တနိုင်း တိုက်ပွဲများအတွင်း မှော်လုပ်သားအချို့ ပိတ်မိနေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
ဒီဇင်ဘာလ ၂၉ ရက်၊ ၂၀၁၇ ခုနှစ်။

တနိုင်းမြို့နယ် ရွှေမှော်၊ ပယင်းမှော်များတွင် အလုပ်လုပ်သူအချို့ တိုက်ပွဲများကြောင့် ပြန်ထွက်မရပဲ ပိတ်မိနေသည်ဟု ဒေသခံများက ပြောသည်။

ကချင်ပြည်နယ် တနိုင်းမြို့နယ်အတွင်းရှိ ကချင်လွတ်လပ်ရေး တပ်မတော် KIO/KIA တပ်မဟာ ၂ တပ်ရင်း ၁၂ နှင့် တပ်ရင်း ၁၄ ဖက်တွင် အစိုးရ တပ်မတော်နှင့် KIO/KIA တို့ကြား တိုက်ပွဲများ ပြင်းထန်စွာ ပြန်လည်ဖြစ်ပွားလာခဲ့သည့်နောက် ယခုကဲ့သို့ ပိတ်မိနေခြင်းဖြစ်သည်ဟု တနိုင်းဒေသခံ ဦးနော်တောင်က ပြောသည်။

“အခုကကျတော့ အဲဒီလက်နက်ကြီးတွေ ဘာတွေပစ် တိုက်ပွဲတွေက ပြင်းထန်နေတယ်ဆိုတော့ တချို့မထွက်လာနိုင်တဲ့သူက လမ်းပိတ်ပြီးမှ ကျန်နေတဲ့သူတွေလည်းရှိတယ်။ သူတို့သွားလာတဲ့လမ်းမှာ တိုက်ပွဲဖြစ်တယ် ဆိုတာကျတော့ သွားလာရခက်ခဲတဲ့သဘောပါခင်ဗျာ။ စစ်တပ်က ထိုးစစ်ဆင်တဲ့အခါကျတော့ အဲဒီလမ်းတွေက သွားလာလို့မရတော့ဘူး အဲလိုမျိုးပုံစံဖြစ်တယ်”

တိုက်ပွဲများအတွင်း လေယာဉ်ဖြင့် ပစ်ခတ်ခြင်းများလည်းရှိနေပြီး ပိတ်မိနေသည့် လူဦးရေအရေအတွက်ကို မသိရသေးဟု ဦးနော်တောင်က ပြောသည်။

ပြီးခဲ့သည့် ဇွန်လအတွင်းတိုက်ပွဲများတွင် ပိတ်မိသူများကို ကချင်ဘာသာရေး အဖွဲ့အစည်းများက စက်လှေများဖြင့် သွားရောက် ကယ်ထုတ်နိုင်ခဲ့သော်လည်း ယခုအချိန်တွင် တိုက်ပွဲပြင်းထန်နေသည့်အတွက် သွားလာ၍ မရတော့သည့် အနေအထားတွင် ရှိနေသည် ဟု ဒေသခံများက ပြောသည်။

“ဟိုတစ်ခေါက်တိုက်ပွဲ ဖြစ်တာကနေစပြီးမှ သူတို့ နမ်ခမ်းတို့ လပူခတို့ အဲ့ကလူတွေကျတော့ အဲဒီပယင်းမှော်က နေပဲ ကျနော်တို့ အပေါက်ဝကိုပိတ်ပြီးမှ တနိုင်းကို အသွားအလာလုပ်ကြတာလေ ဆိုတော့အခုက အဲဒီ နမ်ခမ်းနဲ့ ပယင်းမှော် လပူခ အဲဒီကြားတွေပေါ်မှာ တိုက်ပွဲဖြစ်တယ်ဆိုတော့ သူတို့ သွားလာရတာအခက်အခဲ လုံးဝသွား လာလို့ မရတော့ဘူးပေါ့။ လက်နက်ကြီးကလည်းကျတယ် စစ်တပ်ကကလည်း ထိုးစစ်ဆင်ထား တယ်ဆိုတော့” ဟု တနိုင်းဒေသခံ တစ်ဦးက ပြောသည်။

တပ်မတော်အနေဖြင့် တနိုင်းဒေသရှိ ရွှေ နှင့် ပယင်းအပါအဝင် နိုင်ငံတော်၏ သဘာဝသယံဇာတ ပစ္စည်းများအား တရားမဝင် ထုတ်ယူမှုများကို ကာကွယ်တားဆီးရန် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေခြင်း ဖြစ်သည်ဟု ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင်က ပြောကြောင်း ယမန်နေ့က RFA ရေဒီယိုက ထုတ်လွှင့်သည်။

ဒီဇင်ဘာလ(၂၇)ရက်နေ့၊ ညနေ(၄) နာရီပတ်ဝန်းကျင်တွင် KIA တပ်မဟာ(၂) လက်အောက်ခံ၊ တပ် ရင်း(၁၂) ဌာနချုပ်အနီး၊ ပယင်းမှော် ပတ်ဝန်းကျင်များသို့ မြန်မာ့တပ်မတော်က လက်နက်ကြီးများဖြင့် တရပ်စပ်ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် ဂျက်တိုက်လေယာဉ်(၂) စင်းဖြင့်လေးကြိမ်တိုင်တိုင် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟု မြောက်ပိုင်း မဟာမိတ်အဖွဲ့ Northern Alliance – Burma က ထုတ်ပြန်ထားသည်

ထို့အတူ ဒီဇင်ဘာလ(၂၈)ရက်နေ့၌လည်း ကချင်ပြည်နယ် တနိုင်းမြို့နယ်ရှိ KIA တပ်မဟာ(၂) တပ်ရင်း (၁၄) ပတ်ဝန်းကျင်၊ မန်စီမြို့နယ်ရှိ တပ်မဟာ (၃) တပ်ရင်း(၁၂ နှင့် ၂၇) ပတ်ဝန်းကျင် နှင့် လွယ်ဂျောင်ဘွမ်ပတ်ဝန်းကျင်တို့အား မြန်မာ့တပ်မတော်က ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်ခဲ့သည်ဟု မြောက်ပိုင်းမဟာမိတ်အဖွဲ့က ထုတ်ပြန်ထားသည်။

ကချင်လွတ်လပ်ရေး တပ်မတော် KIO/KIA ထိန်းချုပ်ရာ ဒေသများတွင် အစိုးရတပ်မတော်နှင့် KIO/ KIA တို့ကြား ဒီဇင်ဘာလ ၁၄ ရက်နေ့မှ စတင်ကာ တိုက်ပွဲများ ပြင်းထန်စွာ ပြန်လည်ဖြစ်ပွားလာခဲ့သည်မှာ ယနေ့အချိန် အထိပင်ဖြစ်သည်။