RCSS နှင့် TNLA တွေ့ဆုံဆွေးနွေးမှု ရက်ရွေ့ဆိုင်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
ဒီဇင်ဘာလ ၁၈ ရက်၊ ၂၀၁၇ ခုနှစ်။

ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် PSLF/TNLA တို့ နှစ်ဖက်ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများနှင့် ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးရန် ကြိုးပမ်းရာ လတ်တလော အခြေအနေများကြာင့် တွေ့ဆုံဆွေးနွေးမှု မဖြစ်မြောက်နိုင်သေးကြောင်း PSLF/TNLA က ထုတ်ပြန်ထားသည်။

၎င်းထုတ်ပြန်ချက်ထဲတွင် PSLF/TNLA ဒု-ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် တားခူလန်း ဦးဆောင်သည့် တွေ့ဆုံ ဆွေးနွေးရေး အဖွဲ့သည် ပန်ဆန်း-မိုင်းလားဒေသ သို့ ဒီဇင်ဘာလ ၅ ရက်နေ့တွင် ရောက်ရှိခဲ့သော်လည်း ရှမ်း ပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS က အဖွဲ့အစည်းအတွင်း လုပ်ငန်းများပြားနေသဖြင့် မအားလပ်နိုင် သေးကြောင်းအကြောင်းပြန်ခဲ့သည်ဟု ဖော်ပြထားသည်။

Center for Humanitarian Dialogue (HD) ခေါ် လူသားချင်းစာနာမှုဆိုင်ရာ ဆွေးနွေးရေးအဖွဲ့မှတဆင့် ညှိနှိုင်းနေခြင်းဖြစ်သည်ဟု PSLF/TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောသည်။

“အဓိကကတော့ ကျနော်တို့ နှစ်ဖွဲ့ကြားမှာ တိုက်ပွဲဖြစ်နေတာကို ရပ်တန့်ဖို့ တွေ့ဆုံဆွေးနွေးဖို့ ကျနော်တို့က HD ကနေတစ်ဆင့် ကြားကနေပြီးတော့ ညှိနှိုင်းပေးတယ်။ ညှိနှိုင်းပေးတော့ ကျနော်တို့ဖက်ကတော့ အဆင်သင့်ဖြစ်တယ် ကျနော်တို့ တွေ့ဆုံဖို့ အဖွဲ့ ဒု-ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် တားခူးလန်း မိုင်းလာဖက်ကို သွားနေပြီ သွားနေတဲ့အချိန်မှာ သူတို့ဖက်က အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲရှိလို့ဆိုပြီးမှ နောက်တစ်ကြိမ်မှာ နောက်လာမယ့် လထဲမှာပဲ တွေ့ဆုံဆွေးနွေးမှု ဖြစ်မယ်ဆိုပြီးမှ ပြန်ကြားလာတယ်။ တွေ့ဆုံဆွေးနွေးမှုက မဖြစ်ခဲ့ဘူး”

ရှမ်းပြည်ပြည်လည် ထူထောင်ရေးကောင်စီ RCSS/SSA က လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ပြင်ဆင်ကျင်းပရမည် ဖြစ်သဖြင့် မတွေ့ဆုံနိုင်သေးပဲ လာမည့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ တတိယအပတ် နောက်ပိုင်း တွေ့ဆုံရန် ဆက်လက်ညှိနှိုင်းမည်ဟု Center of Humanitarian Dialogue-HD  မှတဆင့် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် အကြောင်းပြန်လာခဲ့ပါသည်ဟု ဖော်ပြသည်။

၎င်းတို့ နှစ်ဖွဲ့ တွေ့ဆုံဆွေးနွေးနိုင်ရန်အတွက် Center of Humanitarian Dialogue-HD က  ၂၀၁၇ ခုနှစ် တစ်နှစ်လုံးနီးပါး ကြားဝင်ညှိနှိုင်းကြိုးပမ်းခဲ့ရာ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ပထမပတ်တွင် ရှမ်းပြည်တပ်မတော် RCSS ဖက်က တွေ့ဆုံရန် အသင့်ဖြစ်ကြောင်းနှင့် နိုဝင်ဘာလကုန်တွင် အထူးဒေသ(၄) NDAA  မိုင်းလားမြို့၌ အမြန်ဆုံးတွေ့ဆုံနိုင်ကြောင်း HD က ၎င်းတို့ ဗဟိုဌာနချုပ်အား အကြောင်းကြားလာသည် ဟု PSLF/TNLA ၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

ယခု ကိစ္စနှင့် ပတ်သက်၍ RCSS/SSA ဖက်မှ သဘောထားအား သိရှိနိုင်ရန် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရပေ။