ထိုင်းအိမ်ဖော်အမှု မိမိကိုယ်ကို သတ်သေမှုဖြစ်ရန် အလားအလာများဟု ရဲက ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
နိုဝင်ဘာလ ၈ ရက်။ ၂၀၁၇ ခုနှစ်။

ထိုင်းလူမျိုးတစ်ဦးနေအိမ်တွင် အိမ်အကူလုပ်လုပ်နေသော အသက် ၁၇ နှစ်အရွယ် မြန်မာရွှေ့ပြောင်းအလုပ်သမ  ကရင်တိုင်းရင်းသူ နော်ညိုညိုအေး သေဆုံးခဲ့မှုနှင့် ပတ်သက်၍ အမှုစုံစမ်းစစ်ဆေးမှု မပြီးပြတ်သေးမှီတွင် မိမိကိုယ်မိမိ သေကြောင်းကြံစည်မှုဟု သတင်းမီဒီယာများက မဖော်ပြသင့်ကြောင်း နိုဝင်ဘာလ ၇ ရက်နေ့ က သတင်းစာရှင်းလင်းပွဲမှာ ရဲတပ်ဖွဲ့က ပြောဆိုလိုက်သည်။

သို့ရာတွင် ပြန်လည် စစ်ဆေးမှုများအပေါ် တွေ့ရှိချက်များအရ မြန်မာအိမ်ဖော်မှာ မိမိကိုယ်ကို သတ်သေခြင်း ဖြစ်ရန် အလားအလာများသည်ဟု ရဲက ပြောသည်။

ထိုင်း အထူးရဲတပ်ဖွဲ့ အပါအဝင် အမှုစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့နဲ့ မှုခင်းရဲတပ်ဖွဲ့ဝင်တွေဟာ သေဆုံးသူရဲ့ မိသားစု ဝင်တွေနဲ့အတူ မှုခင်းဖြစ်ပွားခဲ့တဲ့ ထိုင်းနိုင်ငံ လပ်ဘူရီမြို့နယ် ဘန်ပုံနယ်မြေမှာရှိတဲ့  ထိုင်းအလုပ်ရှင်နေအိမ်မှာ ဖြစ်ပွားခဲ့ပုံ အခြေအနေတွေနဲ့ ပတ် သက်ပြီး နိုဝင်ဘာလ ၇ ရက်နေ့ မနက်ပိုင်းက စစ်ဆေးမှုတွေ ထပ်မံလုပ်ဆောင်ခဲ့အပြီး သတင်းစာရှင်း လင်းပွဲမှာ ရဲအရာရှိက ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ကျနော်တို့ ရဲတပ်ဖွဲ့အနေနဲ့ ဒီကနေ့အထိ စစ်ဆေးမှုတွေအားလုံး မပြီးသေးပါဘူး။ ဒါပေမယ့် သတင်းမီဒီယာ တွေ ရေးသားဖော်ပြမှုတွေက ဖြစ်ပွားခဲ့တဲ့နေရာ သရုပ်ပြလုပ်တာတွေကို လိုက်ကြည့်ပြီး အခင်းဖြစ်ပွားတာဟာ မိမိကိုယ်မိမိ လုပ်ကြံသေဆုံးတာဆိုပြီး ရေးသားကြတာသာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် အားလုံးနားလည်လိုက် တာက ကိုယ့်ကိုယ်ကိုသတ်သေတယ် ဒါပေမယ့် စုံစမ်းစစ်ဆေးမှုတွေက လုပ်လို့ မပြီးသေးပါဘူး။ ဒီနေ့အထိ မပြီးသေးပါဘူး။ ကျနော်တို့ စုံစမ်းထားချက်တွေကို မှုခင်းဆရာဝန်ရဲ့ ထပ်မံစစ်ဆေးမှု ပြုလုပ်ပြီး အတည်ပြု ပေးဖို့လည်း ကျန်နေသေးပါတယ်။ အဲ့ဒီ အဖြေရဖို့ကလည်း တစ်လ လောက် ကြာပါတယ်။

သေဆုံးမှု ဖြစ်ပွားခဲ့ပြီး အစ ပထမ ဆေးရုံမှာ စစ်ဆေးချက်အရ ဦးခေါင်းကို ဝင်တဲ့ ကျည်ဆံဟာ ညာဖက်က နေဝင်ပြီး ဘယ်ဖက်ကို ထွက်သွားတယ်လို့ မှတ်ချက်ပေးခဲ့သော်လည်း အခု မှုခင်းစစ်ဆေးရေး ဆရာဝန် က ဦးခေါင်းအရိုး ကွဲအက်ပုံတွေကို အသေးစိတ် ပြန်စစ်တဲ့အခါမှာ ကျည်ဆံက ဘယ်ဖက်ကနေဝင်ပြီး ညာဖက်ကိုဖောက်ထွက် သွားကြောင်း တွေ့ရသည်ဟု ရဲအရာရှိက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့သည်။

ယနေ့ ထပ်မံသွားစစ်ဆေးခဲ့သည့် အခါတွင်လည်း မှုခင်းရဲတပ်ဖွဲ့က တာဝန်ရှိသူတွေနဲ့အတူ သေဆုံးသူ နော်ညိုညိုအေး ရဲ့ မိခင် နဲ့အတူ သူရဲ့ အမလည်း ပါဝင်ပြီး ထိုင်းနိုင်ငံ မြန်မာသံရုံးက ကိုယ်စားလှယ်တစ်ဦး နဲ့အတူ NGO အဖွဲ့ကသူများ လိုက်ပါခဲ့သည်။

အမှုစတင်ဖြစ်ပွားပြီး စတင်စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်ခဲ့ချိန်က ရရှိထားတဲ့ အချက်တွေအရ သေဆုံးတဲ့ အချိန်မတိုင်ခင် မိန်းကလေးမှာ စိတ်ထိခိုက်မှုတွေ ရှိခဲ့သည်ဟု ရဲအရာရှိက ပြောသည်။

“ကျနော်တို့ မေးမြန်းချက်တွေအရ အခင်းမဖြစ်ပွားခင် မှာ သေဆုံးသူဟာ သူ့ရည်းစားနဲ့ ဒီနှစ်ကုန် အထိ နှစ်ယောက် ငွေဆု မယ်။ ပြီးရင် မြန်မာပြည်ပြန်မယ် မိဘ အိမ်မှာ ပြန်နေပြီး ဈေးရောင်းဈေးဝယ် လုပ်ကိုင်စား သောက်မယ် အတူတူ အလုပ်ထွက်မယ် ဆိုပြီး ငွေဆုထားတာ မျိုး ရှိတယ်လို့ သိရတယ်။ ဒါပေမယ့် အခင်းမဖြစ်ပွားခင်နေ့လည်ပိုင်းမှာ “သူထွက်ပြေးသွားပြီ” ဆိုပြီး သေဆုံးသူက တအား ငိုယိုပြီး စိတ်ထိခိုက်တာမျိုးဖြစ်တယ်။ သူ့ညီမကိုလည်း ဖုန်းဆက်သလို ရည်စားရဲ့ ဖခင်ကိုလည်း ဖုန်းဆက် တယ်လို့ သိရတယ်။ အဲ့ဒီနောက် ညနေပိုင်းမှာ ဒီလိုဖြစ်တာ လို့လည်း သိရတယ်။”

နေအိမ်ပြတင်းပေါက်က ကျည်ဆံပေါက် နှစ်ခု နဲ့ ပတ်သက်ပြီးတော့ ပထမ ကျည်ဆံ ရာဟာ နော်ညိုညိုအေး ကို မထိပဲ ကျည်ဆံက ပြတင်းပေါက်ကို ထိမှန်ပြီး ဘေးအိမ်က ဆရာဝန်ရဲ့နေအိမ် သွားရောက်ထိမှန်တဲ့ ကျည်ဆံလမ်းကြောင်းဟာ နော်ညိုညိုအေး ရှိတဲ့နေရာကနေ ပစ်မယ်ဆိုရင် အမြင့် ၁ ဒသမ ၁၂ မီတာ ရှိပြီး နော်ညိုညိုအေး မတ်တပ်ရပ်နေမယ်ဆိုရင် ရင်အုပ်လောက်မှာ ရှိနေမှာဖြစ်သည်ဟု ပြောသည်။

