လိပ်ကျွန်း အယူခံ တလထပ်မံ ရွှေ့ဆိုင်းရန် တောင်းဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
ဒီဇင်ဘာလ ၂၆ ရက်၊ ၂၀၁၇ ခုနှစ်။

ထိုင်းနိုင်ငံတောင်ပိုင်း ကော့တောင်(လိပ်ကျွန်း) လူသတ်မှုတွင် သေဒဏ်အပြစ်ပေးခံရသည့် မြန်မာနိုင်ငံသား ၂ ဦး၏ နောက်ဆုံးအယူခံ တင်သွင်းထားသည့် ကိစ္စနှင့်ပတ်သက်၍ ထိုင်းအစိုးရ ရှေ့ နေများဖက်က လျှောက်လဲချက်တင်ပြရန် အဆင်သင့်မဖြစ်သေးသည့်အတွက် နောက်ထပ်တစ်လ အချိန်ပေးရန် ထပ်မံတောင်းဆိုလိုက်သည်။

ထိုင်းအစိုးရ ရှေ့ နေများဖက်က ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် လျှောက်လဲချက်ပြန်တင်ရန် ထိုင်းနိုင်ငံ၏ အမြင့်ဆုံး တရားရုံးချုပ်က အမိန့်ချမှတ်ထားသော်လည်း အဆင်သင့်မဖြစ်သေးသည့်အတွက် နောက်ထပ်တစ်လ ထပ်မံတောင်းဆိုထားသည်ဟု မြန်မာရွှေ့ ပြောင်းအလုပ်သမား ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့ နှစ်ဦး၏ အမှုအားလိုက်ပါဆောင်ရွက်သူ အကျိုးဆောင် ရှေ့ နေ ဦးအောင်မျိုးသန့် က ပြောသည်။

“အဲဒါကို တရားရုံးချုပ်မှာ အန်ကယ်တို့က တင်ထားတဲ့ အယူခံအမှုမှာ  ထိုင်းအစိုးရရှေ့နေဖက်ကနေပြီးတော့ လျှောက်လဲချက်ပေးဖို့ ဆိုပြီးတော့ အမိန့်ချထားတာပါ။ သူတို့ဖက်ကနေပြီးတော့ အစိုးရရှေ့နေ တင်ရမယ့်လျှောက်လဲချက်ကို မတင်နိုင်ဘူးဆိုပြီးတော့ နောက် ၂၃ ရက် ၁ လ ၂၀၁၈ ခုနှစ်ကို ပြန်ချိန်းမယ်လို့ သိရပါတယ်”

ထိုင်းနိုင်ငံ၏ အမြင့်ဆုံးတရားရုံးချုပ်က ထိုင်းအစိုးရ ရှေ့နေများအား နောက်ဆုံးရက်သတ်မှတ်ပြီး လျှောက်လဲချက်တင်ရန် အမိန့်ချမှတ်ထားသော်လည်း ယခုကဲ့သို့ လျှောက်လဲချက်ရက် ထပ်မံပေးရန် တောင်းဆိုလာသည်မှာ လေးကြိမ်မြောက်ဖြစ်သည်ဟု ရှေ့ နေဦးအောင်မျိုးသန့် က ပြောသည်။

မြန်မာ ရွှေပြောင်းအလုပ်သမား ကိုဝင်းဇော်ထွန်း နှင့် ကိုဇော်လင်းတို့ ၂ ဦးသည် ဗြိတိန်နိုင်ငံသား ဒေးဗစ်မေလ်လာ နှင့် ဟန်နာဝစ်သာရစ်ဂျ် တို့ နှစ်ဦးအား သတ်ဖြတ်မှုနှင့် ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွေတရားရုံးက ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် သေဒဏ်ချမှတ်ခဲ့သည်။

သို့သော် ထိုင်းရှေ့နေများကောင်စီ နှင့် မြန်မာရှေ့နေများ ပူးပေါင်းပြီး ထိုင်းအယူခံတရားရုံးတွင် နှစ်ကြိမ်တိုင်တိုင် အယူခံတင်ခဲ့သော်လည်း ထိုင်းနိုင်ငံ၏ အယူခံတရားရုံးအဆင့်ဆင့်က ပယ်ချခဲ့ပြီး သေဒဏ်အပြစ်ပေးကြောင်း ဆက်လက်အတည်ပြုခဲ့သည်။

