UNFC နှင့် အစိုးရတို့အကြား အချက်အများစု သဘောတူညီမှု ရပြီဟု ဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
အောက်တိုဘာ ၂၃ ရက်၊ ၂၀၁၇ ခုနှစ်။

ညီညွှတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နဲ့ အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် (PC) တို့ အောက်တိုဘာလ ၂၃ ရက်နေ့ (ယနေ့) သတ္တမ အကြိမ်တွေ့ဆုံ ဆွေးနွေးပွဲတွင် နှစ်ဖက်နားလည်မှု မတူညီသည့် အနေအထားများကို အတိုင်းအတာတစ်ခုအထိ ညှိနှိုင်းနိုင်ခဲ့သည်ဟု UNFC မှပြောသည်။

“အချက်အလက်အားဖြင့် ဆိုရင်တော့ ကျနော်တို့ ဆွေးနွေးမှု ဒီနေ့ တစ်နေ့တာအတွင်းမှာတော့ တော်တော်လေးတော့ ကြေကြေလည်လည်တော့ ကျနော်တို့တစ်ချို့ အစိတ်အပိုင်းတွေကို ဆွေးနွေးနိုင်တယ်။ နှစ်ဖက်နား လည်မှု မတူညီသေးတဲ့ အနေအထားတွေကို ကျနော်တို့ တူညီနိုင်အောင်တော့ အတိုင်းအတာ တစ်ခုအထိ ကျနော်တို့ ညှိနိုင်တယ်လို့ ပြောလို့ရပါတယ်” ဟု UNFC မှ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းဇော်မှ ဆွေးနွေးပွဲအပြီး သတင်းထောက်များအား ပြောသည်။

UNFC မှ တောင်းဆိုထားသည့် အချက် ၈ ချက်တွင် ယခင် အစည်းအဝေးများတွင် အချက် ၄ ချက် သဘောတူညီပြီးဖြစ်ရာ ယခု အစည်းအဝေးတွင် အချက် ၅ မှ ၈ အထိ ဆွေးနွေးနေခြင်းဖြစ်သည်။

ဆက်လက်ဆွေးနွေးနေသည့် အချက်များမှာ (၅) တပ် နေရာ ပြန်လည် နေရာချထားရေး သဘောတူညီမှု၊ (၆) အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ တစ်ရပ်ကို နှစ်ဖက်သဘောတူသည့် နိုင်ငံတကာက အစိုးရ ကိုယ်စား လှယ်များနဲ့ ဖွဲ့စည်းသွားရန်၊ (၇) NCA စာချုပ်တွင် ပါဝင်သည့်အချက်များကို ဖောက်ဖျက်ကျူးလွန်ပါက စောင့်ကြည့်ရန် အတွက် ဖျန်ဖြေရေး ကော်မ ရှင် ဖွဲ့စည်းပေးရန်နှင့် (၈) အပစ်ရပ်ဒေသများတွင် ပြုလုပ်သည့် စီမံကိန်းများနဲ့ ပတ်သက်ပြီး ဒေသခံ ပြည်သူများ၊ သက်ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင်များနဲ့ ညှိနှိုင်းဆောင်ရွက်ရန် စသည့်အချက်များကို ဆွေးနွေး ရန် တို့ ဖြစ်သည်။

