ြငိမ်းချမ်းရေးရရှိရန် ပြည်နယ်များရှိ အကြီးစားစီမံကိန်းများ ရပ်ရန်လို
သတင်းနှင့် မီဒီယာ ကွန်ရက်။
အောက်တိုဘာလ ၂၅ ရက်၊ ၂၀၁၇ ခုနှစ်။
ပြည်တွင်း ပဋိပက္ခများဖြေရှင်းနိုင်ရန် တိုင်းရင်းသား ပြည်နယ်များတွင် သဘာ၀ အရင်းအမြစ် အခြေပြု စီမံကိန်းများ အကောင်အထည်ဖော်မှုများကို ရပ်ဆိုင်းထားရန် မြန်မာ့သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အလုပ်အဖွဲ့ (BEWG) က တောင်းဆိုလိုက်သည်။
“သယံဇာတကိစ္စက တစ်နိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ကိစ္စဖြစ်တယ်၊ ဒါကြောင့် အကြီးစားသယံဇာတ ထုတ်ယူမှုတွေ ကို ရပ်တန့်ုဖို့လိုတယ်ပေါ့။ အကြီးစားလို့ပြောတဲ့ထဲမှာ လူ့အခွင့်ရေးချိုးဖောက်ခံနေရတာတွေ၊ နောက်ပြီး ကြီးကြီး မားမားမြေယာသိမ်းဆည်းမှုဖြစ်တာတွေ နောက်ပြီး လူထုတွေက အကျိုးခံစားမှုမရှိပဲ နစ်နာနေတဲ့ ဟာတွေ နောက်ပြီး စီမံခန့်ခွဲမှုက ဗဟိုကပဲ ဖြစ်နေတဲ့ကိစ္စတွေ အဲ့ဒါတွေကို ရပ်ဖို့လိုနေတယ်ပေါ့၊” ဟု တိုင်းရင်းသား အရပ် ဘက်အဖွဲ့အစည်းများဖြင့် ဖွဲ့စည်း ထားသည့် (BEWG) အဖွဲ့ ဝင်ဖြစ်သည့် ပအို့ဝ်လူငယ်အစည်းအရုံး မှ ခွန်ဦးက ပြောသည်။
အောက်တိုဘာလ ၂၄ ရက်နေ့က ရန်ကုန်မြို့ Orchid Hotel တွင် ပြုလုပ်သည့် BEWG ၏ သဘာ၀ အရင်းအမြစ်နှင့် ဖက်ဒရယ်စနစ်မူဝါဒ အကြံပြု စာတမ်း ရှင်းလင်းတင်ပြခြင်း နှင့် သတင်းစာရှင်းလင်းပွဲတွင် တောင်းဆိုလိုက်ခြင်းဖြစ်သည်။
နိုင်ငံရေး ဆွေးနွေးပွဲများ ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခြင်းမရှိသေးသည့် ကာလတွင် ပဋိပက္ခများနှင့် ပြည့်နှက်နေသည့် တိုင်းရင်းသား ဒေသများအတွင်းသို့ သဘာ၀ သယံဇာတ တူးဖော်ခြင်း၊ စီမံကိန်းကြီးများနှင့် အကြီး စား စီးပွားရေး ရင်းနှီးမြုပ်နှံမှုများအား ဝင်ရောက် လုပ်ကိုင်စေခြင်းများကို ရပ်တန့်ရန် လိုသည်ဟု (BEWG) အဖွဲ့ဝင်ဖြစ်သည့် ပအို့ဝ်လူငယ် အစည်းအရုံးမှ ခွန်ဦးက ဆက်ပြောသည်။
ထို့အပြင် ၎င်းစီမံကိန်းကြီးများနှင့်အတူ တိုင်းရင်းသား ဒေသများသို့ မြန်မာ့တပ်မတော်မှ နယ်မြေတိုးချဲ့မှုများ လည်း ပြုလုပ်လာသည်ဟု BEWG ကဆိုသည်။
မြန်မာနိုင်ငံအတွင်းက နှစ်ပေါင်း ၇၀ နီးပါးကြာမြင့်ခဲ့သည့် ပြည်တွင်းပဋိပက္ခကြီးကို ဖြေရှင်းနိုင်ရန် ရည်ရွယ်ပြီး တိုင်းရင်းသား ဒေသများရှိ မြေယာ၊ ရေအရင်းအမြစ်၊ သစ်တော၊ တွင်းထွက် သယံဇာတ၊ ရေနံနှင့် သဘာဝ ဓါတ်ငွေ့ စသည်တို့ကို လေ့လာကာ ရေရှည်တည်တံ့မှုကို ရှေးရှုသော သဘာဝအရင်းအမြစ် စီမံခန့်ခွဲမှုဆိုင်ရာ လမ်းပြမြေပုံကိုလည်း သဘာ၀ အရင်းအမြစ်နှင့် ဖက်ဒရယ်စနစ်မူဝါဒ အကြံပြု စာတမ်းတွက် ထည့်သွင်း ရေးဆွဲ ဖော်ပြထားသည်ဟု ကချင်လူမှုဖွံ့ဖြိုးရေးကွန်ရက် (KDNG) မှ အထွေထွေ အတွင်းရေးမှူး ကိုစဂျိက ပြောသည်။
