ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးအပြည့်အဝရရှိရန် ချင်းမိုင်မြို့တွင် တောင်းဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
ဒီဇင်ဘာလ ၁၈ ရက်နေ့၊ ၂၀၁၇ ခုနှစ်။

ယနေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားနေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်အတွင်းရှိ ရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းနိုင်ငံ မြောက်ပိုင်း အလုပ်သမားသမဂ္ဂ အဖွဲ့တို့ ပူးပေါင်း၍ အလုပ်သမားအခွင့်အရေးများ အပြည့်အ၀ ရရှိရန် တောင်းဆိုချက် ၁၄ ချက်ကို ချင်းမိုင်ခရိုင် အလုပ်သမားဝန်ကြီးဌာနကို စာပေးပို့ တောင်းဆိုခဲ့သည်။

ယနေ့ နံနက် ၁၀ နာရီက ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ချင်းမိုင်ခရိုင်ရုံးရှေ့မှာ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးဆောင်ရွက်နေသူများနှင့် ရွှေ့ပြောင်းအလုပ်သမားတွေစုစည်းခဲ့ကြပြီး အခွင့်အရေး တောင်းဆိုမှု ပိုစတာတွေကိုင်ဆောင်၍ လမ်းလျှောက်ချီတက်တောင်းဆိုခဲ့ခြင်းဖြစ်သည်။

အလုပ်သမားအခွင့်အရေးများ တောင်းဆိုမှုနှင့် ပတ်သက်၍ MAP ဖောင်းဒေးရှင်းအဖွဲ့မှ ဦးဆောင်သူ တစ်ဦး ပြောပြတာက ထိုင်းအစိုးရက အတည်ပြုပြဌာန်းထားတဲ့အတိုင်း ရွှေ့ပြောင်းအလုပ်သမား များ၏ လုပ်အားခကို အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်၊ ထိုင်းအစိုးရအနေနဲ့ ရွှေ့ပြောင်းအ လုပ်သမားများကို လုပ်ဆောင်ပေးနေသည့် နည်းစနစ်များကို ပိုမိုမှန်ကန်လွယ်ကူစေရန် ဆောင်ရွက် ပေးဖို့ နဲ့ ထိုင်းအစိုးရ အနေနဲ့ ကောင်းမွန်တဲ့ ဥပဒေတွေနဲ့ လမ်းညွန်မှုတွေလွယ်ကူအောင်အောက် ပါ အတိုင်း ဆောင်ရွက်ပေးဖို့ဆိုပြီး တောင်းဆိုချက် ၁၄ ချက် ကို ရေးသားပြီး လာရောက်တောင်းဆို တာ ဖြစ်ပါတယ်။ ဟု ပြောသည်။

ယနေ့ တောင်းဆိုမှုတွင် အသက် ၅၅ နှစ် ပြည့်သူများ အလုပ်လုပ်ကိုင်ခွင့်မရှိတော့ဟု ဥပဒေကို အသက် ၆၀ အထိ လုပ်ကိုင်ခွင့်ပြုပေးဖို့ ပြောင်းလဲပေးရန်၊ ကျန်းမာရေး အာမခံ များအား ထိုင်း နိုင်ငံသားများနည်းတူ ရွှေ့ပြောင်းအလုပ်သမားများ၏ မှီခိုသူကလေးငယ်များကိုလည်း ခံစားခွင့်ပေးရန်ပါဝင်သည်။

အလုပ်သမားလက်မှတ် မှတ်ပုံတင်မှုကို လုပ်ထုံလုပ်နည်း ရှင်းလင်းပြီး ကုန်ကျစာရိတ် နည်းပါးစေအောင် ပြုလုပ်ပေးရန်၊ အလုပ်သမားအားလုံးကို အလုပ်သမား အခွင့်အရေး ကာကွယ်ရေး ဥပဒေနှင့်အညီ ကာကွယ်မှု ပေးရန်၊ ရွှေ့ပြောင်းအလုပ်သမားများကို လူမှုဖူလုံရေး အကျိုးခံစားခွင့် တပြေးညီ ခံစားခွင့်ပေးဖို့ ဆိုတဲ့အချက်တွေပါဝင်သည်။

