မွန်ပြည်သစ် တစ်ဖွဲ့တည်းခွဲ၍ NCA ထိုးရန် သဘောထား မရှိသေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
ဒီဇင်ဘာလ ၃၀ ရက်၊ ၂၀၁၇ ခုနှစ်။

မွန်ပြည်သစ်ပါတီ NMSP အနေဖြင့် တစ်ဖွဲ့တည်း သီးသန့် NCA လက်မှတ်ရေးထိုးမည် မဟုတ်ဟု မွန်ပြည်သစ် ပါတီ ဒု-ဥက္ကဋ္ဌ နိုင်ဟံသာ က ပြောသည်။

“မရှိပါဘူး မရှိပါဘူးခင်ဗျာ။ သတင်းက အမျိုးမျိုးဖြစ်နေတာပဲဗျာ။ မသေချာတဲ့ သတင်းပေါ်မှာ တစ်စုံတစ်ရာတော့ အတည်ယူလို့ မရသေးဘူးဗျာနော။ သတင်းကတော့ ဒီလိုပါပဲ။ အဆုံးအဖြတ်ကတော့ အများနဲ့မှ ဖြတ်ရမယ် ဒါကတော့ ကျနော်တို့ တစ်ဖွဲ့တည်း အဆုံးအဖြတ် မပေးချင်ဘူးဗျာ။”

မွန်ပြည်သစ်ပါတီသည် UNFC တပ်ပေါင်းစု၏ အဖွဲ့ဝင်ဖြစ်သည့်အတွက် အဖွဲ့ဝင်များနှင့် ညှိနှိုင်းကာ NCA လက်မှတ်ရေးထိုးနိုင်ရေး ကိစ္စများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု NMSP ကပြောသည်။

“ဒို့က အများနဲ့ အမြန်ပြန်ညှိမယ်ပေါ့ဗျာ။ ဒီကိစ္စကလည်း နည်းနည်းကြာလာပြီ အခြေအနေကတော့ တပ်ပေါင်းစုအတွင်းမှာပေါ့ဗျာ။ နည်းနည်းရှင်းရှင်းလင်းလင်းနဲ့ အဖြေတစ်ခုခုကိုတော့ ခပ်မြန်မြန်လေးပေးနိုင်ဖို့ပေါ့ဗျာနော။ ကနေ့အနေအထားမှာ ဖြစ်နိုင်ရင်တော့ ဒီတတိယပင်လုံမှာလည်း တက်နိုင်ရင်တော့ ပိုကောင်း မှာပေါ့ဗျာ။ အဲ့သဘောမျိုးလည်း ရှိတာပေါ့။ အဲ့ဒီမတိုင်ခင်မှာ အဖြေတခုခုပေါ့ဗျာ” ဟု နိုင်ဟံသာ က ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၆ ရက်မှ ၂၇ ရက်အထိ မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ် ရေးချောင်းတွင် ကျင်းပခဲ့သည့် မွန်ပြည်သစ်ပါတီ၏ ဗဟိုကော်မတီ အရေးအပေါ် အစည်းအဝေးတွင် NCA လက်မှတ်ရေးထိုးမည့် ကိစ္စနဲ့ ပတ်သက်၍ အဓိကဆွေးနွေးခဲ့ကြသည်။

မွန်ပြည်သစ်ပါတီက UNFC တပ်ပေါင်းစုအဖွဲ့ဝင်များနှင့် NCA လက်မှတ်ရေးထိုးနိုင်ရေး ညှိနှိုင်း၍ မရပါက တစ်ဖွဲ့တည်း သီးသန့် လက်မှတ်ရေးထိုးမည်ဟုလည်း မွန်ပြည်သစ်ပါတီနှင့် နီးစပ်သည့် အသိုင်းအဝန်းက သတင်းများ ထွက်ပေါ်လျက်ရှိသည်။

တစ်ဖက်တွင်လည်း အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကို လုပ်ဆောင်ထားခြင်း မရှိသေးသည့်အတွက် တတိယအကြိမ် ကျင်းပမည့် ၂၁ ရာစုပင်လုံညီလာခံ ခေါ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံအမှီ NCA လက်မှတ် ရေးထိုးမည် မထိုးမည် ဆိုသည့် သဘောထားမျိုးမရှိ ဟု မွန်ပြည်သစ်ပါတီ NMSP က ပြော သည်။

မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ရခိုင်အမျိုးသား ကောင်စီ (ANC) နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ပါဝင်သည့် ညီညွှတ်သောတိုင်းရင်းသား လူမျိုးများကောင်စီ ( UNFC )သည် NCA စာချုပ်အတိုင်း အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ဆုံးဖြတ်ထားသည့် တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင် တပ်ပေါင်းစုအဖွဲ့ ဖြစ်သည်။

ထို့အပြင် ၎င်းအရေးအပေါ် အစည်းအဝေး၌ ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ UNFC တပ်ပေါင်းစု အဖွဲ့ဝင်များနှင့်အတူ လက်မှတ်ရေးထိုင်းနိုင်ရေးအတွက် နည်းလမ်းရှာခဲ့ကြသည့်အပြင် လက်ရှိဖြစ်ပေါ်နေသည့် ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးး အခြေအနေများကို အပြန်အလှန် ဆွေးနွေးသုံးသပ်ခဲ့ကြသည်ဟု နိုင်ဟံသာ က ပြောသည်။

၁၉၉၅ ခုနှစ်တွင် မွန်ပြည်သစ်ပါတီနှင့် အစိုးရတို့အကြား ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီမှု ရယူခဲ့ကြသည်။ သို့သော် ၁၅ နှစ်အကြာ ၂၀၁၀ ခုနှစ်တွင် အစိုးရမှ မွန်ပြည်သစ်ပါတီအား နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းရန် ပြောဆိုလာရာမှ ၎င်းတို့၏ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှုမှာ ပျက်ပြယ်သွားခဲ့သည်။