ကမ္ဘာ့ဘဏ်၏ အကြီးစား စီမံကိန်း အစည်းအဝေး ကချင်ဒေသခံများ ကန့်ကွက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
ဇန္နဝါရီလ ၅ ရက်၊ ၂၀၁၈ ခုနှစ်။

ကချင်ပြည်နယ်တွင် အကြီးစားစီမံကိန်းများအတွက် သုတေသန ပြုလုပ်ခြင်းများကို ရပ်တန့်ပြီး စစ်ပြေးဒုက္ခသည်များ အရေးကူညီဖြေရှင်းပေးရန် နိုင်ငံတကာအဖွဲ့အစည်းများကို ကချင်ဒေသခံအဖွဲ့အစည်းများက တောင်းဆိုလိုက်သည်။

ဒီဇင်ဘာလ ၅ ရက်နေ့ ယနေ့တွင် ကမ္ဘာ့ဘဏ်၏ ဌာနခွဲဖြစ်သည့် နိုင်ငံတကာ ငွေကြေးကော်ပိုရေးရှင်း IFC – World Bank ၏ ကူညီထောက်ပံ့မှုဖြင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ Palm Spring Hotel တွင် ကျင်းပသော မြန်မာနိုင်ငံ၏ ပြည်ထောင်စုစီမံကိန်းဖြစ်သည့် စွမ်းအင်ပေါ်လစီ စီမံကိန်းအောက်က သုတေသနအဖွဲ့၏ အစီရင်ခံတင်ပြခြင်း အစည်းအဝေးတွင် ကချင်လူမှုဖွံ့ဖြိုးရေးကွန်ရက် KDNG က ဆန္ဒထုတ်ဖော်ကာ တောင်းဆို လိုက်ခြင်းဖြစ်သည်။

“အခုအချိန်မှာ ဒါတွေအားလုံး ဘာ research မှ မလုပ်နဲ့ ဘာမှ မလုပ်နဲ့ ခေတ္တရပ်ဆိုင်းပြီးမှ ကျနော်တို့ နိုင်ငံရေး ဖြေရှင်းချက်တွေ ကျန်တဲ့ ဒုက္ခရောက်နေတဲ့သူတွေကို ငွေဒီလောက်ထိများရင် အဲမှာ ကူညီပါဆိုတဲ့ message ပေါ့ ပို၍ မြတ်လိမ့်မယ်လို့ စီးပွားတိုးတက် ဖွံ့ဖြိုးမှုကို ဦးစားပေးမယ့်အစား စစ်ပြေးဒုက္ခသည် တိုက်ပွဲကြောင့် ပြည်တွင်း စစ်ကြောင့် ဒုက္ခရောက်နေတဲ့ နေရာကို လက်ရှိလိုအပ်နေတဲ့ဟာကို ကူညီထောက်ပံ့တာက ပိုပြီး ကောင်းတယ် ပိုပြီးမြတ်တယ်ဆိုတဲ့ဟာ ကျနော်တို့ ပြောပြတဲ့အပိုင်းပေါ့နော။”  ဟု ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ရက်၏ အထွေထွေ အတွင်းရေးမှူး ကိုစတီဗင်နော်အောင် က ပြောသည်။

ကချင်နိုင်ငံရေးပါတီများညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရေးကော်မတီ KPCC ကလည်း ယနေ့အစည်းအဝေးနှင့်ပတ်သက်ပြီး သဘောထား တစ်စောင်ထုတ်ပြန်ထားသည်။

ခုလိုမျိုး ဒီစစ်ပွဲတွေ ဖြစ်နေတဲ့အချိန်မှာ အကြီးစား စီမံကိန်းအတွက် ပြင်ဆင်ဆောင်ရွက်မှုတွေ စီမံမှုတွေ အပေါ်မှာတော့ ကျနော်တို့က လွဲနေတဲ့ လုပ်ငန်းစဉ်တစ်ခု ဖြစ်တယ်ဆိုပြီး ကျနော်တို့က ထောက်ပြတဲ့ အနေအထားဖြစ်တယ်။ စစ်ဖြစ်နေတဲ့အခါမှာ လူတွေသိန်းနှင့်ချီပြီး ရှောင်ပြေး ပုန်းအောင်းပြီးတော့ ဒုက္ခရောက်နေ တဲ့အချိန်မှာ စီမံကိန်းကြီးတွေက ဖိဖိစီးစီးပေါ့ ကျနော်တို့တွေ့ရတာ အများပြည်သူအတွက် အကျိုးမရှိတဲ့ မြစ်ဆုံစီမံကိန်းလိုမျိုးတွေပေါ့။ ဒါမျိုးတွေ ဦးစားပေးလုပ်တဲ့အပေါ်မှာတော့ ကျနော်တို့ကတော့ ကန့်ကွက် တယ်” ဟု KPCC ၏ အတွင်းရေးမှူး အဖွဲ့ဝင် ကိုဂျေဆန်းနော် က ပြောသည်။