“ကျနော်တို့က ဒီအချက်ပြမီးအနေနဲ့ဆိုရင် ဖက်ဒရယ် သဘာဝအရင်းအမြစ် စီမံခန့်ခွဲခြင်းဆိုတဲ့ ပြဿနာဖြေရှင်း နိုင်ဖို့အတွက် လမ်းပြမြေပုံအချက်သုံးချက်လုပ်ထားတာ။ အနီရောင်၊ အဝါရောင်၊ အစိမ်းရောင်ပေါ့နော်၊ မီးပွိုင့် ပုံစံနဲ့လုပ်ထားတာ။ ပထမ ပဋိပက္ခတွေဖြစ်နေတဲ့ စီမံကိန်းတွေကို ရပ်ဆိုင်းရမယ်၊ ဒါက အနီရောင်၊ နောက်အဝါရောင်က အသွင်ကူးပြောင်းရေးကာလဖြစ်တဲ့အခါမှာ ကျနော်တို့ ရေးဆွဲထားတဲ့ဟာ မူဘောင်ညှိနှိုင်းထားတာ အပြီးအစီးရေးဆွဲရမယ်။ အဲ့ဒါပြီးရင် ကျနော်တို့ နိုင်ငံရေး ဆွေးနွေးတဲ့ဘက်ကို ရောက်လာမယ် ဒါအားလုံး ကျနော်တို့ရဲ့မက်ကနစ်ဇင်တွေ ယန္တယားတွေ လုပ်သင့်တဲ့ နည်းဥပဒေတွေ မူဘောင်တွေရေးဆွဲပြီးရင် အစိမ်းရောင်အဆင့်မှာ ဖက်ဒရယ်ပြည်ထောင်စုပေါ့ အဲ့ဒီအဆင့်မှ ဒီစီမံကိန်းတွေ အကောင်အထည်ဖော်ရမယ်ဆိုတာ အဓိကအားဖြင့် အဲ့ဒီလမ်းပြမြေပုံပေါ့ ဖက်ဒရယ် သဘာဝသယံ ဇာတ စီမံခန့်ခွဲရေး လမ်းပြမြေပုံကို ကျနော်တို့ ထုတ်ဖော်ခြင်းဖြစ်တယ်”
၎င်းတို့အဖွဲ့အနေဖြင့် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ် (ပအို့ဝ်ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရဒေသ)နှင့် တနင်္သာရီတိုင်းတို့တွင် ရှိသည့် စီမံကိန်းများကို သုတေသနပြုစုထားခြင်းဖြစ်သည်။
ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) နှင့် မြန်မာ့အစိုးရတို့အကြား ၁၇ နှစ်ကြာသည်အထိ အပစ်ရပ်ထားနိုင် သော်လည်း ၂၀၁၁ ခုနှစ်တွင် ပျက်ပြယ်ခဲ့ခြင်းသည် သဘာဝအရင်းအမြစ်များကို အလွန်အကျွံ ထုတ်ယူသုံးစွဲ ခြင်းတို့ကြောင့်ဖြစ်သည်ဟု BEWG ပြောသည်။
အောက်တိုဘာလ ၂၄ ရက်နေ့ကလည်း BEWG က ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ၎င်းတို့၏ ထုတ် ပြန်ချက်ထဲတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် နှစ်ဖက်သဘောတူ အပစ်ရပ်ထားသည့် သယံဇာတ ပေါကြွယ်ဝသော တိုင်းရင်းသား ဒေသများတွင် သဘာ၀ အရင်းအမြစ်များကို စည်းမဲ့ကမ်းမဲ့ အလွန်အကျွံ ထုတ်ယူသုံးစွဲမှုများ၊ အထူသဖြင့် ရေအားလျှပ်စစ်၊ တွင်းထွက်နှင့် စိုက်ပျိုး – စီးပွားရေးကဏ္ဍတို့တွင် ရှိနေသည်ဟု ပါရှိသည်။
ထို့အပြင် ယင်းသို့ အကောင်အထည် လုပ်ဆောင်နေမှုများကို ဗဟိုအစိုးရမှ ထိန်းချုပ်ထားပြီး ၎င်းတို့၏ လက် နက်ကိုင်အင်အားစုများဖြင့် လုံခြုံရေး ချထားပေးသော သဘာ၀ အရင်းအမြစ် အခြေပြု စီမံကိန်းများသည် နေပြည်တော်၏ နိုင်ငံရေး၊ စီးပွားရေးနှင့် စစ်ရေးဆိုင်ရာ အုပ်စိုးလွှမ်းမိုးမှုများကို ကြီးထွားစေသည်ဟု BEWG ၏ ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းထားသည်။
စစ်မှန်သည့် ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်ကို ကျင့်သုံးမှု မပြုနိုင်သေးသည့် အချိန်ကာလတွင် ပဋိပက္ခများ ဖြစ်ပွားနေသော တိုင်းရင်းသား ပြည်နယ်များအတွင်း သဘာ၀ အရင်းအမြစ် အခြေပြု စီမံကိန်း များကို ရပ်ဆိုင်းထားရန်လိုသည်ဟု BEWG က ပြောသည်။
မြန်မာ့သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အလုပ်အဖွဲ့ (BEWG)တွင် ကချင်လူမှုဖွံ့ဖြိုးရေးကွန်ရက် (KDNG)၊ ပအို့ဝ်လူငယ်အစည်းအရုံး၊ ကျေးလက်ဒေသအထူး အခြေပြု ဖွံ့ဖြိုးရေးနှင့်လူထုစွမ်းအား မြှင့်တင်ရေးပေါင်းကူး အဖွဲ့၊ ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှုလှုပ်ရှားမှုအဖွဲ့နှင့် ရခိုင် ရေနံစောင့်ကြည့်ရေးအဖွဲ့ စသည့် တိုင်းရင်း သား အရပ် ဘက်အဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်သည်။