သတ်မှတ်ရက်အတွင်း သက်သေခံ လက်မှတ်လုပ်ရန် ရွှေ့ပြောင်းအလုပ်သမားများကို သံရုံးသတိပေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
နိုဝင်ဘာလ ၈ ရက်၊ ၂၀၁၇ ခုနှစ်။

နိုင်ငံသား ဖြစ်ကြောင်း သက်သေခံ လက်မှတ် လုပ်ရန် ရက်ကုန်ဆုံးတော့မည်ဖြစ်၍ ထိုင်းနိုင်ငံအတွင်း သတ်မှတ်ထားသည့် နေရာ ၉ ခုတွင် အမြန်ဆုံး သွားရောက် လုပ်ဆောင်ကြရန် ထိုင်းနိုင်ငံအခြေစိုက် မြန်မာသံရုံးက မြန်မာရွှေ့ပြောင်းအလုပ်သမားများကို သတိပေးထားသည်။

သတိပေးစာထုတ်ပြန်ရသည့် အကြောင်းရင်းကို မြန်မာအလုပ်သမားသံအရာရှိ ဦးအောင်ခင်မြင့် က ယခုကဲ့သို့ ပြောသည်။

“ကျနော်တို့ CI ချိန်းရမှာလေ၊ ချိန်းပြုပြီး ဝပ်ပါမစ်တွေ ဘာတွေ တခါတည်းလုပ်ရမယ်၊ ဗီဇာ လျှောက်ရမယ် အဲ့ဒါ ကျနော်တို့က ၃၁ ရက် ၃ လ ၂၀၁၈ အထိ ကျနော်တို့က ဗီဇာ ထုတ်ပေးထားလာတဲ့ ပရောစက်တွေ အခု ဆောင်ရွက်နေတာလေဗျား၊ သတ်မှတ်ကာလရက်အတွင်း မြန်မြန် ပြီးအောင်လို့ လုပ်ဖို့ ကျနော်တို့ က နိုးဆော်စာ ထုတ်တာ။”

ထိုင်းနိုင်ငံအတွင်းမှာရှိတဲ့ မြန်မာနိုင်ငံ သားတွေအတွက် မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေခံလက်မှတ် Certificate of Identity – CI ထုတ်ပေး တဲ့ ရက် လာမည့် ဒီဇင်ဘာလ ၃၁ ရက်နေ့ တွင် ကုန်ဆုံးမည် ဖြစ်သည့် အတွက် သတ်မှတ်ရက်ကုန် ဆုံးရင် ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်းလည်း သတိပေးထားသည်။

ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေကြသော မြန်မာအလုပ်သမားများ အတွင်း ထိုင်းနိုင်ငံက ထုတ်ပေး ထားတဲ့ ယာယီ အလုပ်လုပ်ကိုင်ခွင့် လက်မှတ် (ဘတ်ကတ် လို့ခေါ်တဲ့ TR – 38) ကိုင်ဆောင်ထားသူများ၊  ယာယီ နိုင်ငံကူး လက်မှတ် ကိုင်ဆောင်ထားတဲ့ မြန်မာအလုပ်သမားများနှင့် ထိုင်းနိုင်ငံ အလုပ်အကိုင် ရှာဖွေရေးဌာန ထောက်ခံစာ ထုတ်ပေးထားတဲ့ အထောက်အထားမဲ့ လက်မှတ် ကိုင်ဆောင်ထားသူများကို CI ခေါ် သက်သေခံ လက်မှတ်များ ဒီဇင်ဘာ ၃၁ ရက် မတိုင်မီ လုပ်ပေးလျက်ရှိသည်။

သက်သေခံလက်မှတ် CI ထုတ်ပေးရေးစခန်းတွေဖြစ်တဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီးက မဟာချိုင် ၁ နဲ့ ၂ စမုတ်ပရာကန်၊ မယ်ဆိုင်၊ မဲဆောက်၊ ရနောင်း၊ ချင်းမိုင်၊ နခွန်စဝမ် နဲ့ ဆုန်ခလာ မြို့က နေရာ ၉  နေရာတွင်  သတ်မှတ်ရက်မတိုင်မှီ အမြန်ဆုံးသွားရောက်လုပ်ကိုင်ရမည်ဖြစ်ကြောင်း သတိပေးစာတွင် ဖော်ပြထားပါတယ်။

