NCA လက်မှတ်ထိုးရေး အကြပ်ကိုင်နေမှုများကို UNFC ခေါင်းဆောင်များ အဖြေရှာ
သတင်းနှင့်မီဒီယာ ကွန်ရက်။
ဇန္နဝါရီလ ၆ ရက်နေ့၊ ၂၀၁၈ ခုနှစ်။
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်အဖွဲ့အစည်းများ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အရေးပေါ် အစည်းအဝေး ကျင်းပပြီး တပ်မတော်မှ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချူပ် NCA လက်မှတ်ရေးထိုးရန် အကြပ်ကိုင်နေမှုများအပေါ် ဆွေးနွေးအဖြေရှာလျက်ရှိသည်။
ဒီကနေ့ ဇန္နဝါရီလ ၆ ရက်နေ့ တွင် ကျင်းပသော UNFC ဗဟိုအလုပ်အမှုဆောင်ကော်မတီ တိုးချဲ့ အရေးပေါ်အစည်းအဝေးတွင် ဥက္ကဌ နိုင်ဟံသာက အဖွင့်မိန့်ခွန်း ပြောကြားခဲ့သည်။
²အခြေအနေကလည်း မကြာခင်မှာ ဒီ ၂၁ ပင်လုံ တတိယ အစည်းအဝေးကိုလည်း ခေါ်ဖို့ ရှိပါတယ်။ ကျနော်တို့ အနေနဲ့လည်း ဒီကနေ့ အနေအထားမှာ တစ်ဖက်က ပြောမယ်ဆိုရင်တော့ ဒါက ဗမာ့တပ်မတော်အနေနဲ့လည်း ကျနော်တို့ အဖွဲ့ဝင်တွေကို တော်တော်လေး အကြပ်ကိုင်မှုတွေ ရှိနေတယ်။ နောက်ပြီး မြောက်ပိုင်းမှာလည်း စစ်ရေးလှုပ်ရှားမှုနဲ့ ဖိအားတွေ ပေးနေတာလည်း ရှိပါတယ်။ ဒါက အခြေအနေ ဘက်ပေါင်းစုံကို ကျနော်တို့ သုံးသပ်ပြီးတော့ အနာဂတ်မှာ ကျနော်တို့ UNFC တပ်ပေါင်းစု အဖွဲ့ဝင်များ အနေနဲ့ဘယ်လိုလုပ်သွားကြမလဲ၊ ဘယ်လိုဆက်လက်ပြီးတော့မှ ညှိနှိုင်းဖြေရှင်းမလဲ စသည်ဖြင့်ပေါ့လေ ကျနော်တို့ကတော့ ဆွေးနွေးဆုံးဖြတ်ပေးဖို့ ဖြစ်ပါတယ်။² ဟု တက်ရောက်လာသည့် ခေါင်းဆောင်များအား ပြောကြားခဲ့သည်။
ဇန္နဝါရီလ ၈ ရက်နေ့အထိ ကျင်းပမည့် UNFC အရေးပေါ် အစည်းအဝေးတွင် အစိုးရနှင့် ညှိနှိုင်းနေဆဲဖြစ်သည့် NCA ကိစ္စ နောက်ဆုံးအခြေအနေတွေကို တင်ပြပြီး ဖြစ်သင့်ဖြစ်ထိုက်သည့် အနေအထားတစ်ခုကို ဆုံးဖြတ်ပေးဖို့ လိုအပ်နေတဲ့ အချိန်ရောက်နေပြီဖြစ်တယ်လို့လည်း နိုင်ဟံသာ က ထည့်သွင်း ပြောဆိုခဲ့သည်။
လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်ဟာလည်း NCA လက်မှတ်ရေးထိုးနိုင်ရန် DPN အဖွဲ့နဲ့ ဆွေးနွေးလာခဲ့သည်မှာလည်း တစ်နှစ်ခွဲကျော် ကြာမြင့်လာခဲ့ပြီး အစိုးရ တပ်မတော်ဖက်က တိုင်းရင်းသားတွေအပေါ် စစ်ရေးနည်းနဲ့ အကြပ်ကိုင်မှုများ ရှိသကဲ့သို့ ရပ်တည်ချက်အပြောင်းအလဲများလည်း ရှိနေခြင်းကြောင့် UNFC ၏ ရှေ့လုပ်ငန်းစဉ်ကို ရှင်းလင်းတဲ့ အဖြေတစ်ခုရအောင် ရှာသွားကြမည်ဟု နိုင်ဟံသာ က ပြောပါတယ်။