နော်ညိုညိုအေး ကို ကျည်ဆံထိမှန်ပြီး ပြတင်းပေါက်နောက်တခုကိုသွားထိမှန်တဲ့ ကိစ္စမှာ သေနတ်ထိမှန်ပြီး သေဆုံးသူဟာ သူလဲကျခဲ့ချိန် သွေးတွေ စီးကျနေတာ၊ သွေးနဲ့အတူ စီးပါလာတဲ့ အဝါရောင်အရည်တွေ တွေ့ရပါလိမ့်မယ် အဲ့ဒါ သဘာဝပါ။ ဒါပေမယ့် သွေးအိုင်နေရာမှာ လူလွန့် လှုပ်ရှားတာမျိုး မရှိတဲ့အတွက် ဒါဟာ တခြားလူတစ်ဦးဦး လာရောက်ပါဝင်ပတ်သက်ခြင်း မရှိနိုင်ဘူးလို့ ယူဆလို့ရကြောင်း ပြောဆိုပါတယ်။

အခင်းဖြစ်ပွားချိန်မှာလည်း နေအိမ်ထဲမှာ အလုပ်ရှင်သူဌေး နဲ့အတူ ၅ ဦး ရှိနေခဲ့သည်။ အလုပ်ရှင် ဇနီးမောင်နှံ နဲ့ သူတို့ကလေးနှစ်ယောက်အပါအဝင် တူမ လေးတစ်ယောက် ရှိနေကြောင်း ပြောပါတယ်။ သေဆုံးသူနဲ့အတူ ၆ ဦးရှိသည်ဟု ပြောသည်။

အခင်းဖြစ်ပွားတဲ့ နေအိမ်အတွင်းက ကင်မရာ ၄ ခုနဲ့ ရဲစခန်းတိုင်ကြားချိန်အထိ  ပြန်စစ်ဆေးမှုတွေ လုပ်ဆောင်ရာမှာ အခင်းဖြစ်ပွားချိန်က အလုပ်ရှင် သူဌေးဟာ ရေးကူးကန်မှာရှိနေချိန်၊ အလုပ်ရှင် ဇနီး က သူရဲ့အခန်းအတွင်းမှာ ရေချိုးနေချိန်၊ ကလေးနှစ်ဦး နဲ့ တူမ ဟာလည်း သူတို့အခန်းထဲမှာ ရှိနေချိန်ဖြစ်နေတာ တွေ့ရတယ်လို့လည်း ရဲအရာရှိက ပြောသည်။

သေဆုံးသူ သေနတ်ရခဲ့တာဟာလည်း အခင်းမဖြစ်ပွားခင် ၁၀ ရက် ၁၅ ရက်ခန့်က နေအိမ်အတွင်း မသင်္ကာစရာ အသံကြားရလို့ အလုပ်ရှင်သူဌေး က သေနတ်မောင်းတင်ပြီး လိုက်ရှာခဲ့ပေမယ့် ဘာမှ မတွေ့တာကြောင့် သေနတ်မောင်းပြန်မဖြုတ်ပဲ Save ပြန်လုပ်ပြီး အိပ်ယာခေါင်းရင်းမှာ ထားထားတာကို သေဆုံးသူ သန့်ရှင်းရေးလုပ်ချိန် မြင်ထားခဲ့ပြီး ဒီသေနတ်ကို ရရှိခဲ့တာ ဖြစ်နိုင်ကြောင်း ရဲက ပြောသည်။

အခင်းဖြစ်ပွားတဲ့နေ့မှာပဲ အမှုစစ်ဆေးရေးရဲတပ်ဖွဲ့ရဲ့ DNA စစ်ဆေးချက်အရ သေနတ်မှာ သေဆုံးသူရဲ့ DNA သာ တွေ့ရှိရပြီး ညာဖက်လက်ထက် ဘယ်ဖက်လက်က ပိုများနေတာကိုလည်း စစ်ဆေးတွေ့ ရှိထားရကြောင်း ရှင်းလင်းခဲ့သည်။

သေနတ်မှာ လက်ဗွေရာတွေ့ရှိမှုဟာ သေဆုံးသူတစ်ယောက်ပဲ တွေ့ရှိတာနဲ့ ပတ်သက်လို့ သတင်းထောက် တွေက မေးမြန်းရာမှာ ရဲအရာရှိ ပြန်ပြောတာက ဒီကိစ္စနဲ့ ပတ်သက်ပြီး ရှေ့နေက မေးပါတယ်၊ သေနတ်ကို အလုပ်ရှင်က ပြီးခဲ့တဲ့ ၁၅ ရက်လောက်မှာ ကိုင်ခဲ့တယ်။ အခု သေဆုံးမှုမှာ သေဆုံးသူရဲ့ DNA ပဲ တွေ့တယ်ပြောတယ်။ အလုပ်ရှင်ရဲ့ DNA ရော မတွေ့ဘူးလားဆိုပြီး မေးလာပါတယ်. ကျေးဇူးတင်ပါတယ် ရှေ့နေကို ။ ကျနော် အဲ့ဒီအတွက် DNA ကို ပြန်စစ်ဆေးဖို့ စုံစမ်းစစ်ဆေးရေး တပ်ဖွဲ့ကို အိမ်စာ ပေးထားပါတယ်။ သူတို့ ပြန်စစ်ဆေးပါလိမ့်မယ်  ဟု ရဲအရာရှိက သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက် တွေကို ပြောသည်။

ဒီသေဆုံမှုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့အနေနဲ့ ၂ ချက်သာရှိကြောင်း။ တစ်ခုမှ မိမိကိုယ်မိမိသေ ကြောင်းကြံစီမှုဖြစ်ပြီး တစ်ပါးသူတစ်ဦးမှ လုပ်ကြံသတ်ဖြတ်မှု ၂ ခုထဲမှ တစ်ခု ဖြစ်နိုင်သည်ဟု ပြောသည်။

အမှုစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ရဲ့ ပြောဆိုချက်အရ သေနတ်ကျည်ဆံ သွားလာမှုတွေကို ခန့်မှန်းကြည့်ရာမှာ သေဆုံးသူဟာ ပထမတစ်ကြိမ် သေနတ်ပစ်ခဲ့ပြီးနောက်မှာမှ မိမိကိုယ်ကို အဆုံးစီရင်တာ ဖြစ်နိုင်ကြောင်း တင်ပြထားတယ်လို့လည်း ရဲအရာရှိက ပြောသည်။

သေဆုံးသူဟာ အခင်းဖြစ်ပွားရာ နေရာမှာ မတ်တပ်ရပ်ပြီး သေနတ်ပစ်ဖို့ ကြိုးစားရာမှာ Save ကို ဖြုတ်မိလိုက်ချိန်မှာ ပထမ ကျည်ဆံ ထွက်သွားပြီး သူထိုင်ချကာ ဒုတိယအကြိမ်မှာ ကိုယ့်ကိုကိုယ် လုပ်ကြံတာမျိုး ဖြစ်နိုင်ကြောင်း လက်ရှိ သရုပ်ဖော် စစ်ဆေးချက်တွေအရ တွေ့ရှိရတယ်လို့ လည်း ရဲအရာရှိက ပြောသည်။

ဒီနေ့ဟာ အားလုံးစစ်ဆေးမှုတွေ ပြီးပြီးလားလို့မေးရင် ကျနော်ပြောရမှာကတော့ မပြီးသေးပါဘူး။ ဒါပေမယ့် ဒီနေ့ ဖြစ်ပွားခဲ့ပုံကို ပြန်သရုပ်ဖော်ချိန်မှာ လာလုပ်ကြံသတ်ဖြတ်တာမျိုးဆိုရင် သွေးအိုင်နေရာက ပုံမှန်မဟုတ်ပဲ အရာပျက်နေမှာဖြစ်ပြီး ကိုယ့်ဟာကို သတ်သေတယ်ဆိုရင် သွေးအိုင်တွေက နဂိုအတိုင်း ရှိနေမှာ ဖြစ်ပါတယ်။ အခု ဒီအတိုင်းသာ ကြည့်မယ်ဆိုရင် မိမိကိုယ်မိမိ လုပ်ကြံတာ ဖြစ်ဖို့များနေပါတယ်။

တနင်္သာရီတိုင်း ပုလောမြို့နယ်မှာနေထိုင်တဲ့ နော်ညိုညိုအေး ဟာ ပြီးခဲ့တဲ့ သုံးနှစ်ကတည်းက သေဆုံးခဲ့တဲ့ နေအိမ်မှာ အိမ်အကူအလုပ်လုပ်ကိုင်နေတာဖြစ်ပြီး အခုနှစ် သြဂုတ်လ ၆ ရက်နေ့က သေနတ်ဒဏ်ရာ နဲ့ သေဆုံးခဲ့ရာက မိမိကိုယ်မိမိ သေကြောင်းကြံစည်မှုဖြင့် အမှုပိတ်ခဲ့ပြီးနောက် ထိုင်းအမျိုးသား မှုခင်းစစ်ဆေး ရေးဌာနက သေကြောင်းကြံစည်မှု မဟုတ်ကြောင်း ပြောဆိုခဲ့ရာ အမှုကို ပြန်လည်စစ်ဆေးနေ ခြင်း ဖြစ်သည်။