၁၄ နှစ်အရွယ်ကျောင်းသားအား တစ်ရက်တာ တရားခွင်အတွင်း မတရားသင်း ပုဒ်မဖြင့် ထောင်ဒဏ်ချ
သတင်းနှင့် မီဒီယာ ကွန်ရက်။
အောက်တိုဘာလ ၃၁ ရက်၊ ၂၀၁၇ ခုနှစ်။
အသက် ၁၄ နှစ်အရွယ် အဋ္ဌမတန်းကျောင်းသားတစ်ဦးကို ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်မြို့နယ်တရားရုံးမှ မတရားအသင်း ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၁၇/၁ ဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်သည်။
“မနေ့ကပဲ သူတို့က အမှုတွဲကို တင်လိုက်တယ်လေနော်။ တရားရုံးကို တင်လိုက်ပြီးတော့ မနေ့ကပဲ တခါတည်း အမိန့်ချလိုက်တယ်ပေါ့။” ဟု တအာင်း ဥပဒေအထောက်အကူပြုအဖွဲ့မှ တာဝန်ခံ မိုင်းမျိုးအောင်က ပြောသည်။
အောက်တိုဘာလ ၅ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်ခန့်က ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်မြို့နယ် ထမ်းမဆိုင်ရွာသား မိုင်းချိုမင်းထွေး(ခ) အိုက်ယန်းအား နမ့်ဆန်မြို့အဝင် ပတ္တမြားစေတီအနီးတွင် မြန်မာ့တပ်မတော်မှ ခြေမြန်တပ်ရင်း အမှတ် (၁၀၅) မှ ဗိုလ်ကြီးသူရထွန်း ဦးဆောင်သည့် အဖွဲ့မှ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည် ဟု တအာင်း ဥပဒေအထောက်အကူပြု အဖွဲ့က ပြောသည်။
“အဲကလေးက သူက ရွာကနေ နမ့်ဆန်မြို့ကို ပြန်လာတာပေါ့နော လာတော့ အဲမှာ ဒီ သူတို့လမ်းမှာ စစ်တာပေါ့ စစ်တဲ့အချိန်မှာ အဲမှာ သူတို့က မသင်္ကာလို့ ဖမ်းထားလိုက်တယ်။”
ထို့နောက် အောက်တိုဘာလ ၃၀ ရက်နေ့တွင် မြန်မာ့တပ်မတော် တပ်မ(၇၇) မှ ဗိုလ်မှူးမြင့်မောင်မောင်စိုးက တရားလိုပြုလုပ်ကာ နမ့်ဆန်မြို့နယ် တရားရုံးတွင် မတရားအသင်း ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၁၇/၁ ဖြင့် အမှုဖွင့်ခဲ့ပြီး ထိုနေ့တွင်ပင် နှစ်ဖက်သက်သေအား စစ်ဆေးမေးမြန်းခြင်း မရှိပဲ တရားသူကြီးမှ ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်ဟု မိုင်းမျိုးအောင်က ဆက်ပြောသည်။
“နှစ်ဖက် သက်သေကိုလည်း သူကဘာမှ စစ်တာမျိုး မရှိဘူးပေါ့ ကလေးကို မေးတော့ ခင်ဗျား ဒီ မတရားအသင်းနဲ့ အဆက် အစပ်ရှိလား ဘာညာ ၊ သူကလည်း ကလေးဆိုတော့ ရှိတယ်လို့ပဲပြောတာ။ ရှိတယ်ဆိုတာကလည်း ဘယ်လိုမျိုးရှိတယ် ဘယ်လိုနဲ့ ဆက်ဆံနေရတယ် ဆိုတာမျိုး ဘာမှအဲလိုမျိုး စစ်ဆေးခြင်း အပြန်အလှန် မေးမြန်းမှု မရှိဘူးပေါ့နော အဲလိုမျိုး ဖြစ်သွားတော့ တခါတည်း သူ့ကို အမိန့်ချလိုက်တယ်ပေါ့နော ၂ နှစ်အမိန့် ချလိုက်တယ်”
တရားရုံးတွင် မိုင်းချိုမင်းထွေး(ခ) အိုက်ယန်း၏ မိခင်တစ်ဦးသာ တက်ရောက်နားထောင်ခွင့် ရရှိခဲ့သည်။
မြန်မာနိုင်ငံ၏ တရားစီရင်ရေးက ကျင့်သုံးသည့် အများပြည်သူရှေ့မှောက်တွင် တရားစီရင်ခွင့်ကို သွေဖယ်ပြီး မိခင်တစ်ဦးတည်းကိုသာ ခေါ်ယူနားထောင်ခွင့်ပြုခြင်းသည် တရားစီရင်ခြင်းမူ တစ်ခုလုံးကို ချိုးဖောက်ရာရောက်သည်ဟု ဥပဒေအထောက်အကူပြုကွန်ရက် တည်ထောင်သူ လူ့အခွင့်အရေး ရှေ့နေ ဦးအောင်ထူးမှ သုံးသပ်ပြောဆိုသည်။
