UNFC နှင့် အစိုးရ- တပ်နေရာ ချထားရေးမှ အပ ကျန်အချက်များ ပြီးပြတ်သလောက်ရှိ
သတင်းနှင့် မီဒီယာ ကွန်ရက်။
အောက်တိုဘာလ ၂၄ ရက်၊ ၂၀၁၇ ခုနှစ်။
ညီညွှတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) နှင့် အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်(PC) တို့ အကြား ဆွေးနွေးပွဲများတွင် တပ်နေရာ ချထားရေးမှ အပ ကျန်အချက်များ သဘောတူညီမှု ရပြီဟု UNFC က ပြောသည်။
အောက်တိုဘာလ ၂၄ ရက်နေ့ (ယနေ့)တွင် ဒုတိယနေ့အဖြစ် ဆက်လက်ဆွေးနွေးရာ UNFC မှ အဆိုပြုထားသည့် အချက် ၈ ချက်လုံးကို ဆွေးနွေးခဲ့သော်လည်း နံပါတ် ၅ အချက်ဖြစ်သည့် တပ်နေရာ ပြန်လည်နေ ရာချထားရေး သဘောတူညီမှုနှင့် ပတ်သက်၍ ဆက်လက်ဆွးနွေးရန် ကျန်နေသေးသည်ဟု UNFC က ပြောသည်။
တပ်နေရာချထားရေးဖြစ်သော အဆိုပြုချက် အမှတ် ၅ နှင့် ပတ်သက်၍ “ကျနော်ထင်တာ ဒါက အဆိုပြုချက် နံပါတ် ၅ က ဒါက တပ်ပိုင်းဆိုင်ရာကိစ္စ ဖြစ်နေလို့လေ ဒါက နည်းနည်း အကြေအလည် ပြန်ပြီးဆွေးနွေးရမယ်” ဟု UNFC ၏ နိုင်ငံ ရေးဆိုင်ရာ ဆွေးနွေးညှိ နှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (DPN) ဒုတိယ အဖွဲ့ခေါင်းဆောင် နိုင်အောင်မငေးက ပြောသည်။
ယနေ့ ဆွေးနွေးပွဲတွင် တပ်နေရာချထားရေးမှအပ အချက်အားလုံးအပေါ် သဘောတူညီခဲ့ကြပြီး အချို့အချက်များ၏ အဓိပ္ပာယ်ဖော်ပြမှု၊ စကားလုံးအသုံးအနှုန်း အသုံးပြုမှုတွင် နှစ်ဖက်နားလည်မှုတို့ကို ပြန်စုစည်းပြီး ပြန်တိုက်ညှိကြရန်သာ လိုသည်ဟု UNFC မှ ပြောသည်။
“ကျနော်တို့ ဒီ ၈ ချက်ထဲမှာတော့ အများဆုံးကတော့ ပြီးပြတ်မှုရှိတယ်။ မပြီးပြတ်သေးတာက တစ်ပိုင်းတစ်စ ပေါ့နော်။ ဥပမာဆို အများကြီး တစ်ပိုင်းတစ်စထဲမှာ နံပါတ် ၅ ပဲ အရေးကြီးတာပေါ့ သိပ်မပြတ်သေးတာပေါ့နော ကျန်တဲ့ဟာက ကျနော်တို့ ကြားထဲက အဓိပ္ပာယ် သတ်မှတ်ချက်တို့ စာလုံးဖော်ပြမှု ဒါပဲ နည်းနည်းတော့ အခက်အခဲ ဖြစ်နေသေးတာပေါ့” ဟု နိုင်အောင်မငေးက ဆက်ပြောသည်။
လာမည့် နိုဝင်ဘာလ ၈ ရက်နေ့ ဆွေးနွေးပွဲတွင် UNFC အနေဖြင့် ပြီးပြတ်သည့် ဆုံးဖြတ်ချက်ကို ချနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း နိုင်အောင်မငေးက ပြောသည်။
“ကျနော်တို့ လာမယ့် ၈ ရက်နေ့ဆွေးနွေးပွဲက ပြီးပြတ်နိုင်မယ်လို့လည်း ကြိုးစားမယ်။ ဒါက တစ်ဆင့်က ကျနော်တို့ သက်ဆိုင်ရာ ခေါင်းဆောင်ကို ပြန်ပြီးတင်ပြမယ် ကျနော်တို့ အခုရထားတဲ့ ဒီ ဆုံးဖြတ်ချက်ပေါ့နော သက်ဆိုင်ရာ ခေါင်းဆောင်ကို တင်ပြပြီးတော့ ကျနော်တို့ ဆွေးနွေးပွဲမှာ လာဆွေးနွေးတဲ့အခါကျရင် မျှော်မှန်းတာက ပြီးမြောက်အောင် မျှော်မှန်းတယ်ပေါ့။”
UNFC နှင့် အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် PC တို့ ပြီးခဲ့သည့် ဆဋ္ဌမအကြိမ် တွေ့ဆုံဆွေးနွေးစဉ်က အချက် ၁ မှ ၄ အထိ သဘောတူညီမှု ရရှိခဲ့ကြသည်။