သို့သော် ယခုနောက်ဆုံး စာမျက်နှာ ၃၁၉ မျက်နှာပါရှိသည့်  အချက်အလက်များကို စုစည်းကာ သြဂုတ်လ ၂၁ ရက်နေ့က ကော့စမွေတရားရုံးကတဆင့် ထိုင်းနိုင်ငံ၏ အမြင့်ဆုံးတရားရုံးချုပ်သို့ နောက်ဆုံးအယူခံတင်ထားခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ၏ အမြင့်ဆုံးတရားရုံးချုပ်က မြန်မာရွှေ့ ပြောင်းအလုပ်သမား ၂ ဦး၏ နောက်ဆုံးအယူခံနှင့် ပတ်သက်ပြီး ထိုင်းအစိုးရ ရှေ့ နေများအား လျှောက်လဲချက်ရက် ထပ်မံပေးသည့်အပေါ်  “ပြောရရင်တော့ ခိုင်လုံတဲ့အထောက်အထားမရှိရင် တရားရုံးကပေးလို့မရပါဘူး။ သို့သော် အခုနောက်ဆုံးအဆင့်သည် အမြင့်ဆုံးတရားရုံးဖြစ်တယ်။ တရားမျှတမှန်ကန်တဲ့အပေါ်မှာ စီစစ်သုံးသပ်တဲ့အခါမှာ အန်ကယ်တို့ဖက်က တင်ပြချက်တွေမကပဲနဲ့ ထိုင်းနိုင်ငံအစိုးရရှေ့နေဖက်ကနေ တင်ပြတဲ့အချက်ကိုပါ နှစ်ဖက်သုံးသပ်လိုတဲ့ တရားသူကြီးတွေ သဘောထားဖြစ်ပါလိမ့်မယ်။ အဲလိုသုံးသပ်ပြီးတော့မှ ချမှတ်တဲ့အထိက မှန်ကန်တယ်လို့လည်း အများကယုံကြည်တယ်မို့လို့ ဒါမျိုး၏ လျှောက်လဲချက်ကို စောင့်နေတဲ့သဘောလည်း ဖြစ်နိုင်ပါတယ်” ဟု ရှေ့ နေ ဦးအောင်မျိုးသန့်က သုံးသပ်ပြောဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၈ ရက်နေ့က မြန်မာရွှေ့ ပြောင်းအလုပ်သမား ၂ ဦးဖြစ်သည့် ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတ့ို၏ နောက်ဆုံးအယူခံကို ထိုင်းနိုင်ငံ၏ အမြင့်ဆုံး တရားရုံးချုပ်က လက်ခံခဲ့ပြီး အမှုအား အစိုးရရှေ့ နေများဖက်မှ လျှောက်လဲချက်ပေးရမည့်ရက်ကို အောက်တိုဘာလ ၂၂ ရက်နေ့တွင် သတ်မှတ်ခဲ့ကြသည်။

သို့သော် ထိုင်းနိုင်ငံ၏ အစိုးရရုံးပိတ်ရက်များကြောင့် ထိုင်းအစိုးရ ရှေ့နေများဖက်က မြန်မာနိုင်ငံသား ၂ ဦး၏ နောက်ဆုံးအယူခံအား လျှောက်လဲချက်တင်ရန် တစ်လတိုးပေးရန် ထပ်မံတောင်းဆိုရာ နိုဝင်ဘာလ ၂၂ ရက်နေ့ကို  သတ်မှတ်ခဲ့ကြသည်။

သို့ရာတွင် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် လျှောက်လဲချက်တင်ရန် အဆင်သင့်မဖြစ်သေးသည့်အတွက် ဒီဇင်ဘာလ ၂၂ ရက်နေ့သို့  တစ်လတိုး ပေးရန် ထပ်မံတောင်းဆိုရာ ထိုင်းနိုင်ငံ၏ အဆင့်မြင့်ဆုံး တရားရုံးချုပ်က ခွင့်ပြုပေးခဲ့သည်။