ပြည်တွင်းစစ်ပြင်းထန်နေသော ကချင်ပြည်နယ်တွင် နိုင်ငံတကာ အဖွဲ့အစည်းများမှ အကြီးစားစွမ်းအင် ထုတ်လုပ်မှုစီမံကိန်းကို ရည်ရွယ်သည့် မဟာဗျူဟာမြောက် လေ့လာဆန်းစစ်ရေးအဖွဲ့အား KPCC က အပြင်းအထန်ကန့်ကွက်ကြောင်း လက်ရှိသဘာဝပတ်ဝန်းကျင်ဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ ဆန်းစစ်လေ့လာမှုလုပ်ငန်းကို နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဗဟိုအစိုးရတို့မှ တဖက်သတ်လုပ်ဆောင်နေခြင်းသည် လွဲမှားနေသော လုပ်ရပ်ဖြစ်သည် ဟု ၎င်းတို့၏ ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

ထို့အပြင် ထုတ်ပြန်ချက်ထဲ၌ စစ်မြေတလင်းတွင် အကြီးစားစီမံကိန်းကို ထောက်ပံ့မည့်အစား စစ်ပြေးဒုက္ခသည် IDPs များကို ကူညီခြင်းနှင့် နိုင်ငံရေး ဆွေးနွေးပွဲများဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းခြင်းကို ဦးစားပေး ဆောင်ရွက်ရန် တိုက်တွန်းသည် ဟု ထည့်သွင်းထားသည်။

ယနေ့ပြုလုပ်သည့် အစည်းအဝေးတွင် IFC-World Bank အပြင် Australian Aid၊  ပြည်ထောင်စုသဘာဝပတ်ဝန်းကျင် လေ့လာရေးအဖွဲ့ နှင့် IEM (International Environment Management) အဖွဲ့တို့ ပါဝင်သည်ဟု KDNG က ပြောသည်။

ပြည်ထောင်စုစီမံကိန်းဖြစ်သည့် စွမ်းအင်ပေါ်လစီ စီမံကိန်းအောက်က သုတေသနအဖွဲ့၏ အစီရင်ခံတင်ပြခြင်း အစည်းအဝေး ပြုလုပ်မည်ကို ဒေသခံများအနေဖြင့် သိရှိချိန်နောက်ကျခြင်း၊ ဆန္ဒထုတ်ဖော်ရန် စာတင်ထားခြင်းမရှိသောကြောင့် ဥပဒေအကြောင်းအရ မညီညွှတ်သည့်အတွက် သက်ဆိုင်ရာက တားဆီးပိတ်ပင်မှုများရှိခဲ့သည်ဟု ကိုစတီဗင်နော်အောင် က ပြောသည်။

လမ်းမပေါ်တွင် ဗီနိုင်းများ၊ ပိုစတာများ ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခွင့် မရရှိခဲ့သော်လည်း နောက်ဆုံး၌ ၎င်းတို့၏ သဘောထားများကို အစည်းအဝေး ကျင်းပသူများ၏ရှေ့တွင် ထုတ်ဖော်ခွင့်ရရှိခဲ့သည်ဟု ကိုစတီဗင်နော်အောင် က ဆက်ပြောသည်။

“နောက်ဆုံးကျတော့ Palm Spring Hotel အထဲမှာ လုပ်တဲ့ ဦးစီးဦးဆောင်တွေရဲ့ ထုတ်ပြန်ကြေငြာချက်တွေ နိုင်ငံရေးပါတီတွေ တစ်ခြားတွေ ထုတ်ပြန်တဲ့ဟာတွေ ကျနော်တို့ရဲ့ ကချင်ပြည်နယ်ရဲ့ သဘောထားဆန္ဒက ဒီလိုဖြစ်တယ်ဆိုတဲ့ ဖော်ထုတ်ခွင့်တော့ ရရှိခဲ့တာပေါ့နော။ လူတွေတော့ ဝိုင်းအုံလာတဲ့ အဆင့်နဲ့ အထဲမှာ ကျနော်တို့ ဘာလိုချင်တယ်ဆိုတာ ပြောပြတဲ့အဆင့်ထိ ဒီလောက်ထိရတာပေါ့။ ဒါပေမယ့် ထွက်ခိုင်းချင်တဲ့ အသံတွေကထွက်ဖြစ်အောင်တော့ လုပ်ဖြစ်တာပေါ့နော။”

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ Plam Spring Hotel တွင် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဇန္နဝါရီလ ၃၁ ရက်နေ့က ကမ္ဘာ့ဘဏ်၏ ဌာနခွဲဖြစ်သည့် နိုင်ငံတကာ ငွေကြေးကော်ပိုရေးရှင်း (IFC) မှ ဦးဆောင်ကျင်းပသည့် ရေကာတာတည်ဆောက်ရေး အလုပ်ရုံဆွေးနွေးပွဲ ကို ဒေသခံများက ကန့်ကွက်ကြောင်း ဆန္နထုတ်ဖော် ခဲ့သေးသည်။