ယနေ့ဆွေးနွေးပွဲတွင် အချက် ၅ မှ အချက် ၇ အထိ ဆွေးနွေးခဲ့သည်ဟု UNFC က ပြောသည်။

“ဒီနေ့ဆွေးနွေးပွဲကပေါ့နော ကျနော်တို့ နံပါတ် ၅ ကအကြေအလည် အခြေခံအားဖြင့်ရပြီ နံပါတ် ၆ တော့ ပြေလည်သလောက်ဖြစ်ပြီး နံပါတ် ၇ တော့ ဆုံးဖို့နည်းနည်းပဲ ကျန်တော့တယ်။ ဒါလည်း ဖြည့်လိုက်မယ် ဆိုရင် ဒီ ၈ ချက်က ဘယ်လိုပြောမလဲ ဆိုရင် သုံးပုံနှစ်ပုံ ကျော်လာပြီပေါ့နော ဒါဆို ကျနော်တို့က လက်တစ်ကမ်း အလိုမှာပဲ ရောက်လာပြီးဆိုတာ ကျနော်တို့ အချင်းချင်း ဒါပေမယ့် မနက်ဖြန် ဆွေးနွေးပွဲ ဘယ်လောက်ပြတ်အုံးမလဲ ဆိုတာကို မသိသေးဘူးပေါ့နော ဒါဆို ကျနော်ပြောချင်တာက ဒီ ကျနော်တို့ ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် PC နဲ့ ဆွေးနွေးပွဲဟာ တော်တော်လေး အားတက်ဖို့ကောင်းတယ်။ ကျနော်တို့ မျှော်လင့်ထားတဲ့ အချိန်အတိုင်းအတာ တစ်ခုတော့ ကျနော်ထင်တယ် ရောက်နိုင်လိမ့်မယ်လို့ ထင်ပါတယ်” ဟု UNFC ၏ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိ နှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (DPN)  ဒုတိယ အဖွဲ့ခေါင်းဆောင် နိုင်အောင်မငေးက ပြောသည်။

UNFC နှင့် အစိုးရ ငြိမ်းချမ်းရေး ကကော်မရှင် ( PC ) တို့ ဆဋ္ဌမအကြိမ် ဆွေးနွေးပွဲတွင် သဘောတူညီမှု ရရှိထား သည့် အချက် ၄ ချက်မှာ အစိုးရနဲ့ တပ်မတော်က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲကြောင်း ၂၄ နာရီ အတွင်း ကြေညာပေးရန်၊ အမျိုးသားတန်းတူရေး ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံကို တည်ဆောက်သွားရန်၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ အဆင့်ဆင့်များတွင် အစိုးရ၊ လွှတ်တော်နှင့် တပ်မ တော် ကိုယ်စားလှယ်များ၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များနှင့် တရားဝင် နိုင်ငံရေးပါ တီများ အပြင် ပါဝင်သင့်ပါဝင်ထိုက်သည့် ကိုယ်စားလှယ်များ ပါဝင်ရန်နှင့် ၂၁ ရာစုပင်လုံ ညီလာခံမှ ထွက်ပေါ်လာသည့် ဆုံးဖြတ်ချက်များကို မူတည်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ အပါအဝင် ဥပဒေတွေကို ပြင်ဆင်ပြဌာန်းပေးရန် စသည့် အချက်လေးချက်ကို သဘောတူညီခဲ့ကြသည်။

ယနေ့ ဆွေးနွေးပွဲသို့ အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်ဖက်မှ ဒုတိယ ဥက္ကဋ္ဌဦးသိန်းဇော်၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)၊ ဦးနိုင်ငံလင်း၊ ဦးအောင်စိုး၊ ဦးအောင်ကြည်၊ ဦးဇော်ဌေး၊ ဦးလှမောင်ရွှေ၊ ဒေါက်တာ မင်းဇော်ဦး၊ ဦးအေးလွင်(နည်းပညာအထောက်အကူပြု၊ ဦးမိုးဇော်ဦးနှင့် ဦးမောင်မောင်အေးတို့ တက်ရောက်ခဲ့ကြပြီး UNFC ၏ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိ နှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (DPN) ဖက်မှ ခူးဦးရယ်( အဖွဲ့ခေါင်းဆောင်)၊ နိုင်အောင်မငေး (ဒုတိယ အဖွဲ့ခေါင်းဆောင်)၊ ဦးထွန်းဇော်၊ ဦးဘုန်းနိုင်၊ ဦးမင်းထွန်း နှင့် နာဗစ်ဘွန်တို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်။