အဓိကကတော့ အလုပ်သမားတွေ လျှောက်လွှာတင်တဲ့ နေရာမှာတွေ၊ အလုပ်သမားလက်မှတ်တွေ လုပ် တဲ့ နေရာတွေမှာ ပိုပြီးတော့ လျင်မြန်သွက်လက်အောင်ပေါ့နော်။ နောက်ပြီး VISA လုပ်ငန်းတွေ၊ နောက်ပြီး ရက် သက်တမ်းတိုးတာတွေ လျင်မြန်အောင်ပါ။ နောက်ပြီး ရက်၉၀ သတင်းပို့တာတွေ ကိုလည်း မြို့နယ်တိုင်းက လဝက ရုံးတွေမှာ လုပ်နိုင်အောင် အပါအဝင် အလုပ်သမားတွေရဲ့ အလုပ်လုပ်ကိုင်ခွင့် အသက်ကို အသက် ၆၀ အထိ လုပ်ကိုင်ခွင့်ပေးဖို့ တွေ တောင်းဆိုထားပါတယ်။ ဟု ဦးဆောင်ပါဝင်သူက ပြောဆိုသည်။

ဒီကနေ့ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားနေ့မှာ အလုပ်သမား အခွင့်အရေးတွေ တောင်းဆို နိုင်ရေးအတွက် ဒီဇင်ဘာလ ၁၇ ရက်နေ့မနေ့က ချင်းမိုင်မြို့ ချင်းမိုင်တက္ကသိုလ်မှာ ရှိသော UNISERV အစည်းဝေး ခန်းမမှာ နှီးနှောဖလှယ်ပွဲကျင်းပခဲ့ပြီး မြန်မာ အလုပ်သမားများနှင့် ထိုင်းအလုပ်သမားများ၏ ခက်ခဲမှု ပြသနာတွေကို ဆွေးနွေး အဖြေရှာခဲ့သည်ဟု သိရပါတယ်။

ထိုဆွေးနွေးပွဲမှ ရရှိလာသည့် တောင်းဆိုချက် ၁၄ ချက်ကိုတော့ ဒီကနေ့မှာ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ရွှေပြောင်း အလုပ်သမားနေ့မှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ဖြေရှင်း ဆောင်ရွက်ပေးဖို့ လာရောက်တောင်းဆိုခြင်းဖြစ်သည်ဟု ရှမ်းပြည်နယ်အရှေှုပိုင်းက လာရောက် အလုပ်လုပ်ကိုင်နေသည့် နန်းဖွေဟွမ် က ပြောသည်။

ဒီနေ့လာတာက ကျမတို့ အလုပ်သမား တွေ တိုင်းရငးသား အလုပ်သမားတွေ အခွင့်အရေးအပြည့် အဝရဖို့ ကျမတို့ လာခဲ့တာပါ။ ကျမတို့မှာ ဘာအခက်အခဲဖြစ်နေည်းဆို အခု လဝက ရုံးက VISA သက်တမ်းသွားတိုးရင် တစ်ရက်ကို လူ ၅၀ ပဲလက်ခံတယ်။ လဝက လူကြီးတွေပြောတာတော့ တရက် ၅၀ မကဘူး အကန့်အသတ်မရှိ လက်ခံတယ် ပြောတယ်။ ကျမတို့တကယ်သွားတော့ မရပါဘူး။ နောက်ရက်စောင့်လည်း တုံကင် လက်မှတ်က ကုန်ကုန်သွားပြီပဲပြောတယ်။ နောက်ညအိပ် ထပ်ဖြစ် အဲလိုသုံးလေးရက်ဆိုတော့ ငွေကုန် အချိန်ကုန် ဖြစ်တယ်လေ။ အဲ့ဒါမျိုးတွေမဖြစ်အောင် လာတောင်းဆိုတာပါ။

ရွှေ့ပြောင်းအလုပ်သမားများ၏ တောင်းဆိုမှုကို ချင်းမိုင်ခရိုင် အလုပ်သမားရေးရာဝန်ကြီးဌာနက အလုပ်သမားရေးရာဝန်ကြီးမှ လာရောက်လက်ခံရယူခဲ့ပြီး သက်ဆိုင်ရာကို တင်ပြ၍ ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရွှေ့ပြောင်းအလုပ်သမားများကို ပြောဆိုခဲ့သည်။

ယနေ့ ချီတက်တောင်းဆိုပွဲကို မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအပါအဝင် လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း HRDF/ ရွှေ့ပြောင်းအလုပ်သမား ညီညွတ်ရေးအဖွဲ့ WFA / ရွှေပြောင်းအလုပ်သမားများ ပေါင်းစည်းရေးအဖွဲ့ MWF / ထိုင်းအလုပ်သမား သမဂ္ဂ အဖွဲ့၊ MAP ဖောင်းဒေးရှင်းအဖွဲ့ စသည့် အလုပ်အမားရေး ကူညီဆောင်ရွက်သည့် အဖွဲ့ ၁၀ ဖွဲ့ကျော် နှင့် ရွှေ့ပြောင်းအလုပ်သမားများ ပူးပေါင်းပါဝင်ခဲ့သည်။