ဖမ်းဆီးခံထားရသူ အနေဖြင့် မိသားစုဝင်များဖြင့် တွေ့ဆုံခွင့်မရသည့်အတွက် ကူညီထောက်ပံ့ခွင့် ဆုံးရှုံးခြင်း၊ ဖမ်းဆီးထားစဉ် အတောအတွင်း အချုပ်လွှတ်ထုချေခွင့် တောင်းခံခွင့်မရခြင်း၊ လုပ်ထုံးလုပ်နည်းအရ ခံစားခွင့်များလည်း ဆုံးရှုံးခဲ့ရသည့်အပြင် ယခုကဲ့သို့ တစ်ခါတည်း စစ်ဆေးပြီး အမိန့်ချမှတ်ခဲ့သည်အပေါ် ဥပဒေ အထောက်အကူပြုကွန်ရက် တည်ထောင်သူ လူ့အခွင့်အရေး ရှေ့နေ ဦးအောင်ထူးက ယခုလို ပြောသည်။
“အဲလိုအဆင့်ဆင့် တရားမျှတစွာ စစ်ဆေးစီရင်ခွင့် အခွင့်အရေး အကုန်လုံးကို ချိုးဖောက်ပြီးတော့မှ တစ်ရက်တည်းစစ် တစ်ရက်ထောင်ချလိုက်တဲ့အတွက် ဘာဖြစ်သွားပြီလဲဆိုတော့ အသက် ၁၄ နှစ်မျှသာ ရှိသေးတဲ့ ဘဝတစ်သက်တာလုံးကို ထိခိုက်သွားတယ်။ သူက ပစ်မှုကြီးကျူးလွန်ကြောင်း စွပ်စွဲခံရတဲ့ အခြေအနေအောက်က ဖြစ်သွားပြီးတော့ ဒီပြောင်းပြန်ပေါ့ မတရားဖမ်းဆီးခြင်းခံရတဲ့ ဘဝကနေပြီးတော့မှ ရာဇဝတ်ကောင်ဘဝကို ရောက်သွားပြီတဲ့ သူ့တစ်သက်တာလုံးမှာ သူ့ဘ၀ အမြဲတမ်း စိုးရိမ်ပူပန်ကြောက်လန့် မျက်နှာငယ်နေရမယ့် ဘ ဝကို ရောက်သွားအောင် လက်ရှိတရားစီရင်ရေးစနစ်က တွန်းပို့ပေးလိုက်တယ်။”
အဖမ်းခံရသူ၏ မိသားစုဝင်များဖက်မှ အယူဝင်ခံဝင်ဖို့ အကူအညီ တောင်းခံလာပါက တတ်နိုင်သလောက် ကူညီ ဆောင်ရွက်ပေးမည်ဖြစ်ပြီး မတရားသဖြင့် မဖြစ်စေချင်ကြောင်း၊ မျှတသည့် တရားစီရင်မှု ဖြစ်စေချင်ကြောင်းနှင့် ခြိမ်းခြောက်ပြီး အပြစ်ဝန်ခံခိုင်းသည့် ပုံစ့မျိုးလည်း မဖြစ်စေချင်ဟု နမ့်ဆန်မြို့နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ အလုပ်အမှုဆောင် ဗဟိုကော်မတီဝင် ဦးသိန်းဇော်မှ ပြောသည်။
ဦးသိန်းဇော်က“မတရားသဖြင့်ပေါ့ ဒီလိုမျိုး ဆုံးဖြတ်ချက်ချလိုက်တာ မဖြစ်စေချင်ဘူး။ ဒါက တစ်အချက်ပေါ့နော။ နှစ်အချက်က ဒီလိုမျိုး ကလေးသူငယ်ကို ဖမ်းဆီးတာတို့ မရားသဖြင့် စွပ်စွဲတာကိုလည်း အဲဒါမျိုး မဖြစ်စေချင်ဘူး။ နံပါတ်သုံးကတော့ တွေ့သမျှ လူတော်တော်များများကတော့ စွပ်စွဲလိုက်တာ ဒါ TNLA ဆိုပြီးတော့မှလေ တော်တော်များများ လူငယ်လူရွယ်တွေကတော့ ဒီမြို့ပေါ်ကို မတက်ရဲတဲ့ဟာလေးတွေပေါ့နော အဲလိုမျိုးလည်း မလုပ်စေချင်ဘူးပေါ့နော။ နံပါတ်လေးအချက်မှာတော့ ဒီကလေးကို ပြန်လည်ခုခံ ပိုင်ခွင့် ပြန်လည် ချေပဖို့ရန် အတွက်ကတော့ မျှော်လင့်တာပေါ့” ဟုပြောသည်။
ဖမ်းဆီးခံရပြီး မတရားအသင်း ဆက်သွယ်ရေး ပုဒ်မ ၁၇/၁ ဖြင့် ထောင်ဒဏ် ၂ နှစ်ချခံရသည့် မိုင်းချိုမင်းထွေး (ခ) အိုက်ယန်းအတွက် အယူဝင်ခံဝင်သွားမည်ဟု တအာင်း ဥပဒေ အထောက်အကူပြု ကွန်ရက်မှ ပြောသည်။
မိုင်းချိုမင်းထွေး(ခ) အိုက်ယန်းသည် နမ့်ဆန်မြို့ အခြေခံပညာ အထက်တန်းကျောင်း အမှတ် (၁) တွင် တက်ရောက် ပညာသင်ယူနေသည့် အဋ္ဌမတန်း ကျောင်းသားတစ်ဦးဖြစ်သည်။