ယခုဆွေးနွေးနေသည့် အချက်များမှာ (၅) တပ်နေရာ ပြန်လည်နေရာချထားရေး သဘောတူညီမှု၊ (၆) အပစ် အခတ်ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ တစ်ရပ်ကို နှစ်ဖက်သဘောတူသည့် နိုင်ငံတကာက အစိုးရ ကိုယ်စားလှယ်များနဲ့ ဖွဲ့စည်းသွားရန်၊ (၇) NCA စာချုပ်တွင် ပါဝင်သည့်အချက်များကို ဖောက်ဖျက်ကျူး လွန်ပါက စောင့်ကြည့်ရန် အတွက် ဖျန်ဖြေရေး ကော်မရှင် ဖွဲ့စည်းပေးရန်နှင့် (၈) အပစ်ရပ်ဒေသများတွင် ပြု လုပ်သည့် စီမံကိန်းများနဲ့ ပတ်သက်ပြီး ဒေသခံ ပြည်သူများ၊ သက်ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင်များနှင့် ညှိနှိုင်းဆောင်ရွက်ရန် စသည့်အချက်များဖြစ်သည်။
UNFC နှင့် အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် PC တို့ လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ဆက်လက်ဆွေးနွေး ညှိနှိုင်းသွားကြမည်ဖြစ်သည်။
နိုဝင်ဘာလ ၈ ရက်နေ့ ဆွေးနွေးပွဲတွင် ကြိုတင်သဘောထားရယူမှု အစီအစဉ်နှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်း ကြမှာဖြစ်ပြီး ၎င်းအစီအစဉ်တွင် အချက် ၁၀ ချက်ပါဝင်ကာ အဓိကအားဖြင့် တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များဖြစ်သည်။
“အဲဒီ ၈ ရက်နေ့မှာ ဆွေးနွေးမှာ အားလုံးပေါင်း ၁၀ ချက်ရှိတယ်။ အဓိကကတော့ တပ်နေရာ ချထားရေးတို့ ဘာ တို့နဲ့ ပတ်သက်တဲ့ ကိစ္စတို့ တပ်ပိုင်းဆိုင်ရာကိစ္စတို့ သူက ဘာတွေပါလဲဆိုတော့ တပ်ပိုင်းဆိုင်ရာတွေ ပါတယ်။ ကျနော်တို့ ဒက်ဖနင်းရှင်းဖွင့်ရမယ့် ကိစ္စတွေအပေါ်မှာ ဘယ်လိုနားလည်သလဲ အဲဒါတွေပါတယ်။ နောက်တပ်တွေ ပြန်လည်နေရာချထားဖို့ ကိစ္စတွေကို ဘယ်လို အစီအစဉ်နဲ့လုပ်ကြမလဲ အစီအစဉ်ကိုပဲ ကျနော်တို့က ကြိုညှိမှာ ပြီးတာနဲ့ ကျနော်တို့ နယ်မြေပိုင်းခြား သတ်မှတ်တာ အဓိကကတော့ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေနဲ့ပတ်သက်လို့ UNFC ဖက်မှာပေါ့ တပ်ပိုင်းဆိုင်ရာ ပုဂ္ဂိုလ်တစ်ချို့ ပါလာမယ်။ ၈ ရက်နေ့ အစည်းအဝေးကျရင် ဒီဖက်မှာလည်း ကျနော်တို့ ဒီဖက်က အထူးသခြင့် JMC ဖက်မှာ လုပ်နေတဲ့ အစိုးရ EAOs ပေါ့နော အဲဖက်က အဖွဲ့တွေနဲ့ ပြန်ပြီး တော့ ဆွေးနွေးမှာ ဆွေးနွေးပုံပေါ် မူတည်ပြီးတော့ အဲဒါပြီးသွားရင်တော့ ကျနော်တို့က နီးပြီပေါ့နော်” ဟု နိုင်ငံ တော် သမ္မတရုံး ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောသည်။
ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ ( UNFC) အနေဖြင့် အစိုးရနှင့် ညှိနှိုင်းနေသည့် အချက် ၈ ချက်ပြေလည်မှု ရရှိပါက တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးမည်ဟု အချက် ၉ တွင် အတိအလင်း ပြောဆိုထားသည်။