²အားလုံးသိကြတဲ့အတိုင်းပါပဲ အစိုးရဖက်က ပြန်ကြည့်ရင်လည်း အခြေအနေ မကောင်းဘူး ပတ်ဝန်းကျင်က အများကြီးကို အကြပ်ကိုင်နေတဲ့ အနေအထား၊ တဖက်က ကျနော်တို့ တိုင်းရင်းသားတွေ အပေါ်မှာလည်း အမျိုးမျိုး ဒီစစ်ရေးနည်းနဲ့ အကြပ်ကိုင်နေတယ်။ နောက်သူတို့ရဲ့ရပ်တည်ချက်ကလည်း အမျိုးမျိုးပြောနေ တာလည်း ကျနော်တို့ အားလုံး သိပြီးသား ဖြစ်ပါတယ်။ အဲ့လိုအနေအထားမျိုးမှာ ကျနော်တို့ အနေနဲ့ကတော့ အားလုံး စုစုစည်းစည်းနဲ့ ခိုင်ခိုင်မာမာ နဲ့ ကျနော်တို့ စုစည်းနိုင်ပြီးတော့မှ ကျနော်တို့လိုလားတဲ့ ပန်းတိုင်ကို ရောက်ရှိနိုင်ဖို့အတွက်က ကျနော်တို့ ဘယ်လိုလုပ်သွားရင် ကောင်းမလဲ ဆိုတဲ့ အရေးကြီးတဲ့ အဆုံးအဖြတ်တခုခုကို ကျနော်တို့ ချမှတ်နိုင်ဖို့အတွက်ပေါ့လေ၊ ဒီနေ့ ဒီ အရေးပေါ် အစည်းအဝေးကို ခေါ်ရတာ ဖြစ်ပါတယ်။²
ထို့အပြင် NCA အပစ်ရပ်လက်မှတ်ရေးထိုးနိုင်ရေးအတွက် တင်ပြထားသည့် အချက် ၈ ချက်ထဲမှ တစ်စို့နေသည့် အချက်များ ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချူပ် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင် တို့ကို UNFC ထိပ်သီးခေါင်းဆောင်များနှင့် တွေ့ဆုံရန် အဆိုပြုတင်ပြထားမှုဟာလည်း ယနေ့အထိ အကြောင်းပြန်ကြားမှု မရှိသေးသည့်အတွက် ယခု အစည်းအဝေးတွင် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ရာ၌ ထည့်သွင်းစဉ်းစားသွားမည်ဟုလည်း သိရသည်။
ယနေ့ စတင်ကျင်းပသည့် UNFC ဗဟိုအလုပ်အမှုဆောင် ကော်မတီ တိုးချဲ့ အရေးပေါ် အစည်းအဝေးတွင် မွန်ပြည်သစ်ပါတီ NMSP အဖွဲ့အနေဖြင့်လည်း NMSP အရေးပေါ် ဗဟိုကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည့် NCA ကို လက်မှတ်ရေးထိုးမည်ဆိုသည်ကို UNFC တပ်ပေါင်းစု အဖွဲ့အား တင်ပြပြီး အားလုံး ပါဝင်နိုင်ခြင်းမရှိပါက NMSP မွန်ပြည်သစ်ပါတီ နဲ့အတူ အခြားတဖွဲ့ဖွဲ့ပူးပေါင်းပါဝင်လာမှုရှိသည့် တဖွဲ့ဖွဲ့နှင့် လက်မှတ်ရေးထိုးသွားရန်ရှိသည်ဟုလည်း အမည်မဖော်လိုသည့် မွန်ခေါင်းဆောင်တစ်ဦးက ပြောသည်။
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့တွင် လက်ရှိ မွန်ပြည်သစ်ပါတီ NMSP၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး LDU၊ ရခိုင်အမျိုးသား ကောင်စီ ANC အဖွဲ့များ ပါဝင်သည်။