မကဒတ (ABSDF) ၂၉ နှစ်ပြည့် အခမ်းအနား မြောက်ပိုင်း ဌာနချုပ်တွင် ကျင်းပ

သတင်းနှင့် မီဒီယာ ကွန်ရက်။
နိုဝင်ဘာလ ၁ ရက်၊ ၂၀၁၇ ခုနှစ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (မြန်မာပြည်မြောက်ပိုင်း) (ABSDF-NB) က ကချင်ပြည် လွတ်လပ်ရေး တပ်မတော် (KIA) ထိန်းချုပ်နယ်မြေအတွင်း မြောက်ပိုင်း ဌာနချုပ် ဂျန်ထုတ် လခွမ်းဘွမ်တွင် ယနေ့ နိုဝင်ဘာလ ၁ ရက်နေ့တွင်  ABSDF- ကျောင်းသားတပ်မတော် စတင်တည်ထောင် ခြင်း ၂၉ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို ကျင်းပခဲ့သည်။

ABSDF စတင်တည်ထောင်ခြင်း ၂၉နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို နိုင်ငံရေး အနှစ်သာရအားဖြင့် ကျင်းပခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး မြောက်ပိုင်းကျောင်းသားတပ်မတော် (ABSDF-NB) ဥက္ကဌ ဗိုလ်မှူးလဆိုင်းက ပြောသည်။

“ကျောင်းသားတပ်မတော်ဟာ စစ်အာဏာရှင်စနစ်ကို တော်လှန်တဲ့သမိုင်း တော်လှန်တဲ့ဟာဘယ်လို ဖြစ်လာသလဲဆိုတာကို အခုမျိုးဆက် သစ်တွေ အကုန်လုံးသိအောင်ပေါ့ ရှေ့ဆက်ပြီးမှ ကျနော်တို့ လုပ်ရမယ့် နိုင်ငံရေး လုပ်ငန်းတွေ ဒါတွေကို အားတဖန် ပြန်လည်မွေးယူတဲ့ အနေနဲ့ ကျနော်တို့ အခန်းအနား လုပ်ရတာဖြစ်တယ်”

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး၏ ဦးတည်ချက် ၄ ရပ်ဖြစ်သည့် တိုင်းရင်းသား လူမျိုးပေါင်းစုံ ပြည်သူတစ်ရပ်လုံး စစ်အာဏာရှင်စနစ် အောက်မှလွှတ်မြောက်ရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ရရှိရေး၊ စစ်မှန်သည့် ပြည်တွင်းငြိမ်းချမ်းရေး၊ စစ်မှန်သည့်ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး စသည့်ဦးတည်ချက်များ ပြည့်ဝစွာ မရရှိသေးသည့်အတွက် ကျောင်းသား တပ်မတော်သည်လည်း ပြည်သူလူထုနဲ့အတူ ပြည်သူလူထုအတွက် အသက်သွေးချွေး ပေးဆပ်ရဦးမည် ဆိုသည့်အသိဖြင့် ယနေ့ ၂၉ နှစ်ပြည့် နှစ်ပတ်လည်နေ့ကို ပြုလုပ်ရခြင်းဖြစ်သည်ဟု ဗိုလ်မှူးလဆိုင်းက ဆက်ပြောသည်။

ABSDF စတင်တည်ထောင်ခြင်း ၂၉ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားအား နံနက်ပိုင်းတွင် စစ်ရေးပြအခမ်း အနားနှင့်အတူ အလံတော်အားအလေးပြုခြင်း၊ သစ္စာဆိုခြင်းများပြုလုပ်ခဲ့ပြီး နံနက် ၁၀ နာရီတွင် နိုင်ငံရေး အခမ်းအနားကို ကျင်းပခဲ့သည်။

၁၉၈၈ ခုနှစ်တွင် ရှစ်လေးလုံး အရေးတော်ပုံကာလအတွင်း ဒီမိုကရေစီရရှိရန် ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြသည့် ကျောင်းသားများနှင့် အလွှာပေါင်းစုံမှ ပြည်သူလူထုများအား စစ်အုပ်စုမှ အကြမ်းဖက်ဖြိုခွင်းကာ ၁၉၈၈ စက်တင်ဘာလ ၁၈ ရက် နေ့တွင် အာဏာသိမ်းခဲ့သည့်အတွက် ကျောင်းသားများနှင့်အတူ အလွှာပေါင်းစုံမှ ပြည်သူလူထုများသည် စစ်အာဏာရှင်စနစ်အား ရရာလက်နက်ဖြင့် တော်လှန်ရန်အတွက် နီးစပ်ရာ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများရှိရာ နယ်မြေများသို့ ရောက်ရှိခဲ့သည်။

