လိုင်ဇာဌာနချုပ်သို့ ခရစ်စမတ်အကြို လက်နက်ကြီးဖြင့်ပစ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
ဒီဇင်ဘာလ ၂၅ ရက်၊ ၂၀၁၇ ခုနှစ်။
ခရစ်စမတ်အကြိုညတွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA ဌာနချုပ် လိုင်ဇာအနီးသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ဒီဇင်ဘာလ ၂၄ ရက် ည ၉ နာရီ ၃၀ အချိန်ခန့်တွင် မြန်မာ့တပ်မတော်က ပစ်လိုက်သည့် လက်နက်ကြီးမှာ လိုင်ဇာမြို့ ဝေကြိုင်ကျေးရွာဖက်သို့ သွားသည့်တံတားအနီး ကျရောက်ပေါက်ကွဲခဲ့သည် ဟု လိုင်ဇာဒေသခံ ကိုမာနော် က ပြောသည်။
“မနေ့ညက ကိုးနာရီခွဲလောက်က ပစ်တာ ဒီဝေကြိုင်သွားတဲ့ တံတားနားလေးမှာကျတယ်။ ပစ်တာကတော့ ၅ ကြိမ်လောက်ပစ်တယ်။ တတိယအကြိမ် ပစ်တဲ့အလုံးမှာက လမ်းပေါ်မှာ ဆိုင်ကယ်ဖြတ်မောင်းသွားတဲ့ ဆရာမတစ်ယောက်ကိုထိတယ် ဗုံးစစင်တာပေါ့ အဲဒါ မေးရိုးကျိုးတယ်။ လည်ချောင်းနားက အကြောတစ်ခု ပြတ်သွားတယ်”
ဒဏ်ရာရရှိသည့် အမျိုးသမီးမှာ အတွင်းလူနာအဖြစ် ဆေးဝါးကုသမှု ခံယူနေသည်ဟု ကိုမာနော်က ဆက်ပြောသည်။
ယမန်နေ့ညက လက်နက်ကြီး ကျရောက်ပေါက်ကွဲသည့်အတွက် ဝေကြိုင်စစ်ဘေးရှောင်စခန်းရှိ စစ်ဘေးရှောင်များမှာ ကြောက်လန့်ကာ နီးစပ်ရာဒေသသို့ ထွက်ပြေးခဲ့ကြသည်။
“မနေ့ညကတော့ ဝေကြိုင်မှာရှိတဲ့ စစ်ရှောင်တွေပေါ့ ဝေကြိုင်က စစ်ရှောင်တစ်ချို့က တောဖက်ထွက်ပြေးတဲ့သူကပြေး တရုတ်ပြည်ခြမ်းဖက် ထွက်ပြေးတဲ့သူကပြေး ဒီနေ့ပြန်သွားကြည်တော့ အကုန်ပြန်လာပြီ ဒီမနက်ကတော့ အေးဆေးပြန်ဖြစ်နေတယ်” ဟု ကိုမာနော် က ပြောသည်။
တစ်ဖက်တွင်လည်း ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၃ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်တွင် KIA နှင့် TNLA လက်နက်ကိုင် အဖွဲ့များက အဝေး မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ် ပြည်ထောင်စု လမ်းမကြီးအနီးရှိ မိုင်းယုကျေးရွာအတွင်းနှင့် မိုင်းယုကျေးရွာ၏မြောက်ဘက် မီတာ ၃၀၀၀ ခန့် အကွာရှိ အထက်တုန်ခန်ရွာများအနီးသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့သည် ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ ယင်းပစ်ခတ်မှုကြောင့် လူတစ်ဦး သေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့သည်ဟု ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။
သို့သော် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA က ၎င်းပစ်ခတ်မှုအား ငြင်းဆိုသည်။
“ကျနော်တို့ အဖွဲ့တော့ မဟုတ်ဘူး ဒီဟာကတော့ ဘယ်သူပစ်မှန်းလဲ မသိဘူးနော ဒါကဒေသခံတွေ ပိုသိမယ်ပေါ့ ဘယ်ကနေပစ်တယ်ဆိုတာ ဘယ်နားအသံကြားတယ်ဆိုတာ” ဟု PSLF/TNLA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော် က ပြောသည်။
ဒီဇင်ဘာ (၂၄) ရက်နေ့တွင် KIA-TNLA-MNDAA-AA ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များ နှင့် မြန်မာတပ်မတော်တို့သည် မူဆယ်-၁၀၅-မိုင်စခန်းအနီးတွင်၎င်း၊ နမ့်ဖလွန်းကျေးရွာပတ်ဝန်းကျင်နှင့် နမ့်ခိုင်တံတားအနီးရှိ နမ်ဂွတ်ကျေးရွာပတ်ဝန်းကျင်တွင်၎င်း၊ နမ့်ဖတ်ကာအနီးရှိခလရ(၁၂၃)တပ်ရင်းဌာနချုပ်(တပ်မဌာနချုပ်) နှင့် (ပူးတွဲအခြေပြု)အမြောက်တပ်ရင်းစခန်း နမ့်ကွတ်တောင်ထိပ်အနီး၌ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားခဲ့သည် ဟု မြောက်ပိုင်း မဟာမိတ်အဖွဲ့ Northern Alliance – Burma က ဒီဇင်ဘာလ၂၅ ရက်နေ့ (ယနေ့) တွင် ထုတ် ပြန်ထားသည်။
ကွတ်ခိုင်မြို့နယ်အတွင်းရှိ ရင်ကွဲတောင် နမ့်ခိုင်တံတားအနီးတွင် TNLA-MNDAA ပူးပေါင်းမဟာမိတ်တပ်ဖွဲ့နှင့် မြန်မာတပ်မတော်တို့ ယမန်နေ့က ရင်ဆိုင်တိုက်ပွဲဖြစ်ပွား ခဲ့သေးသည် ဟု မြောက်ပိုင်း မဟာမိတ်အဖွဲ့ NAB က ထုတ်ပြန်ထားသည်။
ဒီဇင်ဘာလ ၁၄ ရက်၊ ၁၅ ရက်နှင့် ၁၇ ရက် တို့တွင်လည်း မြန်မာ့တပ်မတော်က ကချင်လွတ်လပ်ရေး တပ်မတော် KIO/KIA ထိန်းချုပ်ရာ ဧရိယာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည့်အပြင် လေယာဉ်ပျံဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု KIO/KIA ၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ က ပြောဆိုထားသည်။