သို့သော်လည်း မြန်မာအလုပ်သမားများသည် သွားရေးလာရေး ခက်ခဲခြင်း၊ အလုပ်ရှင်က လိုလိုလားလား မရှိခြင်းနှင့် ပွဲစားများက ဈေးမြှင့်တောင်းခံနေခြင်းတို့ကြောင့် လက်မှတ်လုပ်ဖို့ အခက်အခဲကြုံနေရသည်ဟု ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငအခြေစိုက် အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ ပညာရေး နဲ့ ဖွံဲ့ဖြိုးတိုးတက်ရေး ဖောင်းဒေးရှင်း အဖွဲ့ FED အဖွဲ့က ကိုမင်းဦး က ပြောသည်။

အထူးသဖြင့်တော့ဗျား CI ထုတ်ပေးရေး စခန်းတွေပေါ့၊ အဲ့ဒီ စခန်းတွေ ရှိတဲ့ နယ်မြေကလူတွေက ဒီလောက် အခက်အခဲ မရှိဘူး၊ ဥပမာ ရနောင်းမှာရှိတဲ့ လူတွေအတွက် အဆင်ပြေတယ်ဆိုပေနဲ့၊ တခြား ဆူလတ် တို့ တခြား ဖန်င တို့  ဖူးကတ် တို့ ဆို ရနောင်းကို သွားလုပ်ရတာ။ ရနောင်းသွားလုပ်ဖို့အတွက်ဆိုရင်လည်း ချက်ချင်း သွားလို့ မရဘူး၊ သူက နယ်ကျော်လက်မှတ် လုပ်ရသေးတယ်လေ။ အဲ့တော့ သွားလုပ်တဲ့ အခါကြရင်လည်း အကြောင်းအမျိုးမျိုးကြောင့် ရောက်တာ နောက်ကျလို့ပဲ ဖြစ်ဖြစ်ပေါ့လေ။ အဲ့လို တစ်နေ့ ထုတ်ပေးနိုင်တဲ့ အင်အားထက် ကျော်သွားတယ်ဆိုလို့ရှိရင် သူတို့က နောက်တနေ့တခါထပ်ပြီးတော့ စောင့်ရတယ်လေ၊ တချို့ကြတော့ မစောင့်နိုင်ဘူးဗျား မစောင့်နိုင်တဲ့လူတွေ ဆိုလို့ရှိရင် ပြန်သွားပြီး နောက်တခေါက် ပြန်လာဖို့အတွက် တခါ ထပ်ပြီးတော့ ရက်ချိန်းယူ ပြီးရင် တခါ ထပ်ပြီးတော့ ဒီ အလုပ်သမား ဝန်ကြီးဌာနကနေ နယ်ကျော်လက်မှတ် တခါ ထပ်ယူ အဲ့ဒီ ပြသနာတွေက အများကြီး ဖြစ်နေတယ်”

မြန်မာအလုပ်သမားသံအရာရှိ ဦးအောင်ခင်မြင် ကတော့ သတ်မှတ်ကာလဖြစ်တဲ့ လာမည့် ဒီဇင်ဘာလ ၃၁ ရက်နေ့ ထက်ကျော်ပြီး နေထိုင်အလုပ်လုပ်ကိုင်ကြတဲ့ အလုပ်သမားတွေကို ထိုင်းနိုင်ငံရဲ့ ၂၀၁၇ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ ဥပဒေသစ်ဖြစ်တဲ့ Management of Alien Workers အရ အရေးယူဆောင်ရွက်ခံရနိုင်သည်ဟု ပြောသည်။

သတ်မှတ်ရက်အတွင်း ကျော်လွန်သွားရင် ကျနော်တို့ ဘယ်လိုလုပ် နေလို့ရတော့မတုန်း ဗီဇာမှ မရှိတော့ဘူး နေခွင့် မရှိတော့ဘူးဆိုရင် နေလို့မရတော့ဘူးလေ၊ နေလို့မရတော့ဘူးဆိုရင် မပြန်ဘူးဆိုရင် ဥပဒေ အရ အရေးယူ ခံရမှာပေါ့၊

ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမား ၃ သန်းခွဲခန့်ရှိကြောင်း အလုပ်သမားရေး ကူညီဆောင်ရွက် သူတွေက ခန့်မှန်းထားပြီး တရားဝင် ရွှေ့ပြောင်းအလုပ်သမားတွေအဖြစ် အလုပ်လုပ်ကိုင်နိုင်ဖို့ ပြီးခဲ့တဲ့ မတ်လကတစ်ကြိမ် မြန်မာရွှေ့ပြောင်း အလုပ်သမားများကို ဗီဇာသက်တမ်းတိုးမြှင့်ပေးခဲ့သည်။