“နိုဝင်ဘာလ ၁ ရက်ကနေပြီးတော့ ၅ ရက်အတွင်း ကျင်းပတဲ့ ပထမအကြိုညီလာခံပေါ့ အဲဒီကနေပြီးတော့ ကျောင်းသားတပ်မတော်ကို မွေးဖွားသန့်စင်လိုက်တယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ဆိုပြီးတော့ ကျနော်တို့ အမည်နာမ မှည့်ခေါ်ပြီးမှ ဒီကနေ့ စစ်အာဏာရှင်စနစ် မြန်မာနိုင်ငံပေါ်ကနေပြီးတော့ တပ်ဆုတ်ဖို့အတွက် လက်နက်ကိုင်တော်လှန်ရေး လမ်းကြာင်းပေါ်မှာ ကျနော်တို့ ကျောင်းသား တပ်မတော်အနေနဲ့ ရပ်တည်ပြီးမှ တိုင်းရင်းသား တော်လှန်ရေး အင်အားစုတွေနဲ့အတူ လက်တွဲပြီးမှ တိုက်ပွဲဝင်ခဲ့တာဟာ  ဒီကနေ့အထိပဲဖြစ်တယ်”  ဟု ဗိုလ်မှူးလဆိုင်းက ပြောသည်။

ယနေ့ပြည်တွင်း ငြိမ်းချမ်းရေး အခြေအနေကို ကြည့်မည်ဆိုပါက အားလုံးပါဝင်သည့် အနေအထားသို့ မရောက်ရှိသေးသည့်အတွက် စစ်မှန်သည့် ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ရန် နိုင်ငံတော်အစိုးရမှ စေတနာမှန်မှန်ဖြင့် လမ်းဖွင့်ပေးရန်လိုသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF-NB) က ပြောသည်။

“ဒီ NCA လက်မှတ်ထိုးပြီးတဲ့ နောက်ပိုင်းမှာ ရှေ့ဆက်မတိုးတဲ့ အဖြစ်မျိုး deadlock ပုံစံဖြစ်နေတဲ့အဖြစ်မျိုးတော့ ကျနော်တို့ကျောင်းသား တပ်မတော်အနေနဲ့တော့ မလိုချင်ဘူး မလိုလားဘူး။ ဒါကြောင့်မို့ တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့အစိုးရကလည်း စေတနာမှန်မှန်တဲ့ လမ်းဖွင့်ပေးမယ်ဆိုရင် ကျနော်တို့ နိုင်ငံဟာ တကယ်ကိုမှ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ပြည်တွင်းစစ် ရပ်စဲတဲ့နိုင်ငံ ဖြစ်လာမယ်လို့တော့ ကျနော်တို့ မျှော်လင့်တာပဲ အဲဒါမှသာလျှင် တိုင်းရင်းသား လူမျိုးပေါင်းစုံရဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံပေးတဲ့ ဖက်ဒရယ် ဒီမိုကရက်တစ် နိုင်ငံတော်ကို ကျနော်တို့ တည်ထောင်နိုင်မယ်လို့ ယုံကြည်တယ်လို့ ပြောချင်ပါတယ်” ဟု ဗိုလ်မှူးလဆိုင်းက ပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ၇ ဖွဲ့နှင့်အတူ  လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဖြစ်သည်။

ယနေ့ကျင်းပသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ၏  ၂၉ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ABSDF ၏ ၂၉ နှစ်တာ ဖြတ်သန်းမှု သမိုင်းပုံရိပ်များကို တက်ရောက်လာသည့် လူထုများနှင့်လူငယ်များ သိရှိနိုင်ရန် ဓာတ်ပုံပြခန်း ပြုလုပ်ထားရှိပြီး အခမ်းအနားသို့ ကချင်လွတ်လပ် ရေးအဖွဲ့ (KIO)၊ ရက္ခိုင့်တပ်မတော်(AA)၊ ချင်းအမျိုးသားတပ်ဦး (CNF) မှ တာဝန်ရှိသူများ၊ အမျိုးသမီးအဖွဲ့များ၊ လူငယ်အဖွဲ့များနှင့် ဒေသခံ ရပ်မိရပ်ဖလူထုများ အပါအဝင် စုစုပေါင်း လူဦးရေ ၄၀၀ နီးပါးခန့် တက်ရောက် ခဲ့ကြသည်။