဲ့မှ ကိုမိုင်းမိုင်းကပြောသည်။

ထိခိုက်ဒဏ်ရာ ရရှိသူများအနက် အသက် ၃၈ နှစ်အရွယ် အမျိုးသမီးမှာ နမ့်ခမ်းပြည်သူ ဆေးရုံတွင် လာရောက် ကုသမှုခံယူနေပြီး အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးနှင့် အဖွားအိုတစ်ဦးမှာ လာရောက်ကုသမှု ခံယူခြင်း မရှိုဟု ကိုမိုင်းမိုင်းက ဆက်ပြောသည်။

ကျေးရွာအတွင်းသို့ လက်နက်ကြီး ပေါက်ကွဲမှုကြောင့် လူနေအိမ်များပါ ထိခိုက်ပျက်ဆီးခဲ့သည်။

အောက်တိုဘာလ ၁၉ ရက်နေ့က နမ့်ခမ်းမြို့နယ်၊ ပန်ကနိုင်းကျေးရွာအထက်ဖက်တွင် မြန်မာ့တပ်မတော်နှင့် တအာင်း ( ပလောင် ) အမျိုးသားလွတ်မြောက်ရေးတပ်မတော် ( PSLF/TNLA ) တို့ကြား ညနေ ၅ နာရီခွဲမှ ည ၈ နာရီခန့် အထိ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု PSLF/TNLA ၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးမိုင်းအိုက် ကျော်မှ အောက်တိုဘာလ ၂၀ ရက်နေ့က သတင်းနှင့် မီဒီယာကွန်ရက်သို့ ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ဒေသခံလူထုများ နေထိုင်သည့် ကျေးရွာများအတွင်းတွင် တိုက်ပွဲဖြစ်ပွားလာမည်ကို ဒေသခံများအနေဖြင့် အချိန်တိုင်း စိုးရိမ်နေကြရပြီး ကျီးလန့်စာစား ဘဝမျိုးဖြင့် နေထိုင်နေရသည်ဟု ကိုမိုင်းမိုင်းက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၀ ရက်နေ့ကလည်း ရှမ်းပြည်နယ် မြောက်ပိုင်း ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ နမ့်ဆန်မြို့နယ်အတွင်းရှိ မန်လွယ်ကျေးရွာနှင့် လုံတောက်ကျေးရွာမှ ဒေသခံ ၂ ဦး မြေမြုပ်မိုင်း နင်းမိကာ အသက်ဆုံးရှုံးခဲ့သည်။

ကျေးရွာအတွင်း တိုက်ပွဲဖြစ်ပွားတိုင်း ပြည်သူများသာ ထိခိုက်သည့်အတွက် ရွာအတွင်းတိုက်ပွဲ မဖြစ်သင့်တော့ကြောင်း၊ မြန်မာ့တပ်မတော်ရော တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများပါ ပြောနေသည့် ပြည်သူများကို အကာအကွယ်ပေးခြင်းသည် လက်တွေ့တွင် ကာကွယ်ရာ မရောက်ပဲ ရှိနေသည် ဟု နမ့်ခမ်းမြို့နယ် တအာင်းစာပေနှင့် ယဉ်ကျေးမှု ဥက္ကဋ္ဌ ဦးမြင့်ကျော်မှ ပြောသည်။

“ကျနော်တို့ ပြောချင်တာကတော့ တိုက်ပွဲတော့ မဖြစ်သင့်တော့ဘူးပေါ့နော။ ရွာထဲမှာ မဖြစ်သင့်ဘူးပေါ့နော။ ရွာထဲမှာဖြစ်ရင်တော့ ထိစရာရှိရင် ပြည်သူကိုပဲ ထိမယ်လေ။ အခုဖြစ်တိုင်းလည်း ပြည်သူတွေက ထိခိုက်ဒဏ် ရာရတယ်ပေါ့နော။ သေကြေတာပေါ့။ နောက်ဆုံးတော့ ပြည်သူပဲ ဒုက္ခရောက်တာပေါ့။ နှစ်ဖက်စလုံးက ပြည်သူ ကို ကာကွယ်ဖို့လို့ ပြောကြတာပဲ အဲလိုဖြစ်နေရင်တော့ ပြည်သူကို ကာကွယ်ရာ မရောက်ဘူးလေ။ တိုက်ပွဲတိုင်း မှာ ရွာမှာ ဖြစ်ရင်တော့ ထူထုတွေပဲ ထိတာကိုး အဲဒါလေးပြောချင်တယ် တိုက်ပွဲဆက်မဖြစ်ဖို့လေနော။ အမြန်ဆုံး ငြိမ်းချမ်းရေးရဖို့ အားလုံးက ကြိုးစားပေးစေချင်ပါတယ်နော။”

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် မြန်မာ့တပ်မတော်နှင့် တအာင်း(ပလောင်) လွတ်မြာက်ရေး တပ်မတော် PDLF/TNLA  တို့ကြား အောက်တိုဘာလအတွင်း တိုက်ပွဲ ၇ ကြိမ်ခန့်ဖြစ်ပွားခဲ့သည်ဟု TNLA က ပြောသည်။